အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကိုရိုနာရောဂါ ထပ်မံ မပြန့်ပွားရေးအတွက် အခုနှစ် ဟဂ်ျကာလမှာ ကမ္ဘာတစ်ဝှမ်းက ဘုရားဖူးခရီးသည် အရေအတွက်ကို သိသိသာသာလျှော့ချဖို့ ဆော်ဒီအစိုးရက စဉ်းစားနေတယ်လို့ နီးစပ်သူတွေက တနင်္လာနေ့မှာ Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ကျန်မာရေးကောင်းမွန်ပြီး ငွေကြေးတတ်နိုင်တဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတွေအတွက် တစ်သက်မှာတစ်ကြိမ် ဟဂ်ျဘုရားဖူးသွားဖို့ ဟာ မလုပ်မနေရ ဘာသာရေးတာဝန်တစ်ခု ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဟဂ်ျကာလအတွင်း ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင် ၂.၅ သန်းလောက် ဆော်ဒီအာရဗျကို လာရောက်ခဲ့ကြပါတယ်။ အခုနှစ်မှာတော့ Covid-19 ပြန့်နှံ့နေတာကြောင့် ဟဂ်ျဘုရားဖူးခရီး လာရောက်ဖို့ စီစဉ်ထားမှုကို ခေတ္တရပ်ဆိုင်းထားကြဖို့ ဆော်ဒီအာဏာပိုင်တွေက မတ်လမှာ အစ္စလာမ်ဘာသာဝင်တွေကို ဆော်ဩထားပါတယ်။
ဇူလိုင်လမှာ ကျရောက်မယ့် ဟဂ်ျကာလမှာ ဘုရားဖူးခရီးသည်တွေ ဝင်ရောက်ခွင့်ပြုမလား၊ မပြုဘူးလားဆိုတာကို ဆော်ဒီက တိတိကျကျထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ဆော်ဒီက ဒီကိစ္စနဲ့နီးစပ်တဲ့ ရင်းမြစ်နှစ်ခုကတော့ နိုင်ငံတစ်နိုင်ငံချင်းစီ မူလကသတ်မှတ်ထားတဲ့ ဟဂ်ျဘုရားဖူးခရီးသည် ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကိုသာ လာခွင့်ပြုဖို့ စဉ်စားနေတယ်လို့ ပြောကြားခဲ့ပါတယ်။
သက်ကြီးရွယ်အိုတွေကို လာခွင့်မပြုတာ၊ လာခွင့်ပြုတဲ့သူတွေကိုလည်း ကျန်းမာရေး တင်းတင်းကြပ်ကြပ်စစ်ဆေးတာလို ကန့်သတ်မှုတွေလည်း လုပ်ဆောင်ဖို့ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် တစ်ချို့ ဆော်ဒီအာဏာပိုင်တွေက ဟဂ်ျခရီးစဉ်ကို လုံးဝ ဖျက်သိမ်းဖို့ ဆန္ဒရှိနေကြတယ်လို့ အဲဒီရင်းမြစ်တွေက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ ဟဂ်ျရဲ့ အဓိကနေရာဖြစ်တဲ့ မက္ကာမြို့ကို ဆော်ဒီအာဏာပိုင်တွေက တံခါးပိတ်ထားပါတယ်။
ဆော်ဒီဟဂ်ျနဲ့ အွမ္မရာဝန်ကြီးဌာနကတော့ ဒီသတင်းအတွက် မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
###########################################
END/ 251