အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံ ၁၃၂ နိုင်ငံမှ အဆင်းရဲဆုံးပြည်သူ ၂.၃ ဘီလျံအား နေအိမ်ထဲတွင်သာ နေစေပြီး ယာယီအခြေခံလစာ ဖန်တီးပေးပါက ရောဂါကူးစက်ပျံ့နှံ့မှုအား ဟန့်တားနိုင်ရေးကို အထောက်အကူဖြစ်စေနိုင်ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP က ဇူလိုင် ၂၃ တွင် ထုတ်ပြန်ခဲ့သောအစီရင်ခံစာ၌ အကြံပြုခဲ့သည်။
လက်ရှိ ပျမ်းမျှလစာများအားဖြည့်ပေးခြင်း၊ နိုင်ငံတစ်ဝန်း နေထိုင်သော မတူညီသည့် လူလတ်တန်းစားများနှင့် ဆက်နွှယ်၍ တစ်လုံးတစ်ခဲတည်း လွှဲပေးခြင်း သို့မဟုတ် နိုင်ငံတစ်နိုင်ငံတွင် မည်သည့်နေရာတွင် နေထိုင်သူဖြစ်စေ အညီအမျှ ပမာဏကို လွှဲပေးခြင်းစသည့် ရွေးချယ်စရာနည်းလမ်းသုံးခုကို ထိုအစီရင်ခံစာတွင် အကြံပြုခဲ့သည်။
မကြုံစဖူး ကာလများကို ကြုံနေရခြင်းကြောင့် လူမှုနှင့် စီးပွားရေးဆိုင်ရာ မကြုံစဖူး အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တောင်းဆိုနေကြောင်း၊ ကမ္ဘာ့အဆင်းရဲဆုံးပြည်သူများအတွက် ယာယီအခြေခံဝင်ငွေ ဖန်တီးပေးမှုသည် ရွေးချယ်စရာတစ်ခုအဖြစ် ထွက်ပေါ်လာကြောင်း UNDP စီမံအုပ်ချုပ်သူ အာချင်စတိန်းနာက ပြောကြားခဲ့သည်။ အရေးပေါ်ကယ်ဆယ်မှုနှင့် ပြန်လည်ထူထောင်ရေးအစီအစဉ်များသည် ဈေးကွက်ကြီးများနှင့် လုပ်ငန်းကြီးများကိုသာ အာရုံစိုက်ထား၍မရကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုကပ်ရောဂါအပြင် ယင်းနှင့်ဆက်နွှယ်နေသော ကမ္ဘာ့စီးပွားရေးကျကပ်ကြောင့် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာတစ်ဝန်း ဆင်းရဲမွဲတေမှုကို မြင့်တက်စေနိုင်ပြီး လူ ၂၆၅ သန်းသည် ငတ်မွတ်မှုဘေး ကြုံရစေနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးခဲ့သည်။
ဂျီ ၂၀ က ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ၏ ကြွေးမြီပေးဆပ်မှုအား ယခုနှစ်ကုန်အထိ ဆိုင်းငံ့ပေးရန် ဧပြီတွင် သဘောတူခဲ့သည်။ သို့သော် ဖွံ့ဖြိုးဆဲနှင့် ဝင်ငွေအလယ်အလတ် အဆင့်နိုင်ငံအားလုံးကို ကြွေးမြီသက်သာခွင့်ပေးရန် ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ် က တိုက်တွန်းခဲ့သည်။