အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
အမေရိကန်အမိမြေလုံခြုံရေးအဖွဲ့ အတွင်းရေးမှူး အဲလက်ဂျန်ဒရို အန် မာယော်ကာစ်က မြန်မာနိုင်ငံကို ယာယီအစောင့်ရှောက်ခံအခြေအနေ (TPS) အဖြစ် ၁၈လ သတ်မှတ်လိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ TPS သတ်မှတ်ချက်အသစ်ကြောင့် အမေရိကန်နိုင်ငံတွင်းနေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ(မြန်မာနိုင်ငံမှာအခြေချနေထိုင်တဲ့ အမေရိကန်နိုင်ငံသားမဟုတ်သူ မြန်မာလူမျိုးများ)အနေနဲ့ လိုအပ်ချက်သတ်မှတ်ချက်တွေနဲ့အညီ TPS အတွက် ပဏာမလျှောက်ထားမှုတွေ လုပ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။
“စစ်အာဏာသိမ်းမှုနဲ့ အရပ်သားတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ရက်စက်တဲ့အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် မြန်မာပြည်သူလူထုဟာ မြန်မာနိုင်ငံအနှံ့အပြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဒုက္ခရောက်တဲ့ အခြေအနေတွေခံစားနေရပါတယ်။ ဒီလိုသေရေးရှင်ရေးဖြစ်နေတဲ့ အခြေအနေကိုပြန်လည်သုံးသပ်မှုတွေလုပ်ပြီးတဲ့နောက် မြန်မာနိုင်ငံကို ယာယီအစောင့်ရှောက်ခံအခြေအနေ သတ်မှတ်လိုက်ပါတယ်။ ဒါမှသာ မြန်မာနိုင်ငံသားတွေနဲ့ ယာယီနေထိုင်နေကြသူတွေဟာ အမေရိကန်နိုင်ငံတွင်းယာယီဆက်လက်ခိုလှုံခွင့်ရရှိမှာဖြစ်ပါတယ်” လို့ အတွင်းရေးမှူး မာယော်ကာစ် ကပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံတွင်းနေထိုင်နေပြီးသားဖြစ်တဲ့ မြန်မာနိုင်ငံသားတွေသာ TPS အတွက် လျှောက်ထားလို့ရမှာဖြစ်ပါတယ်။ ၂၀၂၁ခုနှစ် မတ်လ ၁၁ရက်နေ့ထိ အမေရိကန်နိုင်ငံတွင်းဆက်လက်နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား တစ်ဦးတစ်ယောက်ချင်းစီဟာ မြန်မာနိုင်ငံဆိုင်ရာသတ်မှတ်ချက် TPS အတွက် လျှောက်ထားလို့ရမှာဖြစ်ပါတယ်။ သူတို့ရဲ့ကျန်းမာရေးနဲ့လုံခြုံရေးအတွက် လူမှောင်ခိုသွင်းသူတွေ သို့မဟုတ် နယ်စပ်တွေကိုယခုဖွင့်ပေးလိုက်ပြီဆိုတဲ့ တစ်ခြားသူတွေရဲ့ ယူဆပြောဆိုချက်တွေကို ယုံကြည်ခြင်းမရှိကြဖို့ကိုပါ တိုက်တွန်းထားပါတယ်။ ဗိုင်းရပ်စ်ကပ်ရောဂါဘေးကြောင့် ခရီးသွားလာမှုတွေနဲ့ နယ်စပ်ဝင်ထွက်သွားလာခွင့် တင်းကျပ်ထားမှုတွေကို ဆက်လက်လုပ်ဆောင်ထားဆဲဖြစ်တယ်လို့ဆိုပါတယ်။
American Homeland Security ဖော်ပြပါ “Secretary Mayorkas Designates Burma for Temporary Protected Status” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
******************************************
END / 251