၉ နိုဝင်ဘာ ၂၀၂၆ - ၂၃:၄၁
ရုရှား၏ ပါဝင်မှုဖြင့် ဥရောပ၌ လုံခြုံရေးဖွဲ့စည်းပုံအသစ် တည်ဆောက်ရန် ထရမ့်၏ အဆိုပြုချက်အပေါ် ဥရောပနိုင်ငံများ စိုးရိမ်နေ

အမေရိကန်တာဝန်ရှိသူများက ရုရှားပါဝင်သည့် ဥရောပလုံခြုံရေးဖွဲ့စည်းပုံအသစ်တစ်ရပ် တည်ထောင်ရန် အဆိုပြုလာပြီးနောက် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒတာဝန်ရှိသူက မော်စကိုနှင့် ဆွေးနွေးညှိနှိုင်းမည်မဟုတ်ကြောင်း ပယ်ချပြောဆိုခဲ့ပြီး ယူကရိန်းအရေး ဆွေးနွေးမှုလုပ်ငန်းစဉ်တွင် ဥရောပပါဝင်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အမေရိကန်မီဒီယာများက သံတမန်သတင်းရင်းမြစ်များကို ကိုးကား၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့က ရုရှားပါဝင်မှုဖြင့် ဥရောပ၌ လုံခြုံရေးဖွဲ့စည်းပုံအသစ်တစ်ရပ် တည်ထောင်ရန် အဆိုပြုထားခြင်းအပေါ် ဥရောပနိုင်ငံများအနေဖြင့် အလွန်အမင်း စိုးရိမ်မှုနှင့် သံသယများရှိနေကြောင်း ဖော်ပြခဲ့ပါတယ်။

အဆိုပါသတင်းအရ ဝါရှင်တန်၏ ဥရောပတစ်ဝန်းလုံးအတွက် ပြည့်စုံသော လုံခြုံရေးစနစ်တစ်ရပ် တည်ထောင်ရန် အဆိုပြုချက်မှာ ရှင်းလင်းတိကျမှုမရှိသည့်အတွက် ဥရောပမြို့တော်များတွင် စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့ပါတယ်။ အကြောင်းမှာ ထိုအစီအစဉ်ကြောင့် ဥရောပနိုင်ငံများကို ဘေးဖယ်ထားခံရနိုင်သည်ဟု ဥရောပနိုင်ငံများက စိုးရိမ်နေကြခြင်းဖြစ်ပါတယ်။

ထို့ပြင် အမေရိကန်၏ အဆိုပါအစီအစဉ်နှင့်ပတ်သက်၍ နေတိုးအဖွဲ့ကိုလည်း ကြိုတင်အသိပေးထားခြင်းမရှိခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားပါတယ်။ ဥရောပသမဂ္ဂ၏ သံတမန်များ၊ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များသည်လည်း ယင်းအဆိုပြုချက်အပေါ် သံသယရှိနေကြပါတယ်။

အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် ဂျရက် ကွရှ်နာက နိုဝင်ဘာလ ၄ ရက်နေ့တွင် ယူကရိန်းအကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဝါရှင်တန်သည် ပြည့်စုံသော လုံခြုံရေးဖွဲ့စည်းပုံတစ်ရပ် တည်ထောင်ရန် ကြိုးပမ်းနေကြောင်း ကြေညာခဲ့ပါတယ်။

၎င်းက ဥရောပ၌ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရန် ရုရှားနှင့် အမေရိကန်၏ နေတိုးမဟာမိတ်နိုင်ငံများ ပါဝင်သည့် သဘောတူညီချက်များ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့အပြင် ထရမ့်ကလည်း နိုဝင်ဘာလ ၅ ရက်နေ့တွင် ယူကရိန်းအရေးတစ်ခုတည်းကို ကျော်လွန်သည့် ဥရောပဆိုင်ရာ အရေးပါသော လုံခြုံရေးသဘောတူညီချက်တစ်ရပ်ကို ပြင်ဆင်နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ထို့ပြင် ရုရှားနှင့် အမေရိကန်တို့သည် ယူကရိန်းအကျပ်အတည်း ဖြေရှင်းရေးနှင့် ဥရောပလုံခြုံရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ် ရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း ယုံကြည်မှုရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းတွင် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒတာဝန်ရှိသူ ကာယာ ကာလတ်စ်က နိုဝင်ဘာလ ၆ ရက်နေ့တွင် ဥရောပသမဂ္ဂအနေဖြင့် ဥရောပလုံခြုံရေးဖွဲ့စည်းပုံအသစ် တည်ထောင်ရေးနှင့်ပတ်သက်၍ ရုရှား၊ အမေရိကန်တို့နှင့် ဆွေးနွေးညှိနှိုင်းရန် ရည်ရွယ်ချက်မရှိကြောင်း ပြောကြားခဲ့ပါတယ်။

လက်ရှိလုံခြုံရေးစနစ်ကို ဆက်လက်ထိန်းသိမ်းထားရန်သာ ၎င်းတို့က ရည်ရွယ်ထားကြောင်းလည်း ဆိုခဲ့ပါတယ်။

ထို့အပြင် ယူကရိန်းအရေးနှင့်ပတ်သက်၍ ဝါရှင်တန်နှင့် မော်စကိုတို့အကြား ပြုလုပ်မည့် ဆွေးနွေးညှိနှိုင်းမှုများတွင် ဥရောပသမဂ္ဂ ပါဝင်ရန် လိုအပ်ကြောင်းကိုလည်း ကာယာ ကာလတ်စ်က အလေးပေးပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha