၁၂ စက်တင်ဘာ ၂၀၂၀ - ၁၉:၀၇
ရိုဟင်ဂျာ  တွေကိုမြင်သမျှသတ်” လို့အမိန့်ပေး  စေခိုင်းခံခဲ့ရတဲ့ တပ်မတော် သားနှစ်ဦးရဲ့  ပထမဆုံး သက်သေခံ ထွက်ဆိုချက်

လူမျိုးတုံးသတ်ဖြတ်ရည်ရွယ်မှုကမ်းပိန်းမှာ လူနည်းစုလူမျိုးစုကို အမြစ်ပြတ်သုတ်သင်ဖို့ မြန်မာစစ်တပ်ရဲ့ကြိုးပမ်းမှုတွေနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ရှိနေတဲ့ စွပ်စွဲချက်တွေကို မြန်မာစစ်သားနှစ်ဦးက ဗီဒီယိုနဲ့သက်သေခံ ထွက်ဆိုခဲ့ပါတယ်။

      

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

                                                                                       

လူမျိုးတုံးသတ်ဖြတ်ရည်ရွယ်မှုကမ်းပိန်းမှာ လူနည်းစုလူမျိုးစုကို အမြစ်ပြတ်သုတ်သင်ဖို့ မြန်မာစစ်တပ်ရဲ့ကြိုးပမ်းမှုတွေနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ရှိနေတဲ့ စွပ်စွဲချက်တွေကို မြန်မာစစ်သားနှစ်ဦးက ဗီဒီယိုနဲ့သက်သေခံ ထွက်ဆိုခဲ့ပါတယ်။


မြန်မာစစ်သားနှစ်ဦးဟာ သုတ်သင်မှုတွေ အစုလိုက်အပြုံလိုက်မြုပ်နှံမှုတွေ ရွာတွေကိုဖျက်ဆီးမှုတွေနဲ့ အဓ္ဓမပြုကျင့်မှုတွေ စတဲ့သူတို့ရဲ့ရာဇ၀တ်မှုတွေကို ၀န်ခံပြောကြားလိုက်ပါတယ်။ ၂၀၁၇ခုနှစ် သြဂုတ်လမှာ သူတို့ရဲ့အထက်အရာရှိဆီကနေ ရှင်းလင်းတဲ့အမိန့်ရရှိခဲ့တယ်လို့ တပ်သားမျိုးဝင်းထွန်းက ထွက်ဆိုချက်ဗီဒီယိုထဲမှာ ပြောကြားခဲ့ပါတယ်။ အဲဒီအမိန့်ကတော့ “မင်းတို့မြင်သမျှအကုန်ပစ်သတ်ကြားလား” ဆိုတာပဲဖြစ်ပါတယ်။


ဒီအမိန့်ကိုသူလည်းလိုက်နာခဲ့ပြီး ရိုဟင်ဂျာမွတ်စလင်အယောက်၃၀ကိုအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုမှာပါဝင်ခဲ့ပါတယ်။ ပြီးတော့သူတို့ကို စစ်စခန်းတစ်ခုနဲ့ ဖုန်းတာဝါတိုင်တစ်ခုအနီးမှာ အစုလိုက်အပြုံလိုက်မြုပ်နှံ့ခဲ့ပါတယ်။ အဲဒီတစ်ချိန်တည်းမှာပဲ အိမ်နီးချင်းမြို့လေးမှာ တပ်သားဇော်နိုင်ထွန်းက သူနဲ့နောက်တပ်ရင်းတစ်ခုက တပ်ဖွဲ့ဝင်တွေဟာ သူတို့အထက်အကြီးအကဲရဲ့တိုက်ရိုက်ညွှန်ကြားချက်ကို လိုက်နာခဲ့ကြပါတယ်။ အဲဒီအမိန့်ကတော့ “မင်းတို့မြင်သမျှသတ်ပစ် ကလေးဖြစ်ဖြစ်လူကြီးဖြစ်ဖြစ်သတ်ပစ်” ဆိုတာပဲဖြစ်ပါတယ်။


