၉ ဇူလိုင် ၂၀၂၁ - ၀၉:၃၄
 ကပ် ဘေးကြီးလို ဆိုးရွားနေတဲ့ မြန်မာရဲ့အခြေ အနေဟာ ဒေသတွင်း ကျယ်ကျယ် ပြန့်ပြန့် အန္တရာယ်တွေ ဖြစ်လာဖို့ ဦးတည် နေကြောင်း ကုလ သတိပေး

ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံကဆိုးရွားတဲ့အခြေအနေတွေကြောင့် နိုင်ငံဟာပြည်တွင်းစစ်ကြီးဆီဦးတည်နေကြောင်းနဲ့ ဒေသတွင်းလုံခြုံရေး တည်ငြိမ်ရေးကိုပါ ထိခိုက်မှုတွေရှိလာနိုင်ကြောင်း ကုလလူ့အခွင့်အရေးဆိုင်ရာအကြီးအကဲက အင်္ဂါနေ့ကသတိပေးလိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံကဆိုးရွားတဲ့အခြေအနေတွေကြောင့် နိုင်ငံဟာပြည်တွင်းစစ်ကြီးဆီဦးတည်နေကြောင်းနဲ့ ဒေသတွင်းလုံခြုံရေး တည်ငြိမ်ရေးကိုပါ ထိခိုက်မှုတွေရှိလာနိုင်ကြောင်း ကုလလူ့အခွင့်အရေးဆိုင်ရာအကြီးအကဲက အင်္ဂါနေ့ကသတိပေးလိုက်ပါတယ်။


မြန်မာနိုင်ငံဟာ ပြီးခဲ့လတွေအတွင်း နိုင်ငံရေးအကျပ်အတည်းအခြေအနေကနေ ပိုမိုကြီးမားကျယ်ပြန့်တဲ့ လူ့အခွင့်အရေးဆိုင်ရာကပ်ဘေးကြီးအသွင်သို့ ပြောင်းလဲဖြစ်ပေါ်လာနေပြီဖြစ်ကြောင်း ကုလလူ့အခွင့်အရေးကောင်စီမှာ မစ်ချယ်လီဘက်ချလက်က စိတ်မကောင်းဖြစ်စွာပြောကြားခဲ့ပါတယ်။ “နိုင်ငံတစ်ဝန်းအကြမ်းဖက်မှုတွေနဲ့ ဒုက္ခခံစားရမှုတွေဟာ ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်မှု အလားအလာတွေအတွက် ကြီးမားသောပျက်ဆီးထိခိုက်မှုတွေဖြစ်စေတဲ့အပြင် ကျရှုံးနိုင်ငံအဖြစ် သို့မဟုတ် ကြီးမားကျယ်ပြန့်တဲ့ပြည်တွင်းစစ်ကြီးအသွင် ပြောင်းလဲသွားဖွယ်ရှိနေပါတယ်” လို့ သူမကပြောကြားခဲ့ပါတယ်။


“စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံမှာ ကပ်ဘေးလိုဖြစ်နေတဲ့ ဆိုးရွားတဲ့အခြေအနေတွေဟာ တည်ငြိမ်အေးချမ်းမှုပျက်ပြားမှုတွေနဲ့ ဒေသတွင်းကျယ်ကျယ်ပြန့်ပြန့် ကျရှုံးအခြေအနေတွေဖြစ်ပေါ်လာနေပါတယ်။” လို့သူမကသတိပေးပြောကြားခဲ့ပါတယ်။ အရပ်သားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုဖြုတ်ချပြီး ဖေဖေါ်ဝါရီ ၁ရက်စစ်အာဏာသိမ်းပြီးကတည်းက လူထုအုံကြွဆန္ဒပြမှုတွေ နိုင်ငံတစ်ဝန်းဖြစ်ပေါ်ခဲ့ပြီး စစ်တပ်က ရက်ရက်စက်စက်တုံ့ပြန်ခဲ့ပါတယ်။ “စစ်အာဏာသိမ်းအစမှာပဲ မြန်မာစစ်တပ်က အရပ်သားလူထုအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့်တိုးမြှင့်လာနေပါတယ်” လို့ ကုလလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက ပြောကြားခဲ့ပါတယ်။


