၁၀ နိုဝင်ဘာ ၂၀၂၆ - ၀၀:၁၂
တမန်တော်မြတ် (ဆွ) ၏ ကြီးမြတ်လှသော ကိုယ်ကျင့်တရား နှင့် ကျွန်ုပ်တို့ခေတ်၏ လိုအပ်ချက်

တမန်တော်မြတ် (ဆွ) ၏ ကြီးမြတ်လှသော ကိုယ်ကျင့်တရားသည် ကျွန်ုပ်တို့ခေတ်တွင် အထူးလိုအပ်နေသော စံနမူနာတစ်ခုဖြစ်ပါတယ်။ ဤ အကြောင်း ကို အီရန် နိုင်ငံ ၏ အကျော် အမော် တရားဟော ဆရာကြီး တစ်ပါးဖြစ်သည့် H.I မတ်စ်အူးဒ် အာလီ မှ တရားပွဲ တစ်ခုတွင် ဟောကြားခဲ့ပါတယ်။ မြန်မာ ပရိတ်သတ်များအတွင် ဘာသာပြန်တင်ပြလိုက်ပါတယ်။ ကျွန်ုပ်တို့ ယနေ့ခေတ်မှာ အလွန်လိုအပ်နေတဲ့ တမန်တော်မြတ် မုဟမ္မဒ် (ဆွ) ရဲ့ ကိုယ်ကျင့်တရားကောင်းမွန်မှု အရည်အသွေးတစ်ခုရှိပါတယ်။ အဲဒါကတော့ အကျင့်စာရိတ္တကောင်းမွန်ခြင်း၊ လူတွေအပေါ် သဘောထားနူးညံ့ပြီး ကောင်းမွန်စွာ ဆက်ဆံခြင်း ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

H.I မတ်စ်အူးဒ် အာလီ  မှ အောက်ပါအတိုင်း ဟောကြားထားပါတယ်။

အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ကျမ်းတော်မြတ်မှာ မိန့်တော်မူထားပါတယ်။

إِنَّكَ لَعَلَىٰ خُلُقٍ عَظِيمٍ

အဓိပ္ပာယ်ကတော့ “ဧကန်စင်စစ်၊ အသင်(မိုဟမ္မဒ် (ဆွ) )သည် ကြီးမြတ်လှသော ကိုယ်ကျင့်တရားကို ပိုင်ဆိုင်ထားသူဖြစ်သည်” ဟူ၍ ဖြစ်ပါတယ်။

တမန်တော်မြတ် (ဆွ) ဟာ ဒီလိုကောင်းမွန်တဲ့ ကိုယ်ကျင့်တရားကြောင့်ပဲ လူအများအပြားကို အစ္စလာမ်သာသနာဆီ ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လူတွေ အစ္စလာမ်သာသနာကို လက်ခံလာကြရတဲ့ အကြောင်းရင်းတွေထဲမှာ တမန်တော်မြတ်ရဲ့ ကောင်းမွန်တဲ့ အကျင့်စာရိတ္တဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။

ကျွန်ုပ်တို့ဟာ ယနေ့ခေတ်မှာ ဒီလိုကောင်းမွန်တဲ့ အကျင့်စာရိတ္တကို အလွန်လိုအပ်နေကြပါတယ်။

ဝမ်းနည်းစရာကောင်းတာက ကျွန်ုပ်တို့အချင်းချင်းကြားမှာ ဒေါသထွက်လွယ်ခြင်း၊ တစ်ယောက်နဲ့တစ်ယောက် ချက်ချင်းရန်ဖြစ်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ သည်းခံနိုင်စွမ်း နည်းပါးလာခြင်းတွေ အများကြီး ဖြစ်လာနေပါတယ်။ ခွင့်လွှတ်ပေးနိုင်မှုနဲ့ သည်းခံနိုင်မှုတွေလည်း လျော့နည်းလာကြပါတယ်။

ဒါပေမဲ့ တမန်တော်မြတ် (ဆွ) ဟာ ဒီလိုလူသားမျိုး မဟုတ်ခဲ့ပါဘူး။

တမန်တော်မြတ် (ဆွ) ကို လူတွေက ရိုက်နှက်ကြတယ်၊ နာကျင်အောင် ပြုမူကြတယ်။ ဒါပေမဲ့ ကိုယ်တော်မြတ်ဟာ အလွန်ကျယ်ပြန့်နက်ရှိုင်းတဲ့ ပင်လယ်ကြီးတစ်စင်းလို ဖြစ်ခဲ့ပါတယ်။

