အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ ပြည်သူ့ဆေးရုံလမ်းဆုံအနီး၌ မေလ ၂၈ ရက် (ယနေ့) နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမှိုက်သိမ်းသည့် လူငယ်တစ်ဦး ခြေတစ်ဖက်ပြတ် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ နှစ်ဦး ရှိခဲ့ကြောင်း သိရသည်။
“ဝုန်းဆိုပြီးအသံကြားလိုက်တယ်။ အမှိုက်သိမ်းဖို့ လာကောက်လာတဲ့ ကောင်းလေးက ခြေတစ်ဖက်ပျက်ပြီး သေသွားတယ်။ ဆိုင်ကယ်မီးလောင်မှုကြောင့် လူတစ်ဦး ထိခိုက်ဒါဏ်ရာရကာ အနီးက ဆေးဆိုင်ဝန်ထမ်း ကောင်းမလေး အနည်းငယ် ထိခိုက်ဒဏ်ရာရတယ်။ ဘေးပတ်ဝန်းကျင် အဆောက်အဦးတစ်ချို့ ပျက်စီးခဲ့တာ တွေ့ခဲ့ရပါတယ်” ဟု ဘေးပတ်ဝန်းကျင်၌ နေထိုင်သူတစ်ဦးက ပြောကြားသည်။
အဆိုပါပေါက်ကွဲမှုကြောင့် အမှိုက်သိမ်းသည့် ၁၅ နှစ်အရွယ် ကောင်လေးတစ်ဦး ခြေတစ်ဖက် ပြတ်ကာ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ရသည်။ ထို့ပြင် အသက်၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး နှင့် ဆေးဆိုင်မှ ဝန်ထမ်းမိန်းကလေးတစ်ဦး မှာ အနည်းငယ် ထိခိုက်ဒါဏ်ရာရရှိခဲ့ပြီး လမ်းလယ်ကျွန် အုတ်ခံ ၊ခရီးသည်တင် သုံးဘီးလေကာမှန်နှင့် အနီးပါတ်ဝန်ကျင်ရှိ အဆောက်အဦးမှန်တံခါးများ၊ မြေညီထပ် ဆိုင်ခန်းများ၊ဆိုင်ဘုတ်များ ပျက်ဆီးခဲ့ကြောင်း သိရသည်။
မေလ ၂၆ ရက်နေ့ ညနေ ၃ နာရီခွဲခန့်ကလည်း မူဆယ်မြို့ ၌ အသံမိုင်းဟုယူဆရသောအရာ သုံးနေရာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
*****************************************************************
END / 251
၂၈ မေ ၂၀၂၁ - ၁၉:၀၆
News ID: 1145198