“ရွာ၂၀လောက်ကိုကျွန်တော်တို့ရှင်းလင်းပစ်ခဲ့ပါတယ်” လို့တပ်သားဇော်နိုင်ထွန်းကပြောပါတယ်။ စုပုံနေတဲ့အလောင်းတွေကို အစုလိုက်အပြုံလိုက်မြုပ်နှံ့ခဲ့ရတယ်လို့ သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။ စစ်သားနှစ်ဦးရဲ့သက်သေခံထွက်ဆိုမှုဟာ မြန်မာစစ်တပ်ရဲ့ တပ်မတော်အဖွဲ့ဝင်တွေထဲမှာ ပထမဆုံးအကြိမ်ထွက်ဆိုမှုလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကမြန်မာနိုင်ငံကနေထွက်ပြေးလာခဲ့တဲ့ ဒီအမျိုးသားနှစ်ဦးကို ရိုဟင်ဂျာတွေအပေါ်ကြီးမားတဲ့ရာဇ၀တ်ကျူးလွန်မှုတွေရှိမရှိ တပ်မတော်ခေါင်းဆောင်ပိုင်းတွေကို အမှုဖွင့်စုံစမ်းစစ်ဆေးနေတဲ့ နိုင်ငံတကာရာဇ၀တ်ခုံရုံး(ICC) ရှိရာ သည်ဟေးဂ် (The Hague) တနင်္လာနေ့ကပို့ဆောင်ပေးခဲ့ပါတယ်။


ဒီစစ်သားနှစ်ဦးကသက်သေခံထွက်ဆိုခဲ့တဲ့ရက်စက်မှုတွေဟာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့ တစ်သန်းကျော်သောရိုဟင်ဂျာဒုက္ခသည်တွေဆီကနေ ရရှိထားတဲ့ ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုသက်သေအချက်အလက်တွေကို ထပ်လောင်းသက်သေခံလိုက်တာပဲဖြစ်ပါတယ်။ခြားနားချက်ကတော့ ဒီထွက်ဆိုချက်တွေဟာ ကျူးလွန်ခံရသူတွေဆီကမဟုတ်ပဲ ကျူးလွန်သူတွေဆီ     ကရရှိလာတာပဲဖြစ်ပါတယ်။ ဒါဟာရိုဟင်ဂျာတွေနဲ့ တရားမျှတမှုရရှိရေးရုန်းကန်နေရတဲ့ မြန်မာလူထုအတွက် အလွန်ကြီးမားတဲ့အခိုက်အတန့်ပဲဖြစ်ပါတယ် လို့ Fortify Rights အဖွဲ့ရဲ့ တာဝန်ခံအကြီးအကဲ မက်သရူးစမစ်က ပြောကြားခဲ့ပါတယ်။ “ဒီလူတွေဟာ ICC မှာတင်ခံရမဲ့ ပထမဆုံးသောမြန်မာကကျူးလွန် သူတွေဖြစ်နိုင်ပါ တယ်။ ပြီးတော့သူတို့ဟာ တရားရုံးထိန်းသိမ်းမှုအောက် ပထမဆုံးအတွင်းလူမျက်မြင်သက်သေတွေပဲဖြစ်ပါတယ်။” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။


ဒီစစ်သားနှစ်ဦးဟာသူတို့ဝန်ခံထွက်ဆိုခဲ့တဲ့ ရာဇ၀တ်မှုတွေကျူးလွန်ခဲ့မှုရှိမရှိ နယူးယောက်တိုင်းမ်က လွတ်လပ်စွာအတည်မပြုနိုင်ပေမယ့် သူတို့ရဲ့ပြောကြားချက်အသေးစိတ်ဟာ ရိုဟင်ဂျာဒုက္ခသည်တွေ ရခိုင်ဒေသခံတွေ တပ်မတော်စစ်သားတွေနဲ့ ပြည်တွင်းနိုင်ငံရေးသမားတွေအပါအ၀င် ဒါဇင်နဲ့ချီတဲ့မျက်မြင်သက်သေတွေနဲ့ သုံးသပ်လေ့လာသူတွေရဲ့ ဖော်ပြချက်တွေနဲ့ကိုက်ညီမှုရှိနေပါတယ်။ ရွာသားတစ်ချို့လွတ်လပ်စွာအတည်ပြုထားတဲ့ စစ်သားတွေသက်သေထွက်ဆိုခဲ့တဲ့ ဒီအစုလိုက်အပြုံလိုက်မြုပ်နှံမှုနေရာတွေနဲ့ပတ်သက်တဲ့သက်သေကို နိုင်ငံတကာရာဇ၀တ်ခုံရုံး(ICC) မှာစုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ မြန်မာအစိုးရကတော့ ဒေသတွင်းမှာဒီလိုနေရာတွေမရှိကြောင်း အကြိမ်ကြိမ်ငြင်းဆိုခဲ့ပါတယ်။