ပင်လယ်ကြီးကို စဉ်းစားကြည့်ပါ။

ပင်လယ်ထဲကို ကျောက်တုံးတစ်တုံး ပစ်ချလိုက်ရင် ပင်လယ်ကြီးတစ်ခုလုံး လှိုင်းထန်ပြီး လှုပ်ခတ်သွားပါသလား? မသွားပါဘူး။

ဒါပေမဲ့ ရေခွက်လေးတစ်ခွက်ထဲကို ကျောက်တုံးတစ်တုံး ပစ်ချလိုက်ရင်တော့ ရေတွေ လှုပ်ခတ်သွားပါတယ်။

တမန်တော်မြတ် (ဆွ) ဟာ အဲဒီပင်လယ်ကြီးလိုပဲ ဖြစ်ပါတယ်။ လူတွေရဲ့ မကောင်းတဲ့ အပြုအမူတွေကြောင့် ကိုယ်တော်မြတ်ရဲ့ စိတ်ထားက မတုန်လှုပ်ခဲ့ပါဘူး။

တစ်ခါက မက္ကဟ် မြို့မှာ လူတွေက တမန်တော်မြတ် (ဆွ) ကို အလွန်အမင်း နှောင့်ယှက်ညှဉ်းပန်းကြတဲ့အတွက် ကိုယ်တော်မြတ်ဟာ သွအိဖ်မြို့ကို သွားရောက်ခဲ့ပါတယ်။

ကိုယ်တော်မြတ်(ဆွ) သွအိဖ်မြို့ကို ရောက်လာကြောင်း အဲဒီမြို့က မုရှ်ရစ်က်တွေ၊ အလ္လာဟ်အရှင်မြတ်ကို မယုံကြည်သူတွေ သိသွားကြပါတယ်။ အဲဒီနောက် ကလေးငယ်တွေကို ငွေပေးတာဖြစ်စေ၊ တခြားနည်းလမ်းနဲ့ဖြစ်စေ ခိုင်းစေပြီး တမန်တော်မြတ် (ဆွ) ကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်စေခဲ့ကြပါတယ်။

ကိုယ်တော်မြတ် မြို့ထဲဝင်လာတဲ့အခါ ကလေးငယ်တွေ အုပ်စုလိုက် လိုက်လာကြပြီး ကျောက်ခဲတွေနဲ့ ပစ်ပေါက်ကြပါတယ်။

ကလေးလေး ဆယ်ယောက်၊ နှစ်ဆယ်ယောက် မဟုတ်ပါဘူး။ လေးဆယ်၊ ငါးဆယ်လောက် ရှိနိုင်ပါတယ်။ ကိုယ်တော်မြတ်ဟာ သူတို့ရဲ့ ကျောက်ခဲတွေကို ရှောင်ရင်း လမ်းတစ်လမ်းကနေ နောက်လမ်းတစ်လမ်းကို ကြွမြန်း ခဲ့ရပါတယ်။

ဒီလိုနဲ့ ကိုယ်တော်မြတ်(ဆွ) ဟာ အလွန်ပင်ပန်းနွမ်းနယ်သွားခဲ့ပါတယ်။ နေရာအနှံ့ ကြွမြန်း ရင်း ကျောက်ခဲတွေနဲ့ အဆက်မပြတ် ပစ်ပေါက်ခံခဲ့ရပါတယ်။

နောက်ဆုံးမှာ ကိုယ်တော်မြတ် (ဆွ) ဟာ တအိဖ်မြို့အပြင်ဘက်ကို ထွက်လာခဲ့ပါတယ်။

အဲဒီမှာ ဥယျာဉ်တစ်ခုရှိပြီး နံရံတစ်ခုလည်း ရှိပါတယ်။ နံရံဘေးမှာ အရိပ်ရတဲ့နေရာတစ်ခု ရှိတဲ့အတွက် ကိုယ်တော်မြတ်(ဆွ) ဟာ အဲဒီနေရာမှာ ထိုင်ပြီး အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီဥယျာဉ်ပိုင်ရှင်ဟာလည်း မုရှ်ရစ်က်တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ကိုယ်တော်မြတ်(ဆွ) ကို မြင်တဲ့အခါ သနားစိတ်ဝင်လာခဲ့ပါတယ်။