စစ်အာဏာသိမ်းပြီးကတည်းက လူပေါင်း ၉၀၀နီးပါး အသတ်ခံခဲ့ရပြီး အရပ်သား၂သိန်းနီးပါး သူတို့နေအိမ်တွေကို စွန့်ပြီးထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူမကပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဂျာနယ်လစ်အယောက်၉၀ကျော်အပါအဝင် အရပ်သား ၅၂၀၀ ထက်မနည်း တရားလက်လွတ်ဖမ်းဆီးခံထားရတယ်လို့ ကုလရဲ့အချက်အလက်တွေမှာဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့အဓိက သတင်းမီဒီယာ၈ခုလည်း ပိတ်ခံထားရပါတယ်။


လူတွေပျောက်နေမှုတွေ ဖမ်းဆီးထိန်းသိမ်းခံရစဉ်အတွင်း ရက်စက်တဲ့နှိပ်စက်မှုတွေနဲ့ သေဆုံးမှုသတင်းအများအပြားကို ဘက်ချလက်ကထောက်ပြခဲ့ပါတယ်။ ဒါ့အပြင် အာဏာပိုင်တွေက သူတို့ရှာဖွေတဲ့သူကို မတွေ့ရင်ကျန်ရစ်သူ ဆွေမျိုးသားချင်းတွေနဲ့ ကလေးငယ်တွေကိုတောင် ဖမ်းဆီးမှုတွေလုပ်ဆောင်နေကြောင်း သူမကဆိုပါတယ်။ “မျှော်လင့်ချက်မဲ့မှုတွေလည်း မြင့်တက်လာနေပါတယ်” လို့ နိုင်ငံတစ်ဝန်းပြည်သူလူထုက လက်နက်ကိုင် ကိုယ်ပိုင်ကာကွယ်ရေးအဖွဲ့တွေဖွဲ့စည်းလာမှုကို သူမကထောက်ပြပြီး သတိပေးခဲ့ပါတယ်။ ဒီအသစ်ဖွဲ့စည်းထားတဲ့ အတိုက်အခံလက်နက်ကိုင်အဖွဲ့တွေဟာ နေရာတစ်ချို့ကိုတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေကလည်း အင်အားအလွန်အကျွံသုံး တုံ့ပြန်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။


“အကြမ်းဖက်မှုတွေအရှိန်မြင့်လာတာကြောင့် အရပ်သားတွေအတွက်ဆိုးရွားတဲ့ အကျိုးဆက်တွေဖြစ်လာနိုင်မှာကိ ကျွန်မစိုးရိမ်ပူပန်မိပါတယ်” လို့ ဘက်ချလက်ကပြောပါတယ်။ လက်နက်ကိုင်ထားသူအားလုံး အရပ်သားတွေနဲ့ အရပ်သားအဆောက်အဦးတွေဖြစ်တဲ့ ကျန်းမာရေးစင်တာတွေနဲ့ ကျောင်းတွေကို လေးစားမှုရှိ ကာကွယ်ပေးသွားဖို့ ချီလီသမ္မတဟောင်းက တောင်းဆိုခဲ့ပါတယ်။ မြန်မာပြည်သူလူထုကို ဆက်လက်တိုက်ခိုက်မှုတွေကိုတားဆီးပေးဖို့နဲ့ နိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တင်ပေးဖို့ နိုင်ငံတကာအသိုင်းအဝန်းတွေအနေနဲ့ စည်းလုံးညီညွတ်စွာနဲ့ မြန်မာစစ်တပ်ကိုဖိအားပေးဖို့ အရေးကြီးကြောင်း သူမက အခိုင်အမာပြောကြားခဲ့ပါတယ်။


Channel News Asia သတင်းဌာနပါ “Catastrophic Myanmar situation imperils wider region: UN” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။


****************************************************************

END / 251