၁၈ အောက်တိုဘာ ၂၀၂၀ - ၂၀:၁၈
 COVID-19 ရောဂါဖြစ်ပွားမှု အများဆုံး ကမ္ဘာ့နိုင်ငံ ၈၀ ကျော်တွင် မြန်မာနိုင်ငံက ပိုးတွေ့လူနာ သုံးသောင်းကျော်၊ သေဆုံးမှု ၂ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ၇၈ နေရာ၌ ရှိနေ

COVID-19 ရောဂါဖြစ်ပွားမှု အများဆုံး ကမ္ဘာ့နိုင်ငံ ၈၀ ကျော်တွင် မြန်မာနိုင်ငံက ပိုးတွေ့လူနာ သုံးသောင်းကျော်၊ သေဆုံးမှု ၂ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ၇၈ နေရာတွင် ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရရှိသည့် အချက်အလက်အရ သိရသည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

COVID-19 ရောဂါဖြစ်ပွားမှု အများဆုံး ကမ္ဘာ့နိုင်ငံ ၈၀ ကျော်တွင် မြန်မာနိုင်ငံက ပိုးတွေ့လူနာ သုံးသောင်းကျော်၊ သေဆုံးမှု ၂ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ၇၈ နေရာတွင် ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရရှိသည့် အချက်အလက်အရ သိရသည်။

ကမ္ဘာပေါ်တွင် COVID-19 ရောဂါ စတင်ဖြစ်ပွားစဉ်မှ အောက်တိုဘာ ၁၅ ရက်အထိ ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံစာရင်းတွင် အမေရိကန်နိုင်ငံက ပိုးတွေ့လူနာ ၇၇၀၀၀၀၀ ကျော်၊ သေဆုံးမှု ၂ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ပထမနေရာ၌ ရှိနေပြီး မြန်မာနိုင်ငံနှင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာမူ ပိုးတွေ့လူနာ ၇၃၀၀၀၀၀ ကျော်၊ သေဆုံးမှု ၁ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာ၌ ရှိနေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ခုနှစ်လနီးပါးကြာ ပိတ်ထားခဲ့သည့် ရုပ်ရှင်ရုံများကို အောက်တိုဘာ ၁၅ ရက်၌ ပြန်လည်ဖွင့်လှစ်ခဲ့သည်။ အလားတူ ဖိလစ်ပိုင်နိုင်ငံတွင် အောက်တိုဘာ ၁၄ ရက်က တစ်နေ့တည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူအရေအတွက် ၁၉၁၀ သို့ စံချိန်တင်မြင့်တက်ခဲ့ပြီး ယင်းနေ့တွင် လူပေါင်း ၇၈ ဦး ထပ်မံသေဆုံးခဲ့သည်။ ယခုအခါ ဖိလစ်ပိုင်နိုင်ငံတွင် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၄၆,၅၃၆ ဦး (အရှေ့တောင်အာရှတွင် အမြင့်ဆုံးဖြစ်) နှင့် သေဆုံးသူ စုစုပေါင်း ၆,၄၄၉ ဦး ရှိသွားပြီဖြစ်သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်တွင် သီတင်းနှစ်ပတ်ကြာတင်းကျပ်သည့် အသွားအလာကန့်သတ်ချက် ထုတ်ပြန်ခဲ့သောကြောင့် အောက်တိုဘာ ၁၄ ရက်တွင် နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူသစ် ၆၆၀ ရှိခဲ့ပြီး နှစ်ရက်ဆက်တိုက်ကူးစက်ခံရသူ ၆၀၀ ကျော် ရှိခဲ့သည်ဟု ကျန်းမာရေးအာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။