ကျူးလွန်ခဲ့တဲ့ရာဇ၀တ်မှုတွေအကြောင်း စစ်သားတွေပြန်လည်ပြောကြားချက်အရ သူတို့တွေဟာ သူတို့ရဲ့ခြေလျင်တပ်ဖွဲ့တွေနဲ့ တစ်ခြားလုံခြုံရေးတပ်ဖွဲ့တွေနဲ့အတူ ကျူးလွန်ခဲ့တာဖြစ်ပြီး အရပ်သား၁၅၀သေဆုံးခဲ့ရသလို ရွာပေါင်းဒါဇင်နဲ့ချီဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ် ဒါဟာရိုဟင်ဂျာတွေအပေါ် မြန်မာရဲ့ကာလရှည်ကြာစစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းပဲဖြစ်ပါတယ်။ သူတို့တွေဟာ လူနည်းစုလူမျိုးစုတစ်စုကို ရွေးချယ်ပြီးသုတ်သင်တဲ့စစ်ဆေးရေးမှာပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ၂၀၁၇ခုနှစ်မှာ အထွတ်အထိပ်ဖြစ်ခဲ့တဲ့ ရိုဟင်ဂျာတွေအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်ရပ်ဟာ ကမ္ဘာပေါ်မှာဒုက္ခသည်အများဆုံးအမြန်ဆုံးတိုးလာခဲ့တဲ့ဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။ ရက်သတ္တပတ်အတွင်း နိုင်ငံမဲ့လူဦးရေတစ်သန်းရဲ့ သုံးပုံတစ်ပုံခန့်ဟာ လုံခြုံရေးတပ်ဖွဲ့တွေကသူတို့ရဲ့ကျေးရွာတွေကို ရိုင်ဖယ်တွေနဲ့ပစ် မီးဓာတ်ဆီပုလင်းတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံအနောက်ပိုင်းရခိုင်ပြည်နယ်က သူတို့နေအိမ်တွေကနေ ရှင်းလင်းမောင်းထုတ်ခံခဲ့ရပါတယ်။


အသက်အရွယ်ကြီးသူအမျိုးသားတွေခေါင်းဖြတ်သတ်ခံခဲ့ရပြီး မိန်းကလေးငယ်တွေအဓ္ဓမပြုကျင့်ခံခဲ့ရပါတယ်။ သူတို့ရဲ့ခေါင်းဆောင်းပ၀ါတွေကိုစုတ်ဖြဲပြီး မျက်လုံးစည်းတွေအဖြစ်အသုံးပြုခံခဲ့ရတယ်လို့ မျက်မြင်သက်သေတွေနဲ့ အသက်ရှင်လွတ်မြောက်ခဲ့သူတွေက ပြောကြားခဲ့ပါတယ်။ ၂၀၁၇ခုနှစ် သြဂုတ်လနှောင်းပိုင်းကနေ စက်တင်ဘာနှောင်းပိုင်းထိ ကလေးငယ် ၇၃၀ အပါအ၀င် ရိုဟင်ဂျာ ၆၇၀၀ ထက်မနည်း သတ်ဖြတ်အကြမ်းဖက်မှုတွေခံစားခဲ့ရတယ်လို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့က ခန့်မှန်းထားပါတယ်။ ၂၀၁၇ခုနှစ်ကနေ ၂၀၁၉ခုနှစ်အတွင်း ရိုဟင်ဂျာအခြေချနေထိုင်တဲ့ကျေးရွာ၂၀၀နီးပါး ဖျက်ဆီးဖြိုချခံခဲ့ရတယ်လို့ ကုလသမဂ္ဂကပြောကြားထားပါတယ်။


