၂၂ မတ် ၂၀၂၁ - ၁၉:၁၅
မန္တလေးမြို့ တွင် နှစ်ရက် ဆက် ပစ်ခတ် ဖြိုခွင်းမှု အတွင်း  သေဆုံး၊ ဒဏ်ရာ ရမှုများ ရှိခဲ့

မန္တလေးမြို့ မြို့နယ်အချို့တွင် မတ် ၂၁ ရက်မှ ၂၂ ရက်အထိ နှစ်ရက်ဆက် ပစ်ခတ်ဖြိုခွင်းမှုအတွင်း သေဆုံး၊ ဒဏ်ရာရမှုများ ရှိခဲ့ကြောင်း သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ္စလာမ် အဗ္နာ) သတင်းဌာနာ


မန္တလေးမြို့ မြို့နယ်အချို့တွင် မတ် ၂၁ ရက်မှ ၂၂ ရက်အထိ နှစ်ရက်ဆက် ပစ်ခတ်ဖြိုခွင်းမှုအတွင်း သေဆုံး၊ ဒဏ်ရာရမှုများ ရှိခဲ့ကြောင်း သိရသည်။

မတ် ၂၁ ရက် နံနက် ၁၀ နာရီမှစတင်ပြီး ချမ်းမြသာစည်မြို့နယ် ၄၅ လမ်းမှ ၅၈ လမ်းတစ်လျှောက်ရှိ အောင်ပင်လယ်၊ အောင်သာယာရပ်ကွက်များကို ပစ်ခတ်ဖြိုခွင်းမှု ပြုလုပ်ခဲ့ရာ တစ်ဦးသေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိခဲ့သည်။

ထို့နောက် ယင်းနေ့ မွန်းလွဲပိုင်းတွင်လည်း မနော်ဟရီလမ်းတစ်လျှောက် အနီးနားတစ်ဝိုက် ရပ်ကွက်များသို့လည်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ညပိုင်းအချိန်တွင်လည်း ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်များကိုလည်း ဆက်တိုက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ ည ၁ နာရီဝန်းကျင်တွင် ပစ်ခတ်မှုများ ရပ်တန့်ခဲ့သည်။

"မနေ့က  အောင်ပင်လယ်မှာ စပစ်တာပေါ့နော်။ သဲအိတ်တွေ ဖယ်ပေးဖို့ လော်နဲ့အော်ပြောရင်း သူတို့ကိုယ်တိုင် ဂေါ်နဲ့ ကော်ထိုးသွားတယ်။ ပစ်မယ်ပြောတယ်။ အဲ့နောက် လူစုလူဝေးဖြစ်တယ်ဆိုပြီး သေနတ် နှစ်ချက် ပစ်ဖောက်တယ်။ အဲဒီကနေ စဖြစ်တာ ရပ်ကွက်ထဲ ခြောက်ယောက်လောက်လည်း အဖမ်းခံရတယ်။ နှစ်နာရီလောက်ကြာအောင် ဆက်တိုက်ပစ်ပြီး မနော်ဟရီ ၅၅ လမ်းမှာ ထပ်ပစ်တယ်။ ညနေ ၅ နာရီလောက်က ပစ်လိုက်တာ ည ၁၂ ကျော်တဲ့ထိပါပဲ။ ခုမနက်လည်း ၈ နာရီကနေ ၄၄ လမ်းကနေ ဆက်တိုက်ဝင်ဝင် ပစ်ပစ် ပစ်တော့တာပါပဲ။ ခုလည်း ဒဏ်ရာရတဲ့သူတွေကို လာပို့တာပါ"ဟု လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မတ် ၂၁ ရက်က ဒဏ်ရာရသူ များပြားခဲ့ကဲ့သို့ ဆေးကုသမှု ခံယူရခြင်းမရှိနိုင်ဘဲ ပြင်ပတွင် သေဆုံးသူ ခုနစ်ဦးထက်မနည်း ရှိနိုင်ကြောင်း စုံစမ်းသိရသည်။

ယနေ့ (မတ် ၂၂ ရက်) တွင်လည်း နံနက် ၈ နာရီခန့်မှ စတင်ပြီး ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်တွင် ပစ်ခတ်မှုများရှိခဲ့ပြီး မြရည်နန္ဒာအိမ်ယာဘက်တွင်လည်း ထပ်မံပစ်ခတ် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

ယင်းနောက် ယနေ့ နံနက် ၁၁ နာရီထိ ပရဟိတ ဆေးကုပေးနေသည့် နေရာသို့ ထိခိုက်ဒဏ်ရာရလူနာ ၁၈ ဦး ရောက်ရှိလာပြီး တစ်ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။

ထို့အတူ  ချမ်းအေးသာစံမြို့နယ်တွင်လည်း ပစ်ခတ်မှုကြောင့် သေဆုံးမှုများရှိခဲ့ကာ သေဆုံးမှုစာရင်း အတည်ပြုနိုင်ပါက ထပ်မံတင်ပြပေးမည် ဖြစ်ပါသည်။

******************************************
END / 251