၄ စက်တင်ဘာ ၂၀၂၁ - ၁၈:၄၄
 စစ်မီး ပြင်းထန် တောက်လောင် လာနိုင်တဲ့ ကချင် ပြည်နယ် နဲ့ ဆက်စပ် ဒေသများ

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လမ်းပေါ်ထွက်ကာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ လူထုကို သတ်ဖြတ်တာနဲ့ သွေးထွက်သံယိုဖြစ်အောင်မလုပ်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)က စစ်ကောင်စီရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးထံ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့(PCG)မှတဆင့် အမှာစကား ပါးခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီ ဘက်က လက်မခံနိုင်ကြောင်းနဲ့ လူထုရဲ့ဆန္ဒပြလှုပ်ရှားမှုနောက်မှာ ကေအိုင်အေ အနေနဲ့ ဝင်မပါဖို့ တုံ့ပြန်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လမ်းပေါ်ထွက်ကာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ လူထုကို သတ်ဖြတ်တာနဲ့ သွေးထွက်သံယိုဖြစ်အောင်မလုပ်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)က စစ်ကောင်စီရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးထံ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့(PCG)မှတဆင့် အမှာစကား ပါးခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီ ဘက်က လက်မခံနိုင်ကြောင်းနဲ့ လူထုရဲ့ဆန္ဒပြလှုပ်ရှားမှုနောက်မှာ ကေအိုင်အေ အနေနဲ့ ဝင်မပါဖို့ တုံ့ပြန်ခဲ့ပါတယ်။

မတ် ၈ ရက်က မြစ်ကြီးနားမြို့ပေါ်မှာ ဆန္ဒပြနေကြတဲ့ လူထုသပိတ်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖြိုခွင်းခဲ့ရာမှာ အရပ်သား အမျိုးသားနှစ်ဦးသေဆုံးခဲ့ရပြီး၊ အနည်းဆုံးလူနှစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီလိုဖြစ်အပြီး သုံးရက်ခန့်အကြာ မတ် ၁၁ ရက်မှာ ကေအိုင်အေက ဖားကန့်မြို့နယ်  ဆယ်ဇင်းကျေးရွာ မှာရှိတဲ့ စစ်ကောင်စီရဲ့ ရှေ့တန်းတပ်စခန်းတစ်ခုကို ဝင်ရောက်စီးနင်း တိုက်ခိုက်သိမ်းယူ လိုက်ပါတယ်။ ဒါအပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ ကေအိုင်အေတပ်မဟာ (၄၊ ၆၊ ၁၀) တို့ကို လူနေကျေးရွာများနဲ့ တရုတ်ဂတ်စ်ပိုင်းလိုင်းတွေကိုရှောင်ပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ကြဖို့ ကေအိုင်အေ(ဗဟို)က ညွှန်ကြားချက်ပို့လိုက်ပါတယ်။

အဲဒီအချိန်ကစပြီး ကေအိုင်အေက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးစတင်လှုပ်ရှားလာခဲ့တဲ့အပြင် ကချင်ပြည်နယ်အတွင်းက အင်ဂျန်းယာန်၊ နမ္မတီး၊ ဖားကန့်၊ မိုးညှင်း၊ ဝိုင်းမော်၊တနိုင်၊ ရွှေကူ၊ မိုးမောက်၊ ဗန်းမော်နဲ့ ပူတာအိုတို့မှာပါ စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်တာတွေ  စတင်လုပ်ဆောင်လာခဲ့ပြီး တစ်ဘက်မှာလည်း ပြည်သူလူထုနဲ့ တစ်သားတည်း ရပ်တည်မယ်လို့ ကြေညာပါတယ်။

