အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
ဖေဖေါ်ဝါရီ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက ဖြစ်ပွားနေဆဲ မြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေ ဖိနှိပ်မှုတွေကို အဆုံးသတ်စေရေး နိုင်ငံတကာအသိုင်းအဝန်းရဲ့ကြိုးပမ်းအားထုတ်မှုတွေကို အမေရိကန်နဲ့ ကုလတို့ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန်ဒုနိုင်ငံခြားရေးဝန်ကြီးဝင်ဒီရှာမန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ် ခရစ္စတင်းရှရန်နာဘာဂနာနဲ့ အင်္ဂါနေ့က ဝါရှင်တန်ဒီစီမှာတွေ့ဆုံခဲ့တဲ့အစည်းအဝေးအတွင်း အာဆီယံဘုံသဘောတူညီချက် ၅ချက်ကို အကောင်အထည်ဖော်ရေးမြန်မာစစ်တပ်ကို ဖိအားပေးအရေးယူမှုတွေလုပ်ဖို့ အာဆီယံကိုတိုက်တွန်းရေးနဲ့ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်း ပြန်လျှောက်ရေး မြန်မာပြည်သူလူထုရဲ့ကြိုးပမ်းအားထုတ်မှုတွေကို အားပေးထောက်ခံကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံတွင်း ပဋိပက္ခဒဏ်ထိခိုက်ခံစားနေရတဲ့သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့လူသားချင်းစာနာထောက်ပံ့မှုတွေ လုံခြုံစိတ်ချမှုရှိစွာပေးပို့နိုင်ဖို့ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း ဆွေးနွေးခဲ့ကြသလို ဒုက္ခသည်တွေနဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူတွေကို လုံခြုံဘေးကင်းစေရေး ထောက်ပံ့ကူညီပေးသွားဖို့ ဒေသတွင်းနိုင်ငံတွေကို တွန်းအားပေးသွားဖို့အကြောင်းကိုပါ ဆွေးနွေးခဲ့ကြတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်က ထုတ်ပြန်ချက်ထဲမှာပြောကြားခဲ့ပါတယ်။
မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေအဆုံးသတ်ရေးနဲ့ ဒီမိုကရေစီအရေးမြန်မာလူထုရဲ့ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံပြီး လိုအပ်တဲ့လူသားချင်းစာနာထောက်ပံ့ရေးတွေပေးနိုင်ဖို့ အပြုသဘောဆောင် တဲ့ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း ဝင်ဒီရှာမန်က တွစ်တာမှာရေးသားခဲ့ပါတယ်။ ဖေဖေါ်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးမှုနဲ့ပတ်သက်ပြီး ရှုတ်ချကြောင်းနဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံနဲ့ လက်နက်အရောင်း အဝယ်တွေအဆုံးသတ်ရေး ကုလအထွေထွေညီလာခံမှာ အဆိုပြု ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီးနောက် တစ်ပတ်အကြာမှာ အမေရိကန်နဲ့ကုလတို့ဆွေးနွေးမှု ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ဖေဖေါ်ဝါရီကတည်းက မြန်မာစစ်တပ်ရဲ့အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် အရပ်သား ၉၀၀ နီးပါးသေဆုံးခဲ့ရပြီး နိုင်ငံရေးခေါင်းဆောင်တွေအပါအဝင် လူပေါင်း ၆ထောင်ခန့် ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။ ဒါ့အပြင် လူပေါင်းထောင်နဲ့ချီ ထိုင်းနိုင်ငံနဲ့ အိန္ဒိယရဲ့ မီဇိုရမ်ဒေသဆီ ထွက်ပြေးခိုလှုံနေရပါတယ်။
The Daily Star သတင်းဌာနပါ “US, UN discuss int’l community’s efforts to end violence after Myanmar coup” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
*****************************************************************
END / 251