ဒါနဲ့ သူ့ရဲ့ ကျွန်တစ်ယောက်ကို ခေါ်ပြီး ရေတစ်ခွက်ပေးကာ ပြောလိုက်ပါတယ်။

“ဒီရေကို နံရံဘေးမှာ ထိုင်နေတဲ့ အဲဒီလူဆီ သွားပေးလိုက်ပါ။ ဒါပေမဲ့ သူနဲ့ စကားမပြောနဲ့။ သူဟာ မှော်ဆရာတစ်ယောက်ဖြစ်ပြီး မင်းကို သူ့ရဲ့ မှော်အတတ်နဲ့ လှည့်စားလိမ့်မယ်။ ရေကိုပဲ ပေးပြီး ပြန်လာခဲ့ပါ” လို့ ပြောပါတယ်။

အဲဒီကျွန်ဟာ ရေတစ်ခွက်ကို ယူပြီး တမန်တော်မြတ် (ဆွ) ဆီကို လျှောက်သွားခဲ့ပါတယ်။

ကိုယ်တော်မြတ်နဲ့ နီးလာတဲ့အခါ သူဟာ အနည်းငယ် ကြောက်ရွံ့နေခဲ့ပါတယ်။ သူ့သခင်က ဒီလူဟာ မှော်ဆရာဖြစ်တယ်လို့ ပြောထားတဲ့အတွက် ဘယ်လိုလုပ်ရမလဲဆိုပြီး စိတ်ထဲမှာ တွေးနေခဲ့တာ ဖြစ်ပါတယ်။

ကိုယ်တော်မြတ် (ဆွ) နဲ့ နှစ်မီတာ၊ သုံးမီတာလောက်ပဲ ဝေးတော့တဲ့အချိန်မှာ တမန်တော်မြတ် (ဆွ) ဟာ ကိုယ်တော်မြတ်ရဲ့ ထုံးစံအတိုင်း အရင်ဆုံး နှုတ်ဆက်လိုက်ပါတယ်။

“အက်စ်စလာမု အလိုင်ကွမ်” (السلام عليكم)

အဓိပ္ပာယ်ကတော့ “သင်တို့အပေါ် ငြိမ်းချမ်းမှု မင်္းလာ အဖြာဖြာကျရောက်ပါစေ” ဖြစ်ပါတယ်။

ဒီနေရာမှာ စဉ်းစားကြည့်ပါ။

အဲဒီခေတ်က ကျွန်တစ်ယောက်ကို လူအများစုဟာ တန်ဖိုးရှိသူတစ်ယောက်အဖြစ် သဘောမထားကြပါဘူး။ သူ့ကို ကိုယ်ပိုင်အခွင့်အရေးနဲ့ ဂုဏ်သိက္ခာရှိတဲ့ လူသားတစ်ယောက်အဖြစ် လေးစားဆက်ဆံမှု မပေးကြတာများပါတယ်။

ဒါပေမဲ့ တမန်တော်မြတ် (ဆွ) ကတော့ အဲဒီကျွန်ကို ပထမဆုံးတွေ့တဲ့အချိန်မှာပင် ငြိမ်းချမ်းရေး နှုတ်ခွန်းဆက်စကားကို ပြောကြားခဲ့ပါတယ်။

ကိုယ်တော်မြတ်ရဲ့ ဒီလိုဆက်ဆံမှုဟာ အဲဒီကျွန်အတွက် အလွန်ထူးခြားတဲ့ အတွေ့အကြုံတစ်ခု ဖြစ်ခဲ့ပါတယ်။

ပြီးတော့ တမန်တော်မြတ် (ဆွ) က နူးညံ့ကြင်နာစွာနဲ့ မေးမြန်းလိုက်ပါတယ်။

“ညီလေး၊ မင်း ဘယ်ဒေသကလဲ။”

သူက ပြန်ဖြေပါတယ်။

“အရှင်၊ ကျွန်တော် နိုင်းနဝါမြို့ကပါ။”

