အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
နေပြည်တော် မစိုးရိမ်တိုက်သစ်ရှိ သံဃာတော် ၇၂ ပါးတွင် COVID-19 ရောဂါ ပိုးတွေ့ရှိသဖြင့် ကျောင်းတိုက်အား Lockdown ချထားကြောင်း အဆိုပါကျောင်းတိုက်မှ သံဃာတော်တစ်ပါးက မိန့်ကြားသည်။
ယင်းကျောင်းတိုက်တွင် သံဃာတော် ၂၁၇ ပါး ရှိသည့်အနက် ၇၂ ပါးတွင် ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဇွန် ၁၇ ရက်တွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကာ ဇွန် ၂၁ ရက်တွင် ၇၂ ပါးအထိ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
“ကျောင်းရှိ သံဃာ ၂၁၇ ပါးထဲကမှ ၇၂ ပါးမှာ ပိုးတွေ့တာ။ လက်ရှိ အခြေအနေကတော့ တည်ငြိမ်ပါတယ်။ အဆင်မပြေတာလည်း ဘာမှတော့ မရှိသေးပါဘူး” ဟုအဆိုပါ ဆရာတော်က မိန့်ကြားသည်။
ရောဂါပိုး တွေ့ရှိခဲ့သည့် သံဃာတော်များကို နေပြည်တော်ရှိ ခုတင် ၃၀၀ တပ်မတော်ဆေးရုံနှင့် ခုတင် ၁၀၀၀ ဆေးရုံများတွင် တင်ပို့ကုသထားကြောင်း သိရသည်။
“ဆေးရုံ နှစ်ခုမှာ ခွဲထားတယ်။ ဒီကလည်း (ကျောင်းတိုက်) ကျန်တဲ့ သံဃာတော်တွေကလည်း ရေချိုးဆပ်ပြာ၊ စားစရာ သောက်စရာ အစရှိတာပေါ့။ သုံးစရာလိုအပ်တဲ့ ပစ္စည်းတွေကို ပို့ပေးတယ်။ အားရှိမယ့် ကြက်ပေါင်းရည်တို့ ဌက်သိုက်တို့ပေါ့။ အပြင်ဘက်က လူတွေနဲ့ ချိတ်ဆက်ပြီး ပို့ပေးနေတယ်” ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။
အဆိုပါ ကျောင်းတိုက်မှာ နေပြည်တော် သပြေကုန်းရပ်ကွက် ဇမ္ဗူသီရိမြို့နယ်တွင် တည်ရှိပြီး နှစ်စဉ် စာသင်သား သံဃာတော်များကိုလည်း လက်ခံကာ စာပေများ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် နေပြည်တော်အတွင်း၌လည်း ရောဂါပိုး တွေ့ရှိလာသဖြင့် နေပြည်တော် အဝင်အထွက်ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်နေပြီး Stay at Home မြို့နယ်များမှ လာရောက်သူများကို Quarantine ထားရှိကာ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
နေပြည်တော်ကောင်စီ နယ်မြေအတွင်း၌ ခရီးသွားများမှတစ်ဆင့် COVID-19 ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ကောင်စီနှင့် ညှိနှိုင်း၍ ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်မည့် နေရာများကို သတ်မှတ်မည်ဟု သိရသည်။
“COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းလမ်းညွှန်များအား ပြန်လည် သုံးသပ်ကာ ဝင်ထွက်ဂိတ်များမှာ ပိုမိုအားဖြည့် ဆောင်ရွက်သွားမည့် လုပ်ငန်းများကတော့ နေပြည်တော်သို့ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ခရီးသွားပြည်သူများ လာရောက်ပါက ကိုယ်အပူချိန် တိုင်းတာခြင်း လုပ်ငန်း လမ်းညွှန်အတိုင်း ဆောင်ရွက်ပြီး ကိုယ်အပူချိန် မြင့်လာပါက လည်းကောင်း၊ သံသယလက္ခဏာ တွေ့ရှိရပါက လည်းကောင်း၊ လက်ချောင်းထိပ်တွင် Pulse Oximeters ဖြင့် သွေးတွင်း အောက်ဆီဂျင် (SpO2) တိုင်းတာခြင်းများအား ဆောင်ရွက်ပြီး SpO2 ၉၂ ရာခိုင်နှုန်းအောက်ရှိသော ခရီးသွားများအား ခေတ္တနားနေစေ၍ ပြန်လည် တိုင်းတာရန်နှင့် ပြန်လည် တိုင်းတာရာတွင် သွေးတွင်း အောက်ဆီဂျင် ၉၂ ရာခိုင်နှုန်းအောက်ရှိပါက လည်းကောင်း၊ RDT ဖြင့် စစ်ဆေး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ RDT နဲ့ စစ်ဆေးဖို့ လိုအပ်ပါက ဆေးစစ်ကုန်ကျစရိတ်ကို သကာယကံရှင်များက ပေးဆောင်ရပါမည်” ဟု သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားထားသည်။
Stay at Home သတ်မှတ်ထားသော မြို့နယ်များမှ နေပြည်တော်သို့ ဝင်ရောက်လာသူများကို အသွားအလာ ကန့်သတ်မှု ၁၀ ရက် ထားရှိမည်ဖြစ်ပြီး သုံးရက်မြောက်နေ့တွင် ပထမအကြိမ် RDT Test Kit ဖြင့် စစ်ဆေးခြင်းနှင့် ခုနစ်ရက်မြောက်နေ့တွင် ဒုတိယအကြိမ် RT-PCR ဖြင့် စစ်ဆေးခြင်းများကို ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ထို့ပြင် COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေများအား စဉ်ဆက်မပြတ်သုံးသပ်ပြီး လိုအပ်သည့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
နေပြည်တော်တွင် COVID-19 ရောဂါပိုး အများဆုံး တွေ့ရှိထားသည့်မြို့နယ်မှာ ဇမ္ဗူသီရိမြို့နယ်ဖြစ်ပြီး ဇွန် ၁၉ ရက်အထိ စာရင်းအရ ရောဂါပိုးတွေ့ရှိသူ အသစ် ၆၄ ဦးရှိကြောင်း နေပြည်တော်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
*****************************************************************
END / 251
နေပြည်တော် မစိုးရိမ် တိုက်သစ် ရှိ သံဃာတော် ၇၂ ပါးတွင် COVID-19 ရောဂါပိုး တွေ့ရှိသဖြင့် ကျောင်းတိုက် အား Lockdown ချထား
၂၂ ဇွန် ၂၀၂၁ - ၁၉:၂၄
News ID: 1152908
နေပြည်တော် မစိုးရိမ်တိုက်သစ်ရှိ သံဃာတော် ၇၂ ပါးတွင် COVID-19 ရောဂါ ပိုးတွေ့ရှိသဖြင့် ကျောင်းတိုက်အား Lockdown ချထားကြောင်း အဆိုပါကျောင်းတိုက်မှ သံဃာတော်တစ်ပါးက မိန့်ကြားသည်။