အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
အကြမ်းဖက်မှုတွေရပ်ဆိုင်းရေး ဖမ်းဆီးထားသူတွေပြန်လွှတ်ပေးရေးနဲ့ အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုတွေစတင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက တရုတ်နိုင်ငံကအစည်းအဝေးအတွင်း မြန်မာကို တနင်္လာနေ့ ကတိုက်တွန်းပြောကြား ခဲ့ပါတယ်။ မြန်မာမှာတိုးတက်တဲ့အပြောင်းအလဲသိပ်မရှိပဲ အရမ်းကိုနှေးကွေးနေတဲ့အပေါ်မှာ အာဆီယံက စိတ်ပျက်နေကြောင်း စင်္ကာပူထိပ်တန်းသံတမန်တစ်ဦးက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ဧပြီမှာ အာဆီယံကချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ချက်ကို ချက်ခြင်းအကောင်အထည်ဖော် လုပ်ဆောင်သွားဖို့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက တောင်းဆိုခဲ့ပြီး မြန်မာကထိရောက်တဲ့ လုပ်ဆောင်မှုတွေလိုအပ်နေတယ်ဆိုတာ အာဆီယံကအလေးထားနေကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယမ်ဘာလာခရစ်ရှ်နန်က ပြောကြားခဲ့ပါတယ်။ အကြမ်းဖက်မှုတွေအဆုံးသတ်ရေး နိုင်ငံရေးဆွေးနွေးညှိနှိုင်း မှုတွေနဲ့ ဒေသတွင်းအထူးသံတမန်တစ်ဦးခန့်အပ်ရေးတို့ပါဝင်တဲ့ အာဆီယံ ၁၀နိုင်ငံရဲ့ ဘုံသဘောတူညီချက်တွေကို မြန်မာစစ်အစိုးရက အလေးဂရုပြုခြင်းမရှိပါဘူး။
အာဆီယံသံတမန်တွေဟာ မြန်မာနိုင်ငံမြို့တော်နေပြည်တော်မှာ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့သလို စစ်အစိုးရခန့်နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်ဟာလည်း တရုတ်နိုင်ငံ ချုံချင်းမြို့မှာကျင်းပပြုလုပ်တဲ့ တနင်္လာနေ့ကအစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ ကုလ အနောက်နိုင်ငံတွေနဲ့ တရုတ်တို့အားလုံးက အာဆီယံရဲ့စေ့စပ်ညှိနှိုင်းရေးအခန်းကဏ္ဍကို အားပေးထောက်ခံထားပေမယ့် အင်အားကြီးအနောက်နိုင်ငံတစ်ချို့ကတော့ စစ်အစိုးရအဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့အကျိုးစီးပွားတွေကို ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုတွေလုပ်ဆောင်ခဲ့ပါတယ်။
ဒီစည်းဝေးပွဲပြီးနောက် အာဆီယံဘုံသဘောတူညီချက် ၅ချက်လုပ်ငန်းစဉ်ကို ချက်ခြင်းအကောင်အထည်ဖော် လုပ်ဆောင်အောင် တွန်းအားပေးဖို့လိုအပ်တယ်လို့ အင်ဒိုနီးရှားကတကယ်ကိုမျှော်လင့်ကြောင်း ရတ်နိုက သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ လုပ်ငန်းစဉ်တွေနှေးကွေးအားနည်းနေကြောင်း အထူးသံတမန်တစ်ဦးခန့်အပ်ရေးလည်း သဘောတူညီချက်မရသေးကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဘာလာခရစ်ရှ်နန်က ပြင်းပြင်းထန်ထန်သုံးနှုံးပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင်းမှာ စစ်မှန်တဲ့ညှိနှိုင်းမှုတွေ ဆွေးနွေးမှုတွေနဲ့ ပြန်လည်ရင်ကြားစေ့ရေးတွေဖြစ်လာဖို့ တကယ်လိုချင်တဲ့စိတ်ဆန္ဒရှိဖို့ လိုအပ်တယ်လို့ပြောကြားခဲ့ပါတယ်။
ဘုံသဘောတူညီချက် လုပ်ငန်းစဉ် အရမ်းကိုနှေးကွေးနေတယ်ဆိုတာ အာဆီယံအနေနဲ့ဝန်ခံရမယ်လို့ မလေးနိုင်ငံခြားရေးဝန်ကြီး ဟီရှမ်မူဒင်ဟူစိန်ကပြောကြားခဲ့ပါတယ်။ “အာဆီယံရဲ့နောက်ထပ်လုပ်ဆောင်မဲ့လုပ်ရပ်တွေကို နိုင်ငံတကာအသိုင်းအဝန်းက စောင့်မျှော်နေကြတယ်” လို့ သူကတွစ်တာမှာရေးသားခဲ့ပါတယ်။ ဇွန်လ ၅ရက်နေ့က မြန်မာနိုင်ငံကိုလာရောက်ခဲ့မှုနဲ့ပတ်သက်ပြီး အာဆီယံရဲ့ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံကိုလာရောက်မှုဟာ ဘုံသဘောတူညီချက် ၅ချက်ကနေ ပြည်သူတွေရဲ့အကျိုးအတွက်မြန်မာက ဘယ်လိုငြိမ်းချမ်းတဲ့ဖြေရှင်းချက်တွေဖြေရှင်းအကောင်အထည် ဖော်နေလဲဆိုတာ ဆွေးနွေးဖို့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အမျိုးသမီးတွေ ကလေးငယ်တွေနဲ့ နိုင်ငံခြားသားတွေအပါအဝင် ဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လွှတ်ပေးဖို့ကိုပါ သူတို့ကတောင်းဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ ဒီအချက်ဟာ ဘုံသဘောတူညီချက်ထဲမှာ မပါဝင်ခဲ့ပေမယ့် အာဆီယံနိုင်ငံအများစုကထောက်ခံခဲ့ကြပါတယ်။
စစ်အစိုးရကိုဆန့်ကျင်တဲ့ အတိုက်အခံအဖွဲ့တွေကတော့ အာဆီယံရဲ့ထိထိရောက်ရောက်ကိုင်တွယ်မှုအားနည်းမှုတွေနဲ့ ပတ်သက်ပြီး စိတ်ပျက်ရကြောင်းထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။ တရုတ်သံအမတ်ကတော့ စစ်တပ်အကြီးအကဲမင်းအောင်လှိုင်နဲ့ စနေနေ့ကတွေ့ဆုံခဲ့ပါတယ်။ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်က အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရေးပူးပေါင်းဆောင်ရွက်သွားဖို့ ဆန္ဒရှိကြောင်း ပြောကြားချက်ကိုကိုးကားပြီး တရုတ်နိုင်ငံပိုင် ဂလိုဘယ်တိုင်းမ်စ်သတင်းစာ ဖော်ပြခဲ့ပါတယ်။ အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရေးတရုတ်က အားပေးထောက်ခံသွားဖို့ အဆင်သင့်ရှိကြောင်း တရုတ်သံအမတ်ကပြောကြားခဲ့တယ်လို့ သတင်းစာကဖော်ပြခဲ့ပါတယ်။
Metro သတင်းဌာနပါ Robin Emmott ရေးသားသည့် “ASEAN ministers urge Myanmar to halt violence after slow progress” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
*****************************************************************
END / 251