ပြီးခဲ့တဲ့နှစ်ကထုတ်ဝေခဲ့တဲ့အစီရင်ခံစာထဲမှာ ကုလလူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့က လူမျိုးတုံးသတ်ဖြတ်ရည်ရွယ်မှုလုပ်ရပ်တွေဟာ ဖြစ်ပွားနိုင်ချေနဲ့ ထပ်တလဲလဲပြန်ပေါ်နိုင်ခြေရှိပြီး မြန်မာဟာ လူမျိုးတုံးသတ်ဖြတ်မှုကိုစုံစမ်းစစ်ဆေးဖို့နဲ့ တားဆီးကာကွယ်သွားဖို့ တာဝန်တွေကိုပျက်ကွက်နေသလို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သူတွေကိုအရေးယူဖို့နဲ့ ရာဇ၀တ်မှုတွေကိုထိရောက်တဲ့ဥပဒေရေးရအရေးယူမှုတွေ လုပ်ဆောင်ဖို့ပျက်ကွက်နေကြောင်း ပြောကြားခဲ့ပါတယ်။


ရိုဟင်ဂျာတွေအပေါ်ဖိနှိပ်ရေးကမ်းပိန်းတွေစီစဉ်မှုတွေမရှိကြောင်း မြန်မာအစိုးရကငြင်းဆန်ထားပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာတုန်းက နိုင်ငံရဲ့အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သည်ဟေးဂ်(The Hague)က နိုင်ငံတကာတရားရေးခုံရုံး(ICJ) မှာ စွဲချက်တင်ထားတဲ့လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်တွေကို ကာကွယ်ပြောကြားခဲ့ပါတယ်။  တပ်မတော်သားအနည်းငယ်သာ ထောင်ဒဏ်နှစ်တိုလောက်နဲ့ အရေးယူခံခဲ့ရပြီး စစ်တပ်ကတော့ ရွာနှစ်ရွာလောက်မှာ မှားယွင်းမှုတစ်ချို့ရှိခဲ့ကြောင်း ပြောကြားထားပါတယ်။ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဇာတိဖြစ်ပေမယ့်လည်း မြန်မာအစိုးရကတော့ သူတို့ကိုနိုင်ငံခြားက၀င်ရောက်လာသူတွေအဖြစ်သာ ယူဆထားပါတယ်။ ရိုဟင်ဂျာတွေဟာ နိုင်ငံတကာရဲ့စာနာမှုတွေရရှိဖို့ကိုယ့်အိမ်ကိုယ်မီးရှို့ခဲ့တာဖြစ်ကြောင်း မြန်မာတာဝန်ရှိသူတွေက ပြောကြားထားပါတယ်။


ဒီစစ်သားနှစ်ဦးရဲ့ထွက်ဆိုချက်တွေဟာ တာဝန်ရှိသူတွေရဲ့ပြောကြားချက်ကိုတစ်စစီဖြစ်သွားစေပါတယ်။ နိုင်ငံတကာရာဇ၀တ်ခုံရုံး(ICC) ရဲ့ထိန်းသိမ်းမှုအောက်မှာရှိတဲ့ အဖမ်းခံရခြင်းမရှိတဲ့ ဒီစစ်သားနှစ်ဦးဘာဆက်ဖြစ်မလဲဆိုတာ ရှင်းလင်းမှုတော့မရှိသေးပါဘူး။ သူတို့တွေဟာ မျက်မြင်သက်သေကာကွယ်မှုအောက်မှာထားရှိခံရပြီး တရားရုံးကြားနာမှုတွေမှာသက်သေထွက်ဆိုပေးနိုင်ပါတယ်။ သူတို့တွေစွဲချက်တင်ခံရနိုင်ပါတယ်။ ဒီလက်ရှိဖြစ်ပွားနေတဲ့အမှုကိစ္စနဲ့ပတ်သက်ပြီး တရားရုံးရှေ့နေက လူသိရှင်ကြားမှတ်ချက်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။