တမန်တော်မြတ် (ဆွ) က ပြောပါတယ်။

“အော်၊ နိုင်းနဝါမြို့လား?  အဲဒီမြို့ဟာ ကျွန်ုပ်ရဲ့ နောင်တော် ယူနွတ်စ် (အ.စ) နဲ့ သက်ဆိုင်တဲ့ နေရာပဲ။”

အဲဒီလူက အံ့အားသင့်သွားပြီး မေးလိုက်ပါတယ်။

“အရှင်၊ ကိုယ်တော်က ယူနွတ်စ် (အ.စ) ကို သိပါသလား? ”

တမန်တော်မြတ် (ဆွ) က ပြန်ဖြေပါတယ်။

“သိတာပေါ့။ သူဟာလည်း ငါလိုပဲ အလ္လာဟ်အရှင်မြတ်ရဲ့ နဗီတမန်တော်တစ်ပါး ဖြစ်တယ်။”

အဲဒီနောက် တမန်တော်မြတ် (ဆွ) ဟာ နဗီတမန်တော် ယူနွတ်စ် (အ.စ) အကြောင်းကို စိတ်ဝင်တစား ပြောပြခဲ့ပါတယ်။ သူ့အကြောင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း ဆက်လက်ရှင်းပြခဲ့ပါတယ်။

ဒီလိုနဲ့ အဲဒီကျွန်ဟာ တမန်တော်မြတ် (ဆွ) ရှေ့မှာ ဒူးထောက်ထိုင်လိုက်ပါတယ်။ ကိုယ်တော်မြတ်နဲ့အတူ ထိုင်ပြီး စကားပြောခဲ့ပါတယ်။

မိနစ်အနည်းငယ် ကြာတဲ့အခါ သူက မေးလိုက်ပါတယ်။

“အရှင်၊ ကိုယ်တော်ရဲ့ သာသနာထဲကို ဘယ်လိုဝင်ရောက်နိုင်ပါသလဲ? ”

အဲဒီနောက် သူဟာ အစ္စလာမ်သာသနာကို လက်ခံလိုက်ပါတယ်။

သူ အစ္စလာမ်သာသနာကို လက်ခံလိုက်တဲ့အခါ တမန်တော်မြတ် (ဆွ) ဟာ ဝမ်းမြောက်ဝမ်းသာနဲ့ မတ်တတ်ရပ်ပြီး ပြောလိုက်ပါတယ်။

“ဒီအတွက်ပဲ ငါ သွအိဖ်မြို့ကို လာခဲ့တာ။ ဒီအတွက်ပဲ ငါ ဒီမြို့ကို လာခဲ့တာ။”

ချစ်ခင်လေးစားအပ်တဲ့ ညီအစ်ကိုမောင်နှမတို့ခင်ဗျာ၊

တမန်တော်မြတ် (ဆွ) ဟာ လူတွေကို ဘယ်လိုဆွဲဆောင်ခဲ့ပါသလဲ?

အဓိကအားဖြင့် ကိုယ်တော်မြတ် (ဆွ) ရဲ့ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရား၊ နူးညံ့သိမ်မွေ့တဲ့ ဆက်ဆံရေးနဲ့ လူသားတွေအပေါ် ကြင်နာတတ်တဲ့ စိတ်ထားကြောင့် ဖြစ်ပါတယ်။

ကျွန်ုပ်တို့ဟာ ယနေ့ခေတ်မှာတော့ စိတ်တိုလွယ်လာကြပါတယ်။ အနည်းငယ်လေးနဲ့ ဒေါသထွက်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အလွယ်တကူ စကားများရန်ဖြစ်ကြတယ်။ သည်းခံနိုင်စွမ်းလည်း နည်းလာကြပါတယ်။

ကျွန်ုပ်တို့ ပြုလုပ်နေကြတဲ့ ဝတ်ပြုကိုးကွယ်မှုတွေနဲ့ ကောင်းမှုကုသိုလ်အများအပြားဟာ ဒီလို ဒေါသကြီးခြင်း၊ အကျင့်စာရိတ္တဆိုးခြင်းတွေကြောင့် ဆုံးရှုံးသွားနိုင်ပါတယ်။

တမန်တော်မြတ် (ဆွ) က မကောင်းတဲ့ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး သတိပေးမိန့်ကြားထားပါတယ်။ မကောင်းတဲ့ အကျင့်စာရိတ္တဟာ လူတစ်ယောက်ရဲ့ ကောင်းမှုကုသိုလ်တွေကို ပျက်စီးစေနိုင်ကြောင်းလည်း သတိပြုသင့်ပါတယ်။