ဗန်းမော်ခရိုင် စစ်ရေးလွင်ပြင်

ဗန်းမော်ခရိုင်ကတော့ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်  ပြည်နယ်အတွင်း စစ်ရေးအခြေအနေ မငြိမ်မသက်မှု အများဆုံးရှိတဲ့နေရာတစ်ခုဖြစ်သလို စစ်မီးပြင်းထန်ဆုံးဖြစ်နေတဲ့ ခရိုင်ဒေသတစ်ခုလည်း ဖြစ်နေပါတယ်။ ဗန်းမော်ခရိုင်က ကချင်ပြည်နယ်ရဲ့ ခရိုင်လေးခုအနက် တစ်ခုဖြစ်ပြီး တရုတ် - မြန်မာနယ်စပ်ဒေသနဲ့ အနီးကပ်ဆုံးမှာတည်ရှိနေတဲ့ ခရိုင်တစ်ခုပါ။ ဒေါ့ဖုန်းယာန်မြို့နယ်ခွဲအပြင် မိုးမောက်၊ မံစီနဲ့ ရွှေကူမြို့နယ်များပါဝင်တဲ့ ဗန်းမော်ခရိုင်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကေအိုင်အေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ပူးပေါင်းတပ်ဖွဲ့တွေ က လက်ဦးတိုက်ခိုက်မှုတွေ မကြာခဏ လုပ်နေတဲ့ စစ်ရေးလွင်ပြင်တစ်ခုလည်း ဖြစ်ပါတယ်။

စစ်ကောင်စီက နှစ်ပေါင်း ၃၀ ကျော် တပ်စခန်းချတပ်စွဲထားတဲ့ အလော့ဘွမ်ဗျုဟာကုန်းကို မတ် ၂၅ ရက်မှာ ကေအိုင်အေက ရုတ်တရက် တိုက်ခိုက်သိမ်းယူလိုက်ပြီး  အထိုင်ချ တပ်စွဲထားလိုက်ပါတယ်။ ဒါဟာ အာဏာသိမ်းမှုအလွန်မှာ ကေအိုင်အေက ပထမဆုံးစခန်းသိမ်း တပ်စွဲအထိုင်ချထားလိုက်တဲ့ တိုက်ပွဲတစ်ခုလည်း ဖြစ်တယ်။

ဒီဗျုဟာကုန်းက တရုတ် - မြန်မာနယ်စပ်တစ်လျှောက်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲနဲ့ မိုးမောက်မြို့နယ်ကြားမှာ တည်ရှိပါတယ်။

အဲဒီနောက် ဧပြီလကစပြီး စစ်ကောင်စီက စစ်သားအင်အား ၁,၀၀၀ ကျော်နဲ့ အလော့ဘွမ် စစ်ဗျုဟာကုန်းကို ပြန်လည်ရရှိနိုင်ဖို့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေအပြင် မြေပြင် ထိုးစစ်ဆင်မှုတွေနဲ့ ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးစားနေပေမယ့် ကေအိုင်အေလက်ထဲကနေ  ဒီကနေ့ လက်ရှိအချိန်ထိ ပြန်လည်ရရှိခြင်း မရှိသေးပါဘူး။

ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာကိုထိန်းချုပ်နိုင်ဖို့အတွက် အလော့ဘွမ်စစ်ဗျုဟာကုန်းကို ပြန်လည် ရရှိနိုင်ဖို့ ထိုးစစ်ဆင်နေတာဖြစ်ပြီး  ဒီလိုထိုးစစ်ဆင်နေတဲ့အတွက် ဘယ်လောက်အထိသေသွားတယ်ဆိုတာမပြောနိုင်ပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိအခိုက်အကျအဆုံးများတာကတော့ သေချာပါတယ်။

အလော့ဘွမ်ကို အခုချိန်ထိ ထိုးစစ်မဆင်နိုင်သေးတဲ့ စစ်ကောင်စီက ဧပြီလကုန်လောက်ကစပြီး ဗန်းမော်ခရိုင်၊  ဗန်းမော်မြို့ကိုအခြေတည်ပြီး  မကွေးအခြေစိုက် တပ်မ (၈၈) ကိုစေလွှတ်ပြီး အင်အားအလုံးအရင်းနဲ့ စစိအင်အားတိုးချဲ့လာနေပါတယ်။ ဒီတပ်မဟာ လေကြောင်းကနေ စစ်ကူအမြန်ဆုံးပေးပို့နိုင်တဲ့တပ်မမို့ ပို့လိုက်တာပါ။ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်းကနေ စစ်သည်အင်အားအမြောက်အများနဲ့ အင်အားတိုးချဲ့နေခဲ့တာပါ။ စစ်ကောင်စီတပ်တွေက အင်အားကြီးမားလာတဲ့ ကေအိုင်အေကိုတိုက်ခိုက်ဖို့အတွက် ဗန်းမော်ခရိုင်အတွင်းမှာ စုရုံးရောက်ရှိနေကြတာပဲ ဖြစ်ပါတယ်။

