၂၂ အောက်တိုဘာ ၂၀၂၀ - ၂၀:၀၉
ဘာရိန်းမှာ အစ္စရေးက ၁၀စုနှစ်နဲ့ချီ လျှို့ဝှက်သံရုံးထားရှိခဲ့ကြောင်း သတင်းထွက်ပေါ်လာ

ပြီးခဲ့တဲ့လကနှစ်နိုင်ငံကြားသံတမန်ဆက်ဆံရေးထူထောင်ဖို့သဘောတူလက်မှတ်ရေးထိုးမှုမတိုင်ခင် လွန်ခဲ့တဲ့၁၀နှစ်ကျော်လောက်ကတည်းက အစ္စရေးဟာ ဘာရိန်းမှာလျှို့ဝှက်သံတမန်ဆက်ဆံရေးမစ်ရှင် လုပ်ဆောင်နေခဲ့ကြောင်း သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

                                                                       
ပြီးခဲ့တဲ့လကနှစ်နိုင်ငံကြားသံတမန်ဆက်ဆံရေးထူထောင်ဖို့သဘောတူလက်မှတ်ရေးထိုးမှုမတိုင်ခင် လွန်ခဲ့တဲ့၁၀နှစ်ကျော်လောက်ကတည်းက အစ္စရေးဟာ ဘာရိန်းမှာလျှို့ဝှက်သံတမန်ဆက်ဆံရေးမစ်ရှင် လုပ်ဆောင်နေခဲ့ကြောင်း သတင်းထွက်ပေါ်လာခဲ့ပါတယ်။


အသွင်ပြောင်းသံရုံးဖွင့်လှစ်ဖို့ဆွေးနွေးညှိနှိုင်းမှုတွေဟာ ၂၀၀၇ခုနှစ်ကတည်းကစတင်ခဲ့တာဖြစ်ကြောင်း Axios ကဖော်ပြခဲ့ပါတယ်။ ဒီလမတိုင်ခင်ထိ ဘာရိန်းနဲ့အစ္စရေးတို့ဟာ သံတမန်ဆက်ဆံရေးမရှိထားပါဘူး။ ယူအေအီးပြီးနောက် ပင်လယ်ကွေ့နိုင်ငံလေးဖြစ်တဲ့ဘာရိန်းဟာ အစ္စရေးနဲ့သံတမန်ဆက်ဆံရေးထူထောင်ခဲ့တဲ့ စတုတ္ထမြောက်အာရပ်နိုင်ငံဖြစ်လာခဲ့ပါတယ်။ မွတ်စလင်နိုင်ငံအများစုဟာ ပါလက်စတိုင်းနဲ့စည်းလုံးညီညွတ်မှုပြသတဲ့အနေနဲ့ အစ္စရေးနဲ့သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ခြင်း  မရှိခဲ့ပါဘူး။    
အစ္စရေးရဲ့လျှို့ဝှက်မစ်ရှင်ကို အစ္စရေးရုပ်သံ ချန်နယ်၁၁ သတင်းဌာနက ပြီးခဲ့တဲ့အပတ်ကစတင်ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ ဘာရိန်းက လျှို့ဝှက်အစ္စရေးသံတမန်ဆက်ဆံရေးမစ်ရှင်ကို ၁၁နှစ်ကြာဖုံးဖိထားခဲ့တာဖြစ်ကြောင်း သတင်းဌာနကဖော်ပြခဲ့ပါတယ်။ အစ္စရေးနဲ့ ကာတာ ကုန်သွယ်ဆက်ဆံရေးရှိထားမှုတစ်ချို့ကို တုံ့ပြန်တဲ့အနေနဲ့ သံတမန်ဆက်ဆံရေးဖွင့်သွားဖို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး တီဇီပီလီဗ်နီနဲ့ ဘာရိန်းနိုင်ငံခြားရေးဝန်ဘကီး ဘင်အာမက်အလ်ခါလီဖာတို့ကြား ဆွေးနွေးမှုတွေရှိခဲ့ကြောင်း အစ္စရေးတာဝန်ရှိသူတွေက Axios သတင်းဌာနကိုပြောကြားခဲ့ပါတယ်။
၂၀၀၉ခုနှစ် ဇူလိုင်မှာ “အပြည်ပြည်ဆိုင်ရာဖွံဖြိုးတိုးတက်ရေးဗဟို” ကုမ္ပဏီအမည်နဲ့ ဘာရိန်းမှာစာရင်းသွင်းခဲ့ပါတယ်။ အကြံပေးဝန်ဆောင်မှုစီးပွားရေးလုပ်ငန်းကို ဗန်းပြထားပေမယ့် တကယ်တော့ဒီကုမ္ပဏီဟာ အစ္စရေးသံတမန်ရေးလှုပ်ရှားမှုတွေကို ရှေ့တန်းကလုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။ ၂၀၁၃ခုနှစ်မှာ ကုမ္ပဏီအမည်ကိုပြောင်းလဲခဲ့ပေမယ့် လုံခြုံရေးအခြေအနေတွေကြောင့် အာဏာပိုင်တွေကအမည်သစ်ကို ဖော်ပြခဲ့ခြင်းမရှိပါဘူး။
ဘာရိန်းနိုင်ငံတွင်း အစ္စရေးနိုင်ငံသားတွေဝင်ရောက်ခြင်းတင်းကျပ်ထားတာကြောင့် အသွင်ပြောင်းသံရုံးမစ်ရှင်က နှစ်နိုင်ငံသားခံယူထားတဲ့ အစ္စရေးသံတမန်တွေကိုငှားရမ်းခဲ့ပါတယ်။ အစ္စရေးနဲ့ဘာရိန်းတာဝန်ရှိသူတွေရဲ့ တိုက်ရိုက်ဆက်သွယ်ရေးလုပ်ဆောင်မှုတွေအတွက် လျှို့ဝှက်ချန်နယ်တစ်ခုအထောက်အပံ့ပြုထားပြီး အစ္စရေးကုမ္ပဏီတွေနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေမြှင့်တင်လုပ်ဆောင်သွားဖို့ကိုလည်း လျှို့ဝှက်သံရုံးက ကြားဝင်လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့လုပ်ရတာကတော့ တံခါးကအမှတ်အသားကို ပြောင်းလဲတာပဲဖြစ်ပါတယ်” လို့ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပါတယ်။
အစ္စရေးသံရုံးတည်နေရာနဲ့ အမည်ကို တင်းတင်းကျပ်ကျပ်လျှို့ဝှက်ထားခဲ့ပေမယ့် ဒေသတွင်းသုံးသပ်လေ့လာသူတွေကတော့ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ အစ္စရေးကြား နွေးထွေးတဲ့ဆက်ဆံရေးတွေကို ကာလရှည်ကြာသိမြင်ထားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပင်လယ်ကွေ့နိုင်ငံတစ်ချို့ အစ္စရေးနဲ့တရားဝင်သံတမန်ဆက်ဆံရေးထူထောင်လိုက်တာကို မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။
The New Arab သတင်းဌာနပါ “Israel kept secret embassy in Bahrain for a decade” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

%%%%%%%%%%%%%%%%%%%%%%%