အထူးသဖြင့် မိသားစုအတွင်းမှာ အကျင့်စာရိတ္တကောင်းမွန်ဖို့ အလွန်အရေးကြီးပါတယ်။

ချစ်ခင်လေးစားအပ်တဲ့ ညီအစ်ကိုမောင်နှမတို့ခင်ဗျာ၊ ကျွန်ုပ်တို့အားလုံး အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံဆုတောင်းကြရအောင်။ မိမိတို့ရဲ့ အကျင့်စာရိတ္တကို ကောင်းမွန်အောင် ကြိုးစားကြရအောင်။

အိမ်ထဲမှာ အထူးသဖြင့် သတိထားကြဖို့ လိုပါတယ်။

ဘာကြောင့်လဲဆိုတော့ အကျင့်စာရိတ္တဆိုးခြင်းဟာ သင်္ချိုင်းတွင်း (ကဗရ် တွင်း) မှာ အပြစ်ဒဏ်ခံရခြင်း၊ သင်္ချိုင်းတွင်း ဖိအားဒဏ်ခံရခြင်းနဲ့လည်း ဆက်စပ်တယ်လို့ ဘာသာရေးဟောပြောချက်တွေမှာ ဖော်ပြကြပါတယ်။

ဒီနေရာမှာ စဉ်းစားကြည့်ပါ။

အလ္လာဟ်အရှင်မြတ်ဟာ ကျွန်ုပ်တို့ကို သင်္ချိုင်းတွင်းမှာ ဖိအားပေးဖို့ ဘာကြောင့် လိုအပ်ပါသလဲ? အလ္လာဟ်အရှင်မြတ်ဟာ ကျွန်ုပ်တို့ကို အဲဒီလို ဖိအားပေးရခြင်းကနေ ဘာအကျိုးအမြတ် ရရှိမှာပါလဲ? 

အလ္လာဟ်အရှင်မြတ်ဟာ ဘယ်သူ့ကိုမှ မလိုအပ်တဲ့ အရှင်ဖြစ်ပါတယ်။

သင်္ချိုင်းတွင်းမှာ ခံစားရတဲ့ ဖိအားဒဏ်ဟာ လူတစ်ယောက်က ဒီလောကမှာ အခြားသူတွေကို နာကျင်စေခဲ့ခြင်း၊ ဖိအားပေးခဲ့ခြင်းတို့ရဲ့ အကျိုးဆက်တစ်ခု ဖြစ်ပါတယ်။

ကျွန်ုပ်တို့ဟာ တခြားသူတွေကို ဘယ်လိုဆက်ဆံခဲ့သလဲဆိုတာနဲ့အညီ မိမိတို့ရဲ့ လုပ်ရပ်တွေရဲ့ အကျိုးဆက်ကို ပြန်လည်ခံစားရနိုင်ပါတယ်။

ဥပမာအားဖြင့် ကျွန်ုပ်ဟာ အိမ်တစ်အိမ်ထဲမှာ နေထိုင်နေတယ်ဆိုပါစို့။ အဲဒီအိမ်ဟာ လူအနည်းငယ်သာ လှုပ်ရှားနိုင်လောက်အောင် ကျဉ်းမြောင်းတဲ့ နေရာတစ်ခု ဖြစ်နိုင်ပါတယ်။ အဲဒီအိမ်ထဲမှာ မိသားစုဝင်တွေဟာ တစ်သက်တာလုံး အတူတကွ နေထိုင်ကြရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကျွန်ုပ်ဟာ အမြဲတမ်း စိတ်တိုနေမယ်၊ ဒေါသထွက်နေမယ်၊ အခြားသူတွေကို ကြမ်းတမ်းစွာ ဆက်ဆံနေမယ်ဆိုရင် အဲဒီအိမ်ဟာ ကျွန်ုပ်တို့ မိသားစုအတွက် ထောင်တစ်ခုလို ဖြစ်သွားပါလိမ့်မယ်။

ကျွန်ုပ်ရဲ့ အပြုအမူကြောင့် အိမ်ထဲမှာရှိတဲ့ လူတွေဟာ စိတ်ဆင်းရဲမှု၊ စိတ်ဖိစီးမှုတွေနဲ့ နေထိုင်ကြရပါလိမ့်မယ်။

