အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ၁၁ရက်အတွင်း COVID-19 ရောဂါပိုးတွေ့ရှိသူသည် ဇွန်လ ၁၈ ရက်နေ့ နေ့လယ်ပိုင်းအချိန်အထိ ၈၉ ဦးထိရှိခဲ့ပြီးနောက် လားရှိုး မြို့မဈေးအနီးရှိ ကုန်စိမ်းတန်း၊ ရပ်ကွက်(၉)ရှိ ခါးရိုးဈေး (ဘူတာဈေး) အပါအဝင် လားရှိုးမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ရေကူးကန်များကို ရက်သတ္တပတ် နှစ်ပတ်ကြာပိတ်သိမ်းလိုက်ကြောင်း လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာန၏ ထုတ်ပြန်ချက်များ အရသိရသည်။
လားရှိုးမြို့တွင် ဇွန်လ ၈ ရက်နေ့မှစတင်ကာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ရပြီးနောက် ၎င်းနှင့်ထိစပ်သူများအား စစ်ဆေးရာမှာ နေ့စဉ် ရောဂါပိုးကူးစက်ခံရသူများကို တွေ့ရှိလာခဲ့ရခြင်းဖြစ်သည်။
“လားရှိုးမြို့မဈေးကြီးအတွင်းက ကုန်စိမ်းဈေးမှာ ပိုးတွေ့တဲ့သူက ရှစ်ဦးအထိရှိလာတယ်။ဒါကြောင့် ပိုးတွေ့လူနာ အများဆုံးဖြစ်တဲ့ ကုန်စိမ်းဈေးရုံနဲ့ ပတ်လည်ဆိုင်ခန်းတွေ ကျူလီယာတန်း ၊ စားသောက်တန်းရုံနဲ့ ပတ်လည် ဆိုင်ခန်းတွေကို နှစ်ပတ်ကြာပိတ်ပါတယ်။ ဘဏ်ဘေးနားက ဈေးတန်းကိုတော့ မပိတ်ပါဘူး။ လက်ရှိအချိန်ထိတော့ မြို့မဈေးကြီးကိုတော့ ပုံမှန်အတိုင်း ဖွင့်လှစ်သွားပါမယ် ”ဟု လားရှိုးမြို့မဈေးမှ တာဝန်ခံက ပြောသည်။
လားရှိုးမြို့တွင် COVID-19 ရောဂါပိုးကူးစက်ခံရသူ နေ့စဉ်နှင့်အမျှတိုးပွားနေပြီး ၎င်းတို့နှင့် ထိစပ်မှုရှိသူများကိုလည်း ပရဟိတယာဉ်များဖြင့် ခေါ်ဆောင်ကာ ဆေးစစ်ချက်များ ရယူလျှက်ရှိနေကြောင်း သိရသည်။
“ ကျွန်တော်တို့ ဒီရက်ပိုင်း ကိုဗစ်ပေါ့စတစ်လူနာတွေနဲ့ ထိတွေ့ဆက်စပ်တဲ့သူတွေကို ဆေးစစ်ဖို့ နေ့တိုင်း သွားရောက်သယ်ဆောင်ရတာရှိတယ်။လားရှိုးမြို့အနီးက ရွာတွေအထိ ထိစပ်မှုတွေရှိတယ်။ နမ့်ကျန်ရွာ မှာလည်းသွားခေါ်ရတယ်။မယ်ဟန်ရွာမှာလည်း သွားခေါ်ရတယ်။မယ်ဟန်ရွာကဆိုရင် ပေါ့စတစ် သုံးယောက် ထွက်တယ်။လားရှိုးမြို့မှာ ကိုဗစ်လူနာတွေနဲ့ ဆက်စပ်တဲ့သူတွေကို Covid-19 Operation Team အဖွဲ့ဖြစ်တဲ့ ပရဟိတယာဉ်ခြောက်စီးနဲ့ သယ်ပြီး ဆေးစစ်တဲ့ နေရာကိုပို့ပေးတယ်” ဟု ကိုဝသုန် ကပြောသည်။
“ လားရှိုးမြို့မှာနေထိုင်တဲ့သူတစ်ဦးက သူ့ကိုယ်သူ သံသယရှိလို့ဆိုပြီး ရပ်ကွက် (၈)ဘက်က တည်းခို ခန်းတစ်ခုမှာ သွားတည်းနေတာ။ ငါးရက်လောက်ကြာလာတဲ့အချိန်မှာ သူက နေထိုင်မကောင်း တဲ့ပုံဖြစ် လာပြီး ဆေးရုံမှာ ဆေးလာစစ်လိုက်တော့ ပေါ့စတစ်လူနာဖြစ်နေတယ်။ ဒါကြောင့် ဒီနေ့ မှာပဲ သူတည်းခိုခဲ့တဲ့ တည်းခိုခန်းကို လော့ဒေါင်းလုပ်လိုက်ပါတယ်။” ဟု လားရှိုးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
လားရှိုးမြို့တွင် COVID-19 ကူးစက်ခံရသည့် လူနာများတစ်ရက်ထက်တစ်ရက် များပြားလာခဲ့ခြင်းကြောင့် မြို့မဈေးကြီးရှိ ဈေးဆိုင်အချို့ ဖွင့်လှစ်မှုမရှိခြင်းနှင့် မြို့တွင်းလမ်းများတွင် လူသွားလူလာ သိသာစွာနည်းပါး သွားခြင်းများ တွေ့ရကြောင်း သိရသည်။
*****************************************************************
END / 251
COVID-19 ရောဂါပိုး တွေ့ရှိသူ ၈၉ ဦးထိ ရှိလာပြီးနောက် လားရှိုးမြို့ရှိ ကုန်စိမ်း ဈေး နှစ်ဈေး နှင့် ရေကူးကန် များကို ရက် သတ္တပတ် နှစ်ပတ် ကြာပိတ်
၁၉ ဇွန် ၂၀၂၁ - ၀၆:၄၅
News ID: 1151678
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ၁၁ရက်အတွင်း COVID-19 ရောဂါပိုးတွေ့ရှိသူသည် ဇွန်လ ၁၈ ရက်နေ့ နေ့လယ်ပိုင်းအချိန်အထိ ၈၉ ဦးထိရှိခဲ့ပြီးနောက် လားရှိုး မြို့မဈေးအနီးရှိ ကုန်စိမ်းတန်း၊ ရပ်ကွက်(၉)ရှိ ခါးရိုးဈေး (ဘူတာဈေး) အပါအဝင် လားရှိုးမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ရေကူးကန်များကို ရက်သတ္တပတ် နှစ်ပတ်ကြာပိတ်သိမ်းလိုက်ကြောင်း လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာန၏ ထုတ်ပြန်ချက်များ အရသိရသည်။