အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၁,၃၁၂ ယောက် ရှိခဲ့ပြီး ကယားပြည်နယ်ကလွဲ ကျန်တိုင်းနဲ့ပြည်နယ် ၁၄ ခု မြို့နယ်ပေါင်း ၁၅၆ ခုက ပါဝင် လာကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။
ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၈,၂၃၂ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၁,၃၁၂ ယောက် တွေ့ရှိခဲ့ရတာမို့ ပိုးတွေ့နှုန်း ၁၅ ဒသမ ၉၄ ရာခိုင်နှုန်း ရှိနေခဲ့ကာ ပြီးခဲ့တဲ့ ရက်တွေကထက် ပိုမိုများပြားလာပါတယ်။
ဒါ့အပြင် လူနာ ၁၁ ယောက် ထပ်မံသေဆုံးတာမို့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး စုစုပေါင်းသေဆုံးသူ ၃,၃၂၀ ယောက်၊ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၅၅,၆၉၇ ယောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။
ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် ပိုးတွေ့လူနာသစ် တွေ့ရှိရတဲ့နှုန်းမှာတော့ ပဲခူးတိုင်းဒေသကြီး မြို့နယ် ၁၉ ခုမှာ ၂၈၁ ယောက်၊ ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၂၇ ခုမှာ ၁၈၀ ယောက်စီနဲ့ အများဆုံးဖြစ်ပြီး သူ့နောက်မှာ စစ်ကိုင်းတိုင်းဒေသကြီးက ၁၅၁ ယောက်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေက ၁၃၇ ယောက်စီ အသီးသီးနဲ့ အများဆုံး ကူးစက်ခံထားရပါတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်နေ့က ကြေညာထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ပိုးတွေ့ရှိသူ ၁၁ ဦး တွေ့ရှိရတယ်လို့ ဆိုပါတယ်။
*****************************************************************
END / 251
၃၀ ဇွန် ၂၀၂၁ - ၁၉:၁၈
News ID: 1155560
မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၁,၃၁၂ ယောက် ရှိခဲ့ပြီး ကယားပြည်နယ်ကလွဲ ကျန်တိုင်းနဲ့ပြည်နယ် ၁၄ ခု မြို့နယ်ပေါင်း ၁၅၆ ခုက ပါဝင် လာကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။