ကူးစက်ခံရသူသစ်များတွင် ထက်ဝက်ခန့်မှာ အသွားအလာကန့်သတ်ထားသည့် ဆာဘားပြည်နယ်မှဖြစ်ပြီး နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၇,၅၄၀ ဦးအထိ မြင့်တက်ခဲ့သည်။ အောက်တိုဘာ ၁၄ ရက်၌ နေ့အလိုက်သေဆုံးသူ လေးဦးရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၁၆၇ ဦး ရှိခဲ့သည်။  ကူးစက်ခံရသူသစ်များတွင် ခြောက်ဦးမှာ ပြည်ပမှဝင်ရောက်လာကြသူများဖြစ်ပြီး ၆၅၄ ဦးမှာ ပြည်တွင်းကူးစက်ခံရသူများ ဖြစ်သည်။ ကူးစက်ခံရသူ ၄၂၉ ဦးမှာ ဆာဘားပြည်နယ်မှဖြစ်ပြီး ကီဒက်နှင့် ဆီလန်ဂေါ ပြည်နယ်များမှ ကူးစက်ခံရသူ ၁၁၃ ဦးနှင့် ၆၈ ဦးစီ အသီးသီးရှိခဲ့သည်။ မလေးရှားတွင် ဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ပြန်လည်သက်သာခဲ့သူ ၁၁,၆၀၅ ဦးရှိပြီး လက်ရှိကူးစက်ခံရသူ ၅၇၆၈ ဦးရှိ၍ အရေးပေါ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၁၀၈ ဦးရှိပြီး ၎င်းတို့ထဲတွင် အသက်ရှူကိရိယာ တပ်ဆင်ထားရသူ ၃၅ ဦး ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အောက်တိုဘာ ၁၅ ရက်ညပိုင်းမှ ၁၆ ရက် ညပိုင်းအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၃၅၁၀ ခု စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၁၃၈ ဦးတွေ့ရှိခဲ့ကြောင်း၊ ဆေးရုံဆင်းခွင့်ရသူ ၇၇၁ ဦးရှိသဖြင့် အောက်တိုဘာ ၁၆ ရက် ညပိုင်းအထိ ၁၅၄၇၇ ဦးရှိကြောင်း၊ သေဆုံးသူ ၃၄ ဦး ထပ်တိုးသဖြင့် သေဆုံးသူစုစုပေါင်း ၇၉၉ ဦး ရှိပြီဖြစ်ကြောင်းနှင့် ရောဂါဖြစ်စတင်ဖြစ်ပွားမှုမှ အောက်တိုဘာ ၁၆ ရက်အထိ မြန်မာနိုင်ငံတွင် ပိုးတွေ့လူနာ စုစုပေါင်း ၃၃၄၈၈ ဦးရှိပြီဖြစ်သည်။

ဆောင်းအဝင်ကာလတွင် COVID-19 ကူးစက်ဖြစ်ပွားမှု တစ်ကျော့ပြန်မြင့်တက်လာခြင်းကြောင့် ဥရောပနိုင်ငံများရှိ အာဏာပိုင်များ အခက်တွေ့နေကြစဉ် ပြင်သစ်နိုင်ငံ၌ ကာဖျူးမိန့်ထုတ်ပြန်ထားကာ အခြားသော ဥရောပနိုင်ငံများတွင် စာသင်ကျောင်းများ ပိတ်ထားခြင်း၊ ခွဲစိတ်ကုသချိန်များကို ဖျက်သိမ်းခြင်းနှင့် ဆေးကျောင်းသားများအား ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းတွင် ပါဝင်ရန် စာရင်းသွင်းစေခြင်းတို့ လုပ်ဆောင်နေကြသည်။

ဥရောပ၌ တစ်နေ့တည်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၀,၀၀၀ ခန့်ရှိခဲ့ရာ ပျမ်းမျှအားဖြင့် တစ်နေ့တည်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၁,၀၀၀ ကျော်ရှိသည့် အမေရိကန်ကို ကျော်တက်သွားပြီဖြစ်သည်။

ကူးစက်မှုနှုန်း အလျင်အမြန်မြင့်တက်လာသည့် ပြင်သစ်နိုင်ငံတွင် သမ္မတအီမန်နျူ ရယ်မက်ခရွန်က ပါရီနှင့် အခြားသောမြို့ကြီးများ၌ အောက်တိုဘာ ၁၇ ရက်မှစ၍ သီတင်းလေးပတ်အထိ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့သည်။ ပြင်သစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံရသူစုစုပေါင်း ၇၇၉,၀၀၀ ကျော်နှင့် သေဆုံးသူစုစုပေါင်း ၃၃,၀၀၀ ကျော်ရှိသည်။

COVID-19 ပထမလှိုင်းကြောင့် အထိနာခဲ့သည့် စီးပွားရေးလုပ်ငန်းများကို ပြန်လည်စတင်ရန် ဥရောပနိုင်ငံအများစုမှ အစိုးရအဖွဲ့များက Lockdown စီမံချက်များကို ပြန်လည်ရုပ်သိမ်းခဲ့ကြသည်။ သို့သော် နဂိုအခြေအနေသို့ ပြန်လည်ရောက်ရှိရန် ကြိုးပမ်းကြရာတွင် လူအဝင်အထွက်များသော စားသောက်ဆိုင်များ ပြန်ဖွင့်ခြင်းမှသည် တက္ကသိုလ်ပညာသင်နှစ် ပြန်လည်စတင်ခြင်းအထိ ပုံမှန်လှုပ်ရှားဆောင်ရွက်ခဲ့ကြခြင်းက ဥရောပတိုက်တစ်ဝန်း၌ ရောဂါပိုးကူးစက်မှုကို တစ်ရှိန်ထိုးမြင့်တက်လာစေခဲ့သည်။