၂၅ မေ ၂၀၂၀ - ၁၉:၀၇
ဟဂ်ျဘုရားဖူးခရီးစဉ်အတွက် တိတိကျကျ ထုတ်ပြန်ပေးရန် ဆော်ဒီကို အင်ဒိုနီးရှား တိုက်တွန်း

အခုနှစ် ဟဂ်ျဘုရားဖူးခရီးစဉ်ကို ခွင့်ပြုမလား၊ ခွင့်မပြုဘူးလားဆိုတာနဲ့ပတ်သက်ပြီး တိတိကျကျ ထုတ်ပြန်ပေးဖို့ ဆော်ဒီအာရေဗျကို အင်ဒိုနီးရှားက တိုက်တွန်းလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အခုနှစ် ဟဂ်ျဘုရားဖူးခရီးစဉ်ကို ခွင့်ပြုမလား၊ ခွင့်မပြုဘူးလားဆိုတာနဲ့ပတ်သက်ပြီး တိတိကျကျ ထုတ်ပြန်ပေးဖို့ ဆော်ဒီအာရေဗျကို အင်ဒိုနီးရှားက တိုက်တွန်းလိုက်ပါတယ်။

ဟဂ်ျဘုရားဖူးခရီးစဉ်ဟာ ငွေကြေးတတ်နိုင်ပြီး၊ ကျန်းမာရေးကောင်းမွန်တဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်း တစ်သက်မှာ တစ်ကြိမ် မလုပ်မနေရ တာဝန်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဟဂ်ျကာလအတွင်း ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင် ၂.၅ သန်းလောက် ဆော်ဒီအာရေဗျကို သွားရောက်ခဲ့ပါတယ်။

အခုနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့နေမှုအတွက် အွမ္မရာဟ်ဘုရားဖူး အစီအစဉ်ကို ဆော်ဒီအစိုးရက မတ်လမှာ ဖျက်သိမ်းခဲ့ပြီး၊ ဟဂ်ျခရီးစဉ် လာရောက်ဖို့ စီစဉ်နေမှုကို ခေတ္တ ဆိုင်းငံ့ပေးထားဖို့လည်း ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေကို တိုက်တွန်းခဲ့ပါတယ်။

အခုနှစ်ဟဂ်ျဘုရားဖူးကာလဟာ ဇူလိုင်လအကုန်မှာ ကျရောက်မှာဖြစ်ပြီး ခွင့်ပြုမှာလား၊ ခွင့်မပြုဘူးလားဆိုတာကို ဆော်ဒီအစိုးရက မထုတ်ပြန်သေးပါဘူး။

အင်ဒိုနီးရှား သာသနာရေးဝန်ကြီးဌာနက ရမ်ဇန်ဥပုသ်လမကုန်ခင် ဒီကိစ္စအတွက် ဆုံးဖြတ်ချက် ထုတ်ပြန်ပေးဖို့ ဆော်ဒီအာရေဗျကို တိုက်တွန်းခဲ့ပါတယ်။

“ဟဂ်ျကို ခွင့်ပြုမှာလား၊ ရပ်ဆိုင်းမှာလားဆိုတဲ့ တရားဝင်ဆုံးဖြတ်ချက်မျိုး မကြာမီ ထုတ်ပြန်ပေးဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အိုမန် ဖာသူရဟ်မန်က ပြောပါတယ်။

အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ အစ္စလာမ်ဘာသာဝင်အများဆုံးရှိတဲ့ တိုင်းပြည်ဖြစ်ပြီး ယခုနှစ် ဟဂ်ျခရီးစဉ်သွားရောက်ဖို့အတွက် လူပေါင်း ၂၃၁၀၀၀ လောက် စာရင်းပေးထားပါတယ်။

ဖာသူရဟ်မန်က ဟဂ်ျခရီးစဉ် ဝန်ဆောင်မှုအတွက် အင်ဒိုနီးရှားက ဆော်ဒီကို ငွေကြိုပေးထားတာမျိုး မရှိဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

#########################################

END / 251