ပုံမှန်အားဖြင့် နိုင်ငံတကာရာဇ၀တ်ခုံရုံး(ICC)က လူမျိုးတုံးသတ်ဖြတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်အပေါ်ရာဇ၀တ်ကျူးလွန်မှုတွေလို ဆိုးရွားတဲ့စော်ကားမှုတွေနဲ့စွပ်စွဲခံရတဲ့ ရာထူးမြင့်မားတဲ့ပုဂ္ဂိုလ်တွေကိုသာ စွဲချက်တင်တရားစွဲဆိုမှုတွေလုပ်ဆောင်တာဖြစ်ပါတယ်။ မြန်မာကို ICC မှာစွဲချက်တင်ထားတဲ့ ဘင်္ဂလားဒေ့ရှ်ကိုယ်စားပြု ကနေဒါရှေ့နေ ပါယမ်အခ်ဗန်က ဒီစစ်သားနှစ်ဦးမည်သူမည်ဝါဆိုတဲ့အပေါ်မှာ မှတ်ချက်ပြုခြင်းမရှိပေမယ့် မြန်မာနိုင်ငံတွင်းမှာကျန်ရှိနေတဲ့ ရိုဟင်ဂျာ၆သိန်းအပေါ် နောက်ထပ်ရက်စက်မှုတွေမဖြစ်လာအောင်တားဆီးအရေးယူပေးဖို့ကိုသာ တောင်းဆိုခဲ့ပါတယ်။ “ပြစ်ဒဏ်ကင်းလွတ်ခွင့်ဟာ ရွေးချယ်ပိုင်ခွင့်တစ်ခုမဟုတ်ပါဘူး တရားမျှတမှုတစ်ချို့ရရှိတာဟာ လုံးဝတရားမျှတမှုမရှိတာထက်တော့ ပိုကောင်းပါသေးတယ်” လို့သူကပြောကြားခဲ့ပါတယ်။


မြန်မာဟာရိုဟင်ဂျာတွေကို အစုအဖွဲ့တစ်ခုသော်လည်းကောင်း တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း တစ်စုလုံးကိုသော်လည်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ အဓ္ဓမပြုကျင့်မှုတွေနဲ့ တစ်ခြားလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ကျေးရွာတွေကိုမီးရှို့ဖျက်ဆီးမှုတွေနဲ့ ဖျက်ဆီးဖို့ကြိုးစားနေတယ်လို့ စွပ်စွဲစွဲချက်တင်ခံထားရတဲ့ နိုင်ငံတကာတရားရေးခုံရုံး(ICJ) မှာ စစ်သားတွေရဲ့ထွက်ဆိုချက်တွေနဲ့ပတ်သက်ပြီး သီးခြားအမှုထပ်ဖြည့်သွားမှာဖြစ်ပါတယ်။ ဒီအမှုကိုပြီးခဲ့တဲ့နှစ်က အိုအိုင်စီနိုင်ငံ ၅၇နိုင်ငံအစား ဂမ်ဘီယာကစွဲချက်တင်ခဲ့တာဖြစ်ပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှုအတွက်မြန်မာကိုအရေးယူသွားဖို့ ကြိုးပမ်းအားထုတ်မှုတွေကို ဥပဒေအရအထောက်အပံ့ပေးသွားမယ်လို့ ပြီးခဲ့တဲ့အပတ်က နယ်သာလန်နဲ့ကနေဒါတို့က ပူးတွဲကြေငြာခဲ့သလို ဒီအရေးဟာလူသားမျိုးနွယ်အားလုံးစိုးရိမ်ပူပန်ရမဲ့အရေး ဖြစ်ကြောင်းပြောကြားခဲ့ကြပါတယ်။


