၂ အောက်တိုဘာ ၂၀၂၀ - ၁၇:၃၄
ရိုဟင်ဂျာ ကျောင်းသားများ မှ  နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ရခိုင် ဗုဒ္ဓဘာသာဝင်တွေ အတွက် ငွေကြေး လှူဒါန်း

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ကျောင်းသားများမှ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ရခိုင် ဗုဒ္ဓဘာသာဝင်တွေ အတွက် ငွေကြေး လှူဒါန်းသည့် သတင်း ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
                                                                                       
“ကျွန်တော်တို့တွေတစ်ချိန်တုန်းက လမ်းတွေပေါ်မှာတောတွေထဲမှာ စားခဲ့အိပ်ခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ရဲ့ကိုးကွယ်ရာဘာသာတရားကိုမကြည့်ပဲ လှူဒါန်းပေးကမ်းပြီး စာနာထောက်ထားမှုပြခဲ့သူတွေရှိခဲ့ပါတယ်။ အခုတော့ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေကြောင့်လူတွေနေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ ကိုယ်ချင်းစာနာမှုနဲ့စည်းလုံးညီညွတ်မှုကိုပြတဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်ကကျွန်တော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေက ကျွန်တော်တို့ရဲ့ရခိုင်ညီအစ်ကိုမောင်နှမတွေအတွက် လှူဒါန်းပေးကမ်းခဲ့ကြပါတယ်။” လို့နေရပ်စွန့်ခွာထွက်ပြေးရသူရခိုင်လူထုအတွက် စည်းလုံးညီညွတ်မှုပြသရေးကမ်းပိန်းကိုဖွဲ့စည်းခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကမယ်လ်ကဆိုပါတယ်။
စက်တင်ဘာ ၃၀ရက်နေ့ ဗုဒ္ဓဟူးနေ့တုန်းက ကုတုပလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာကျောင်းသူကျောင်းသားတွေက မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့(AA) တို့ကြားတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ရခိုင်အရပ်သားတွေအတွက် မြန်မာငွေကျပ်၅သိန်းလှူဒါန်းခဲ့ပါတယ်။
ကမ္ဘာပေါ်မှာအကြီးမားဆုံးဒုက္ခသည်စခန်းက ရိုဟင်ဂျာကျောင်းသားကျောင်သူတွေရဲ့ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာ တပ်မတော်ကျူးလွန်ခဲ့တဲ့လူမျိုးတုံးသတ်ဖြတ်မှုကမ်းပိန်းတွေရဲ့ ရလဒ်အနေနဲ့ သူတို့ရဲ့ဘဝတွေဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေရောက်ခဲ့ရပုံတွေကို မီးမောင်းထိုးပြခဲ့ကြပါတယ်။ အစားအသောက်လှူဒါန်းမှုတွေကိုတော့ ရခိုင်ပြည်နယ် စစ်တွေအခြေစိုက် ရခိုင်ကျောင်းသားများသမဂ္ဂအဖွဲ့ဆီလွှဲပြောင်းပေးခဲ့ပါတယ်။ “တပ်မတော်ရဲ့ရက်စက်မှုတွေကြောင့် လူတွေအခက်အခဲဒုက္ခရောက်နေချိန်မှာ လူမျိုးဘာသာမကြည့်ပဲ တစ်ယောက်ကိုတစ်ယောက်ကူညီရေးမှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်” လို့ ရခိုင်ကျောင်းသားများသမဂ္ဂရဲ့ သတင်းအချက်အလက်တာဝန်ခံ ကိုကျော်နိုင်ဌေးကဆိုပါတယ်။


ဇူလိုင်၂၂ရက်နေ့တုန်းကလည်း စစ်တွေကရိုဟင်ဂျာကျောင်းသားတွေက နေရပ်စွန့်ခွာထွက်ပြေးရသူရခိုင်လူမျိုးတွေအတွက် မြန်မာငွေ၃သိန်းလှူဒါန်းခဲ့ပါတယ်။ စက်တင်ဘာ ၁၇ရက်နေ့မှာ ကုတုပလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာကျောင်းသား၅၀၀န်းကျင်ဟာ ရခိုင်ပြည်နယ်မှာကိုဗစ်၁၉ တိုက်ဖျက်ရေးမြန်မာအစိုးရရဲ့တုံ့ပြန်မှုအားနည်းမှုတွေ အင်တာနက်ပိတ်ခံရမှုတွေနဲ့ စစ်တပ်ရဲ့ရက်စက်မှုတွေ နဲ့ပတ်သက်ပြီး ဆန္ဒပြမှုအတွက်ဖမ်းဆီးခံခဲ့ရတဲ့ ရခိုင်ကျောင်းသားတွေနဲ့အတူ စည်းလုံးညီညွတ်စွာရပ်တည်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
၂၀၁၈ခုနှစ်နှောင်းပိုင်းကစတင်ခဲ့တဲ့ တပ်မတော်နဲ့ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ကြားတိုက်ပွဲတွေကြောင့် ဗုဒ္ဓဘာသာအများစုဖြစ်တဲ့ရခိုင်၂သိန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ ဒါ့အပြင် ၂၀၁၂ခုနှစ် ဇွန်လကတည်းက IDP စခန်းတွေထဲမှာနေထိုင်နေရတဲ့ ရိုဟင်ဂျာမွတ်စလင်၁သိန်း၂သောင်းကျော်လည်းရှိပြီး သူတို့ဟာ ပညာရေး ကျန်းမာရေးစောင့်ရှောက်မှု လွတ်လပ်စွာသွားလာခွင့်နဲ့ သူတို့ရဲ့မူလနေရပ်တွေဆီပြန်ဖို့မျှော်လင့်ချက်တွေ လုံးဝကိုမရရှိပါဘူး။
တပ်မတော်ရဲ့စစ်ဆင်ရေးစတင်ခဲ့တဲ့ ၂၀၁၇ခုနှစ် သြဂုတ်၂၅ရက်နေ့ကတည်းက ရိုဟင်ဂျာ၇သိန်း၅သောင်းကျော် ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးခဲ့ရပါတယ်။ “ကျွန်တော်တို့ရိုဟင်ဂျာတွေနဲ့ရခိုင်တွေဟာ တိုင်းရင်းသားလူမျိုးစုအဖွဲ့တွေဖြစ်ပြီး ရာစုနှစ်နဲ့ချီငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လာခဲ့ကြတာပါ။ မြန်မာစစ်တပ်ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုကနေ ထွက်ပြေးခဲ့ရပြီးနောက် ၃နှစ်ကြာခဲ့ပြီဖြစ်ပေမယ့် ကျွန်တော်တို့ရဲ့ရခိုင်ညီအစ်ကိုမောင်နှမတွေနဲ့အတူ ရပ်တည်မှုရှိနေပါတယ်” လို့ ကမယ်လ်ကပြောကြားခဲ့ပါတယ်။
Rohingya Post သတင်းဌာနပါ “Rohingya Refugee Students from Bangladesh Camp donate money to displaced Rakhine Buddhists in Myanmar” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

*****************************

END / 251