 “စစ်ကြောင်းထိုးတာကိုတော့ မြို့သစ်ကုန်းဘက်ကနေ သူတို့ ခဏခဏထိုးကြည့်ကြတယ်။ ဒါပေမဲ့ တောင်ကုန်းတွေကို မတက်နိုင်ဘူးဖြစ်နေတယ်။ အဲဒီအခါကျတော့ လေယာဉ်ပျံနဲ့ လာပစ်တာမျိုးတော့ ရှိတယ်။ အခုလည်း ဘယ်လမ်းကနေ လာတိုက်မယ်ဆိုတာတော့မသိဘူး။ စစ်သားတွေတက်လာတယ် ဆိုတာလောက်ပဲ သိရသေးတယ်” လို့ ကေအိုင်အေတပ်မတော်ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက စစ်ကောင်စီရဲ့ စစ်ရေးအခြေအနေကို ပြောပြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီဘက်က စစ်အင်အား ၅,၀၀၀ နီးပါးအား ကချင်ပြည်နယ်အတွင်းသို့ အင်အားအလုံးအရင်းနဲ့ ဖြည့်တင်းထားတယ်လို့  ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။  

ဒီစစ်ရေးပြင်းထန်နေတဲ့ ဒေါ့ဖုန်းယာန်နဲ့ မိုးမောက်မြို့နယ်ကြားက မြို့သစ်၊ ကုန်းလော၊ နွမ်လန်း အစရှိတဲ့ ကျေးရွာအုပ်စုများမှ  လူဦးရေ ၅,၀၀၀ ကျော်က စစ်ဘေးလွတ်ရာ ဗန်းမော်မြို့နဲ့ မိုးမောက်မြို့တွင်းကို ထွက်ပြေးခဲ့ကြရပါတယ်။ ၂၀၁၁ခုနှစ် တစ်ကျော့ပြန်တိုက်ပွဲတွေတုန်းက  အဲဒီရွာတွေက ဒေသခံတွေဟာ စစ်ဘေးမရှာင်ခဲ့ရပေမယ့် ဒီအာဏာသိမ်းမှုအလွန်မှာ ဖြစ်လာတဲ့တိုက်ပွဲတွေကြောင့် အခုတော့ စစ်ဘေးတိမ်းရှောင် နေကြရပါတယ်။ အဲဒီဒေသခံတွေဟာ  လက်ရှိအချိန်ထိ ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်နေကြရဆဲဖြစ်ပါတယ်။

ကြားဖြတ်တိုက်ခိုက်မှုများ

ဧရာဝတီမြစ်ကြောင်းအတိုင်း ရေလမ်းကနေဆန်တက်လာကြတဲ့ စစ်ကောင်စီရဲ့ ထောက်ပို့တပ်တွေကို ဗန်းမော်ခရိုင်အခြေစိုက် ကေအိုင်အေတပ်မဟာ (၃)လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ရွှေကူမြို့အနီးက ဒုတိယမြစ်ကျဉ်းအနီးတဝှိုက်နဲ့ ကသာ - ထီးချိုင့်အနီး တဝှိုက်တို့မှာ အမြဲလို ကြားဖြတ်တိုက်ခိုက်နေပြီး လက်ဦးမှုရယူနေကြပါတယ်။

ကုန်းလမ်းဖြစ်တဲ့ ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာ - ရွှေကူ - ဗန်းမော်လမ်းပိုင်းကနေ ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ထောက်ပို့လမ်းကြောင်းကိုလည်း ကေအိုင်အေတပ်မဟာ (၃)တပ်ရင်းတပ်ဖွဲ့တွေနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက လက်ဦးမှုရယူနေတာကြောင့် စစ်ကောင်စီက ဗန်းမော် ခရိုင်အတွင်းမှာ ထင်သလောက် ခြေစွမ်းမပြနိုင်တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က ရွှေဘို - မြစ်ကြီးနားလမ်းပိုင်းကနေ စစ်ကူ ထောက်ပို့နေပေမယ့် ကေအိုင်အေနဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေက စစ်ကိုင်းတိုင်းဒေသအထိ စစ်မျက်နှာတိုးချဲ့ပြီး လက်ဦးမှုရယူနေပါတယ်။