၂၀၁၇ခုနှစ် သြဂုတ်မှာ ခြေမြန်တပ်မ ၃၅၃ နဲ့ တပ်မ၅၆၅တို့ဟာ ဘူးသီးတောင်နဲ့မောင်တောမြို့နယ်တွေမှာ ရှင်းလင်းရေးစစ်ဆေးရေးတွေလုပ်ဆောင်ခဲ့ကြပါတယ်။ ရိုဟင်ဂျာတွေကိုရှင်းလင်းပစ်ဖို့သူ့ကိုအမိန့်ပေးခဲ့တဲ့ အထက်အရာရှိတွေက ဗိုလ်မှူးသန်းထိုက် ဗိုလ်ကြီးထွန်းထွန်းနဲ့ တပ်ကြပ်အောင်ဆန်းဦးတို့ဖြစ်တယ်လို့ တပ်သားမျိုးဝင်းထွန်းကပြောကြားခဲ့ပါတယ်။ အလောင်းတွေအစုလိုက်အပြုံလိုက်မြုပ်နှံတဲ့နေရာမှာ ကူညီပေးခဲ့တယ်လို့ တပ်သားမျိုးဝင်းထွန်းပြောခဲ့တဲ့နေရာအနီး တောင်ဘဇာမြို့ပြင်ဘက် ခြေမြန်တပ်မ၅၅၂ စခန်းအနီးမှာ ဖုန်းတာဝါတိုင်တစ်ခုရှိပါတယ်။ အနီးတစ်ဝိုက်လူအများသိထားကြတဲ့ နယ်ခြားစောင့်စခန်းနှစ်ဒါဇင်ခန့်ရှိထားတဲ့ အဲဒီစခန်းဟာ ၂၀၁၇ခုနှစ် သြဂုတ်၂၅ရက်နေ့မှာ ရိုဟင်ျာသောင်းကျန်းသူတွေရဲ့တိုက်ခိုက်မှုခံခဲ့ရတာဖြစ်ပါတယ်။


တပ်မ၅၅၂စခန်းနဲ့ဘေးချင်းကပ် ကျေးရွာမှာနေထိုင်ခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက တပ်သားမျိုးဝင်းထွန်းကိုမှတ်မိကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီဧရိယာနားက အစုလိုက်အပြုံလိုက်မြုပ်နှံထားတဲ့နှစ်နေရာအသေးစိတ်ကို သူတို့ကဖော်ပြပြောဆိုခဲ့ပါတယ်။ အဲဒီဒေသတွင်းမှာရှိနေသေးတဲ့ ဒေသခံတွေကလည်း စစ်တပ်စခန်းအနီးမှာအစုလိုက်အပြုံလိုက် မြုပ်နှံထားတဲ့နေရာတွေကို သိကြောင်း ပြောကြားခဲ့ကြပါတယ်။ လက်ရှိဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတစ်ခုကို ရောက်နေတဲ့ ဘာရှာမီယာက သူ့ရဲ့ဖွားအေဟာ အိမ်နီးချင်းကျေးရွာ သင်္ဂနက်က တစ်ခြားလူ၁၆ဦးနဲ့အတူ အဲဒီစခန်းအနီးအစုလိုက်အပြုံလိုက်မြုပ်နှံခံရမှုထဲမှာ ပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။ “သူ့ကိုသတိရတဲ့အချိန်မှာငိုမိတယ် သူ့အတွက်သင့်လျော်တဲ့ဈာပနာမလုပ်ပေးနိုင်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်” လို့သူကဆိုပါတယ်။


တူးမြောင်းနံဘေးက တွင်းကြီးနှစ်ခုထဲစစ်သားတွေက အလောင်းတွေပစ်ထည့်ပြီးနောက် ဘူဒိုဇာနဲ့မြေဖို့ပစ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေကဆိုပါတယ်။ တပ်သားမျိုးဝင်းထွန်းက သူနဲ့တစ်ခြားသူတွေဟာ အမျိုးသမီး၈ဦး ကလေး၇ဦးနဲ့ အမျိုးသား၁၅ဦးကို တွင်းတစ်ခုထဲထည့်မြုပ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ သင်္ဂနက်ကျေးရွာဟာ မီးရှို့ခံရပြီးမြေပုံပေါ်ကနေရှင်းလင်းခံခဲ့ရပါတယ်။ ဒီကနေ့မှာတော့ တစ်ချိန်ကရိုဟင်ဂျာကျေးရွာရှိခဲ့တဲ့နေရာမှာ ရေလှောင်ကန်နှစ်ခုသာရှိပါတော့တယ်။ တောင်ဘဇာဝန်းကျင် ကျေးရွာတွေကိုသူတို့ဝင်ရောက်စီးနင်းမှုတွေမှာ တပ်သားမျိုးဝင်းထွန်း၃၃နှစ်က သူနဲ့သူ့တပ်ဖွဲ့ဝင်တွေ ရိုဟင်ဂျာဘယ်လောက်များများသတ်ခဲ့လဲဆိုတာ သေချာမမှတ်မိတော့ပါဘူး။ အယောက် ၆၀လား ၇၀လား ဒီထက်လည်းပိုနိုင်ပါတယ်။


