၅ ဖေဖော်ဝါရီ ၂၀၂၀ - ၂၀:၂၇
ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ နောက်ထပ် ၆ ဦးတွေ့ရှိ

ထိုင်းနိုင်ငံမှာ ပြင်းထန်အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ နောက်ထပ် ၆ ဦး တွေ့ရှိတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၄ ရက်က ထုတ်ပြန်ကြေညာပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊အဗ်နာ

 

ထိုင်းနိုင်ငံမှာ ပြင်းထန်အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ နောက်ထပ် ၆ ဦး တွေ့ရှိတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၄ ရက်က  ထုတ်ပြန်ကြေညာပါတယ်။

အဆိုပါ ၆ ဦးမှာ ထိုင်းလူမျိုး ၄ ဦး နဲ့ တရုတ်နိုင်ငံသား ၂ ဦးတို့ ဖြစ်ကြောင်း၊ ထိုင်း ၄ ဦးထဲက ၂ ဦးမှာ တရုတ်ခရီးသွားတွေနဲ့အတူ ဘတ်စ်ကားတစီးတည်း အတူစီးခဲ့သူတွေ၊  နောက် ၂ ဦးမှာ ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်ခဲ့တဲ့ ဇနီးမောင်နှံနဲ့ နောက်ထပ် ၂ ဦးမှာ တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွားတွေ ဖြစ်တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရောဂါထိန်းချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဆုဝမ်နချိုင်းက ယမန်နေ့သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

အဆိုပါ လူနာ ၆ ဦးအနက် ၅ ဦးမှာ ကုသမှုအခြေအနေ တိုးတက်ကောင်းမွန်ကြောင်း၊ နည်းနည်း ထပ်စောင့်ကြည့်လို့ အခြေအနေကောင်းရင် ဆေးရုံက ဆင်းရမှာဖြစ်ကြောင်း၊ ကျန်တဲ့ ၁ ဦးမှာတော့ နဂိုက တီဘီရောဂါအခံပါရှိပြီး ကိုရိုနာဗိုင်းရပ်စ် ထပ်ကူးခံရလို့ အသက်ရှူစက်ပါ တပ်ဆင်ထားရတယ်လို့ ဒေါက်တာဆုဝမ်နချိုင်းက ဆက်ပြောပါတယ်။

အခုလို ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၆ ဦး တွေ့တဲ့အတွက် ထိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၂၅ ဦးရှိသွားပြီဖြစ်ပြီး ၈ ဦးမှာ သက်သာလို့ ဆေးရုံက ဆင်းသွားပြီဖြစ်ကာ လောလောဆယ် ဆေးကုသမှုခံယူနေသူ ၁၇ ဦး ကျန်ရှိပါတယ်။

ထိုင်းနိုင်ငံမှာ ကိုရိုနာကူးစက်ပြန့်ပွားမှု ကာကွယ်ရေးကို အရှိန်မြှင့်ဆောင်ရွက်နေရာမှာ နိုင်ငံတကာလေဆိပ်မှ ဝင်လာပြီး သံသယရှိသူအဖြစ် စောင့်ကြည့်ခံရသူ ၄၃ ဦးရှိကြောင်း၊ မိမိဘာသာမိမိ သံသယရှိလို့ ဆေးရုံမှာ လာရောက်အစစ်ဆေးခံသူ ၄၄၉ ဦး၊ သံသယမရှိလို့ အိမ်ပြန်လွှတ်လိုက်သူ ၁၁၉ ဦးရှိပြီး ပုဂ္ဂလိကနဲ့ အစိုးရဆေးရုံတွေမှာ လက်ခံထားသူ ၃၇၃ ဦး၊ သံသယရှိအဖြစ် စောင့်ကြည့်ခံရသူ စုစုပေါင်း ၄၉၂ ဦး ရှိတယ်လို့ ထိုင်းရတ်သတင်းက စုစည်းတင်ပြထားပါတယ်။

...........

END / 251