ရွှေဘို - မြစ်ကြီးနား ကားလမ်းကနေ လုံခြုံရေးယာဉ်တန်းခြံရံပြီး စစ်အင်အားတိုးချဲ့နေတဲ့ စစ်ကောင်စီ တပ်တွေကိုလည်း ဖားကန့်ဒေသဘက်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ကေအိုင်အေတပ်မဟာ( ၉) လက်အောက်ခံတပ်ရင်းတွေနဲ့ အင်းတော်ကြီးဒေသဘက်မှာ လှုပ်ရှားနေတဲ့ ကေအိုင်အေတပ်မဟာ( ၈) လက်အောက်ခံတပ်ရင်းတွေကလည်း သတင်းရတာနဲ့ ကချင်ပြည်နယ်အဝင်ဝထိ ဆင်းကြိုကာ တိုက်ခိုက် လေ့ရှိနေတဲ့အတွက် စစ်ကောင်စီက အထိနာနေပါတယ်။

ဒီဒေသမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတိုင်းကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထံမှာ စစ်ပညာ သင်ယူနေကြတဲ့ PDF တပ်ဖွဲ့ဝင်တွေက ကေအိုင်အေလက်အောက်ကနေ ဝင်ရောက်တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။

မိုးညှင်းခရိုင် စစ်ရေးလွင်ပြင်

အာဏာသိမ်းပြီးနောက်ပိုင်း ကေအိုင်အေနဲ့ စစ်ကောင်စီတို့ရဲ့ တကျော့ပြန်တိုက်ပွဲကို ဒီမိုးညှင်းခရိုင်ကနေ စစ်မျက်နှာစဖွင့်ခဲ့တာပါ။ ခရိုင်မြို့ဖြစ်တဲ့ မိုးညှင်းမြို့နယ်အပါအဝင် ကားမိုင်းမြို့နယ်ခွဲနဲ့ အင်းတော်ကြီး ဒေသ၊ မိုးကောင်းမြို့နယ်တို့ဟာ မိုးညှင်းခရိုင်မှာပါဝင်နေပါတယ်။

မိုးညှင်းခရိုင်မှာက အမဲရောင်နယ်မြေ သို့ အနက်ရောင်နယ်မြေလို့ သက်မှတ်ထားတဲ့ အင်းတော်ကြီးဒေသနဲ့ ကားမိုင်းဒေသ၊ မိုးကောင်းဒေသတို့ပါဝင်ပါတယ်။ ငြိမ်းချမ်းရေးရတဲ့ အဖြူရောင်နေရာလည်း မဟုတ်သလို လက်နက်ကိုင် ပဋိပက္ခတွေအမြဲတမ်း ဖြစ်ပွားနေတဲ့ အနက်ရောင်နယ်မြေလည်းမဟုတ်ဘဲ အစိုးရသုံးရပ်လုံး အုပ်ချုပ်တဲ့ အညိုရောင်နယ်မြေလို့ဆိုကြတဲ့  ဖားကန့်လုံးခင်းရတနာမြေတစ်ခုလုံး ပါဝင်နေပါတယ်။

ဒါကြောင့် မိုးညှင်းခရိုင်ဟာ  နဂိုကတည်းကစစ်ကောင်စီနဲ့ ကေအိုင်အေတို့အားပြိုင်မှုတွေ ပွတ်တိုက်မှုတွေ ရှိနေခဲ့တဲ့ မတည်မငြိမ်ရှိနေတဲ့ ဒေသပါ။

လက်ရှိအချိန်မှာ ဒီဒေသအတွင်း နှစ်ဘက်တပ်ရဲ့စစ်အားပြိုင် အင်အားတိုးချဲ့မှုတွေကြောင့် ဒေသတွင်း တိုက်ပွဲတွေ ဆက်ပြီး ဖြစ်လာနိုင်တဲ့ စစ်ရိပ်စစ်ငွေ့သမ်းနေတဲ့အခြေအနေဖြစ်ပါတယ်။

မိုးညှင်းခရိုင်ဟာ မြစ်ကြီးနား - မန္တလေး ပြည်ထောင်စုလမ်းမကြီးကနေတင်သွင်းလာမယ့် အခြေခံစားနပ်ရိက္ခာနဲ့ အခြားလူသုံးကုန်တွေ၊ ကုန်စည်စီးဆင်းမှုတွေအပြင် စီးပွားရေးအရ ကူးလူဆက်ဆံတာတွေအတွက် အထူးအရေးပါတဲ့ ခရိုင်မြို့ကြီးဖြစ်နေပါတယ်။