“ကျွန်တော်တို့မြင်မြင်သမျှလူတိုင်းကိုပစ်သတ်ခဲ့တာပါ မွတ်စလင်အမျိုးသားတွေရဲ့ခေါင်းကိုတည့်ပစ်ပြီး တွင်းထဲကန်ချခဲ့တယ်”လို့ သူကဗီဒီယိုသက်သေထွက်ဆိုချက်ထဲမှာပြောကြားခဲ့ပါတယ်။ ဒါ့အပြင်အမျိုးသမီးတစ်ဦးကိုလည်း အဓ္ဓမပြုကျင့်ခဲ့ကြောင်း သူကဆက်လက်ထွက်ဆိုခဲ့ပါတယ်။ ဗုဒ္ဓဘာသာဘုန်းကြီးဟောင်းဖြစ်သူ တပ်သားဇော်နိုင်ထွန်းကလည်း သူနဲ့သူ့တပ်ရင်းကစစ်သားတွေက ရိုဟင်ဂျာ၈၀ခန့်ကို သတ်ဖြတ်ခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။ သူနဲ့တစ်ခြားတပ်ဖွဲ့ဝင်တွေဟာ ဒိုးတန်း၊ ဥာဏ်ချောင်း၊ ကြက်ရိုးပြင်၊ ဇင်ပိုင်ညာ နဲ့ ဦးရွှေကျားကျေးရွာတို့အပါအ၀င် မောင်တောမြို့က ကျေးရွာ၂၀ခန့်ကို သူ့တပ်မကတစ်ခြားသူတွေနဲ့အတူ ၀င်ရောက်စီးနင်းခဲ့တယ်လို့ သူကပြန်လည်ပြောပြပါတယ် ဒီကျေးရွာတွေထဲက တစ်ချို့မီးရှို့ရှင်းလင်းခံခဲ့ရပါတယ်။ တပ်မတော်တပ်မတွေဟာ သူ့မွေးရပ်မြေ ဇင်ပိုင်ညာကို ၂၀၁၇ခုနှစ် သြဂုတ်၂၆ရက်နေ့အစောပိုင်းမှာ ၀င်ရောက်လာခဲ့ကြောင်း ဘာရှီရ်အာမက်ကပြောကြားခဲ့ပါတယ်။ “သူတို့ရှေ့မှာတွေ့သမျှလူတိုင်းကိုပစ်သတ်ခဲ့တာ ကျွန်တော်တို့အိမ်တွေကိုလည်းမီးရှို့ခဲ့ပါတယ် ဘာမှကိုမကျန်တော့ဘူး” လို့သူကပြောပြခဲ့ပါတယ်။


အသက်ရှင်လွတ်မြောက်သူတွေရဲ့ထွက်ဆိုချက်အရ ဇင်ပိုင်ညာမှာ ဒေသခံ၃၀ကျော်အသတ်ခံခဲ့ရတယ်လို့ဆိုပါတယ်။ တပ်သားဇော်နိုင်ထွန်း ၃၀နှစ်ကသူနဲ့ တစ်ခြားတပ်ဖွဲ့ဝင်တွေက ဇင်ပိုင်ညာမှာ ရိုဟင်ဂျာ၇ဦးကိုပစ်သတ်ခဲ့တယ်လို့ဆိုပါတယ်။ ပြီးတော့လက်နက်မဲ့ အမျိုးသား၁၀ဦးကိုဖမ်းဆီးခဲ့ပြီး ကြိုးတွေနဲ့တုတ်သတ်ဖြတ်ပြီး ကျေးရွာမြောက်ပိုင်းကအစုလိုက်အပြုံလိုက်မြုပ်နှံထားတဲ့တွင်းထဲ ထည့်မြုပ်ပစ်ခဲ့တယ်လို့ ဗီဒီယိုထဲမှာ ထွက်ဆိုထားပါတယ်။ ၂၀၁၇ခုနှစ် သြဂုတ်လနှောင်းပိုင်း နေ့လည်လောက်မှာ ခြေမြန်တပ်မ ၃၅၃က စစ်သား၅ယောက်၆ယောက် ဥာဏ်ချောင်းကိုရောက်လာပြီး အဓ္ဓမပြုကျင့်ဖို့အမျိုးသမီး၅ဦးကိုဆွဲထုတ်ခဲ့တယ်လို့ အဲဒီရွာသိမ်လေးမှာနေထိုင်နေဆဲဒေသခံတစ်ဦးကဆိုပါတယ်။ နောက်တော့အမျိုးသမီးတွေရဲ့ခင်ပွန်းသည်တွေ အသတ်ခံခဲ့ရတယ်လို့ သူနဲ့တစ်ခြားဒေသခံတွေကပြောကြားခဲ့ပါတယ်။