သူတို့ကို ကျွန်ုပ်က စိတ်ဖိစီးမှုတွေနဲ့ နာကျင်မှုတွေ ဖြစ်စေခဲ့မယ်ဆိုရင် ကျွန်ုပ်ကိုယ်တိုင်လည်း အဲဒီလုပ်ရပ်တွေရဲ့ အကျိုးဆက်ကို ခံစားရနိုင်ပါတယ်။

လူတစ်ယောက်ဟာ ဘယ်လိုလုပ်ရပ်မျိုးကို ပြုလုပ်သလဲဆိုတာနဲ့အညီ အဲဒီလုပ်ရပ်ရဲ့ အကျိုးဆက်ကို ပြန်လည်ရရှိနိုင်ပါတယ်။

တစ်ခါတလေ ကျွန်ုပ်တို့ဟာ လမ်းပေါ်မှာဖြစ်စေ၊ ဈေးထဲမှာဖြစ်စေ လူတစ်ယောက်နဲ့ တွေ့ဆုံကြတယ်။ အဲဒီလူက ကျွန်ုပ်တို့ကို မကောင်းတဲ့အပြုအမူတစ်ခု ပြုလုပ်တယ်၊ ကျွန်ုပ်တို့အပေါ် အမှားတစ်ခု ကျူးလွန်တယ်ဆိုပါစို့။

အဲဒီအခါ ကျွန်ုပ်တို့ကလည်း စိတ်တိုပြီး သူ့ကို ကြမ်းတမ်းစွာ ပြန်လည်တုံ့ပြန်မိနိုင်ပါတယ်။

ဒါပေမဲ့ အဲဒီလူကို ကျွန်ုပ်တို့ဟာ နောက်တစ်ကြိမ် ပြန်တွေ့ချင်မှ တွေ့ရတော့မှာပါ။ တစ်သက်တာမှာ တစ်ကြိမ်တည်း တွေ့ဆုံခဲ့ရတာလည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် အဲဒီဖြစ်ရပ်ဟာ တစ်ကြိမ်တည်းနဲ့ ပြီးဆုံးသွားနိုင်ပါတယ်။

ဒါပေမဲ့ မိသားစုအတွင်းမှာတော့ အခြေအနေက မတူပါဘူး။

အိမ်ထဲမှာရှိတဲ့ မိသားစုဝင်တွေဟာ နေ့စဉ်နဲ့အမျှ အတူတကွ နေထိုင်ကြရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်း တွေ့ဆုံနေကြရပါတယ်။

အဲဒီလို အခြေအနေမျိုးမှာ ကျွန်ုပ်တို့က အမြဲတမ်း စိတ်တိုနေမယ်၊ ဒေါသကြီးနေမယ်၊ အခြားသူတွေကို ကြမ်းတမ်းစွာ ဆက်ဆံနေမယ်ဆိုရင် မိသားစုဝင်တွေအတွက် အိမ်ဟာ နေထိုင်ဖို့ ခက်ခဲတဲ့နေရာ၊ ထောင်တစ်ခုလို ဖြစ်သွားပါလိမ့်မယ်။

ဒါကြောင့် ချစ်ခင်လေးစားအပ်တဲ့ ညီအစ်ကိုမောင်နှမတို့ခင်ဗျာ ...

ကျွန်ုပ်တို့ရဲ့ အိမ်တွေကို ထောင်တွေလို မဖြစ်စေကြပါနဲ့။ အိမ်တွေကို ငြိမ်းချမ်းမှု၊ ချစ်ခြင်းမေတ္တာ၊ သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်းတို့ ပြည့်ဝတဲ့ နေရာတွေ ဖြစ်အောင် ကြိုးစားကြပါစို့။

တမန်တော်မြတ် (ဆွ) ရဲ့ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားကို စံနမူနာယူပြီး မိမိတို့ရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ ပတ်ဝန်းကျင်က လူတွေအပေါ် နူးညံ့သိမ်မွေ့စွာ ဆက်ဆံကြပါစို့။

အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အားလုံးကို ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားကို ပိုင်ဆိုင်နိုင်သူများ ဖြစ်စေတော်မူပါစေ။ 

အာမီးန်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha