အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
အင်စတာဂရမ်ပို့စ်တွေမှာ အမေရိကန်-ပါလက်စတိုင်းစူပါမော်ဒယ်ဘယ်လာဟာဒစ်က ပြီးခဲ့တဲ့အပတ်က အလ်အာဆာဗလီအနီးဖြစ်ပွားခဲ့တဲ့ အစ္စရေးတပ်ဖွဲ့တွေရဲ့အကြမ်းဖက်မှုတွေနဲ့ ဂျေရုဆလင်ရဲ့ ရှိတ်ခ်ဂျာရာဟ်ရပ်ကွက်အတွင်း ပါလက်စတိုင်းမိသားစုတွေရင်ဆိုင်နေရတဲ့ နှင်ထုတ်ခံနေရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ဝမ်းနည်းစိတ်မကောင်းဖြစ်နေရကြောင်းနဲ့ စိတ်ပျက်ဒေါသဖြစ်ရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
သူမရဲ့အရှေ့အလယ်ပိုင်းဇာတိအကြောင်းပြောပြဖို့ဖြစ်လာရင် ဘယ်လာဟာဒစ်ဟာ တုံ့ဆိုင်းရှက်ကြောက်နေခြင်းမရှိပဲ ပါလက်စတိုင်းအနွယ်ဖြစ်ရတာဘယ်လောက်ဂုဏ်ယူကြောင်း ပြောဆိုလေ့ရှိပါတယ်။ အသက် ၂၄နှစ်အရွယ်စူပါမော်ဒယ်ဟာ အာရပ်ကမ္ဘာနဲ့ပတ်သက်တဲ့အရေးကိစ္စတွေမှာ မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုလေ့ရှိပါတယ် အထူးသဖြင့် သူမရဲ့ဘိုးဘေးတွေရဲ့မွေးရပ်မြေနဲ့ပတ်သက်တဲ့ အရေးကိစ္စတွေကို ထုတ်ဖော်ပြောဆိုလေ့ရှိပါတယ်။
အသိမ်းပိုက်ခံအရှေ့ဂျေရုဆလင်မှာ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး ရှင်းလင်းဖော်ပြထားတဲ့ အကြောင်းအရာတွေကို သူမကအင်စတာဂရမ်မှာ ပြန်လည်ဝေမျှမှုတွေလုပ်ဆောင်ခဲ့ပါတယ်။ “ကျွန်မရဲ့ဘိုးဘေးတွေရဲ့နာကျင်မှုတွေကို ခံစားမိပါတယ်။ သူတို့အတွက်ငိုကြွေးမိပါတယ်။ ကျွန်မတို့ရဲ့ ပါလက်စတိုင်းညီအစ်ကိုမောင်နှမတွေအတွက် ငိုကြွေးနေမိပါတယ်။ သူတို့တွေအခုချိန်မှာ လုံခြုံဘေးကင်းမှုမရှိသလို ခံစားနေရပြီး ကြောက်လန့်နေကြရပါတယ်။ ဒါတွေကိုရပ်တန့်ဖို့လိုပါတယ်။ ၂၀၂၁ ခုနှစ်မှာ ဒီလိုလုပ်ရပ်မျိုးတွေအတွက် နေရာမရှိပါဘူး။ ပါလက်စတိုင်းဖြစ်ရတာ ကျွန်မတို့ဂုဏ်ယူသလို ပါလက်စတိုင်းနဲ့အတူ ကျွန်မတို့ရပ်တည်ပါတယ်” လို့ဘယ်လာဟာဒစ်ကရေးသားခဲ့ပါတယ်။
အောက်ဖော်ပြပါ ဘယ်လာဟာဒစ်ရေးသားထားတဲ့စာနဲ့ပုံဟာ ၂၀၀၉ခုနှစ်အချိန်တုန်းက ရှိတ်ခ်ဂျာရာဟ်ရပ်ကွက်က မိသားစုတစ်စု နှင်ထုတ်ခံရတဲ့ပုံတစ်ပုံကို ပြန်လည်ဖော်ပြခဲ့တာဖြစ်ပါတယ်။
“ဒီပုံရိပ်ကရှင်တို့ကို စိတ်ပူပန်မှုတွေဖြစ်စေသင့်ပါတယ်။ တွေးကြည့်ပါ ဒီနေရာမှာ ရှင်တို့မိခင် ဒါမှမဟုတ် အဖွားဖြစ်သူ သူတို့ရဲ့အမြင့်မြတ်ဆုံးသောလမြတ်မှာ ဥပုသ်စောင့်ထိန်းနေချိန်မှာ ဒီလိုနှင်ထုတ်ခံရတာမျိုးဖြစ်လာရင်ကော ရှင်တို့ဟာအမေရိကန်တွေဆိုရင် ရှင်တို့ရဲ့အခွန်ငွေတွေက ဒါအတွက်ပေးနေတယ်ဆိုတာ သိထားပါ။ အစ္စရေးကို ကျွန်မတို့တစ်နှစ် ဒေါ်လာ၃.၈ ဘီလီယံပေးနေပါတယ်။ ဒါကိုရှင်တို့သိပါသလား” လို့ ဘယ်လာဟာဒစ်ကရေးသားခဲ့ပါတယ်။
TRT World/ BAZAAR သတင်းဌာနပါ “Bella Hadid Speaks Out About The Recent Incidents In Palestine” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
*****************************************************************
END / 251