တပ်သားဇော်နိုင်ထွန်းက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေတစ်ခုမှကျူးလွန်ခဲ့ခြင်းမရှိကြောင်းပြောပါတယ်။ အကြောင်းကသူ့အဆင့်ဟာအရမ်းနိမ့်တာကြောင့် ပါဝင်ခွင့်မရှိဘူးလို့ဆိုပါတယ်။ အဲဒီအစား တစ်ခြားသူတွေက ရိုဟင်ဂျာအမျိုးသမီးတွေကိုအဓ္ဓမပြုကျင့်ခဲ့တာကို စောင့်ကြည့်ခဲ့ရတယ်လို့ဆိုပါတယ်။ ဒီနှစ်အစောပိုင်းလောက်မှာ ဒီစစ်သားနှစ်ဦးဟာ တပ်မတော်နဲ့တိုက်ပွဲဖြစ်နေတဲ့ ရခိုင်လက်နက်ကိုင်းတပ်ဖွဲ့အေအေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ သူတို့ရဲ့ထွက်ဆိုချက်ဗီဒီယိုကို အေအေကမှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ တပ်မတော်ကနေစွန့်ခွာလာခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ကြပါတယ်။ တိုင်းရင်းသားလူမျိုးစုပဋိပက္ခဇုန်တွေမှာ တပ်ကနေစွန့်ခွာမှုဟာအထူးပြဿနာတစ်ရပ်ဖြစ်ကြောင်း စစ်ဘက်အတွင်းရေးပိုင်းကဆိုပါတယ်။ ခြေမြန်တပ်မ ၅၆၅ကနေ စစ်သား၆၀ခန့်စွန့်ခွာခဲ့ကြောင်း ယုံကြည်ရပါတယ်။


“ကျွန်တော်လူမျိုးရေးဖိနှိပ်ခွဲခြားခံခဲ့ရပါတယ်” လို့ရှမ်းနီလူမျိုးစုဝင် တပ်သားမျိုးဝင်းထွန်းကသူ့ရဲ့ထွက်ဆိုချက် ဗီဒီယိုထဲမှာပြောကြားထားပါတယ်။  သူ့အထက်အရာရှိ ဗိုလ်မှူးသန်းထိုက်က ရိုဟင်ဂျာတွေကိုမျိုးဖြုတ်ဖို့ တပ်မကိုဘယ်လိုညွှန်ကြားခဲ့လဲဆိုတာပြောကြားခဲ့ပါတယ်။ “အပြစ်မဲ့မွတ်စလင်အမျိုးသား အမျိုးသမီးနဲ့ ကလေးငယ်စုစုပေါင်း ၃၀ခန့်ကိုသတ်ဖြတ်ပြီး မြုပ်နှံမှုမှာကျွန်တော်ပါဝင်ခဲ့ပါတယ်” လို့ ခံစားချက်မဲ့စွာနဲ့ကင်မရာကိုကြည့်ပြီး သူကပြောကြားခဲ့ပါတယ်။


The New York Times သတင်းဌာနပါ Hannah Beech, Saw Nang နဲ့ Marlise Simons တို့ရေးသားသည့် “Kill All You See: In a First, Myanmar Soldiers Tell of Rohingya Slaughter” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

***********************************

END / 251