ခရိုင်မြို့ဖြစ်တဲ့ မိုညှင်းမြို့နယ်ကနေ ၁၅ မိုင်နီးပါးသာဝေးတဲ့ ဟိုပင်မြို့ (အင်းတော်ကြီးဘက်သွားတဲ့ လမ်းခွဲမြို့)ကြားမှာ စစ်ကောင်စီက မြောက်ပိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ငါးခု၊ မိုးညှင်းမြို့ကနေ ၁၆ မိုင်သာဝေးတဲ့ နန့်စီးအောင် - မော်လူ/မော်ဟန်ကြားမှာတော့ အမြောက်တပ် နှစ်တပ်၊ သံချပ်ကားတပ်ရင်း တစ်ခု၊ ဆေးတပ်ရင်း တစ်ခုနဲ့ ခြေလျင်တပ်ရင်း တစ်ခု အထိုင်ချတပ်စွဲထားပါတယ်။ ဒီစစ်တပ်ပမာဏက ကချင်ပြည်နယ်မှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ပြီးရင် ဒုတိယတပ်ဌာနချုပ်တစ်ခုလို့ပြောလို့ရအောင်ကို တပ်အင်အားရှိနေပါတယ်။

ဒါအပြင် စစ်ကောင်စီကအာဏာသိမ်းပြီးနောက် မြောက်ပိုင်းဒေသမှာ အားကောင်းကောင်းနဲ့ တောက်လောင် လာခဲ့တဲ့ ဒေသတွင်း စစ်မီးတွေကိုထိန်းချုပ်နိုင်ဖို့အတွက် မန္တလေးနဲ့ စစ်ကိုင်းတိုင်းက တပ်မ(၃၃)နဲ့ လက်အောက်ခံတပ်တွေကို စစ်ကိုင်းတိုင်းကနေ ဖားကန့်လုံးခင်းရတနာမြေဆီ တိုက်ရိုက်စေလွှတ် ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသဘက်မှာ စစ်ရေးလှုပ်ရှားနေတဲ့ တပ်မ (၈၈)၊ တပ်မ(၄၄) နဲ့လက်အောက်ခံ တပ်ရင်းတွေက မြန်မာပြည်အလယ်ပိုင်းကနေ ကချင်ပြည်နယ်ကိုသွားလာနိုင်တဲ့ အဓိကလမ်းတွေရှိတဲ့ မိုးညှင်း၊ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ တန့်ဆည် လမ်းကနေ စစ်သည်အင်အားတွေကို ပေးပို့နေပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်ရဲ့ဝင်ပေါက် ခရိုင်ဒေသတစ်ခုဖြစ်တဲ့ မိုးညှင်းခရိုင်က နှစ်ဖက်တပ်အတွက် စစ်ကူအင်အားထောက်ပို့ရာမှာ စစ်ဗျုဟာကျလာတဲ့ဒေသလွင်ပြင်တစ်ခုဖြစ်နေပါတယ်။

ဖားကန့်လုံးခင်းရတနာမြေလွင်ပြင်

ဖားကန့်လုံးခင်းရတနာမြေဆိုတာက ပဋိပက္ခများစွာဖြစ်ပွားနေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဖားကန့်ကိုထိန်းချုပ်နိုင်တာဟာ ဘဏ္ဍာအရင်းအမြစ်ကိုထိန်းချုပ်နိုင်ခြင်းလည်းဖြစ်ပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ကေအိုင်အေက မတ် ၁၁ရက်မှာ ဖားကန့်လုံခင်းရတနာမြေ အတွင်းက ဆိပ်မူကျေးရွာရှိ စစ်ကောင်စီရဲ့ကင်းစခန်းတစ်ခုကို ဝင်ရောက်စီးနင်း တိုက်ခိုက်ပြီး ကချင်ပြည်နယ်မှာ ဒေသတွင်းစစ်မျက်နှာကို ဖွင့်လိုက်ပါတယ်။

အဲဒီနောက် စစ်ကောင်စီက အင်တာနက်ဖြတ်တောက်မှုများ ပြုလုပ်ခဲ့ပြီး နောက်တစ်နေ့ ဩဂုတ် ၂၁ ရက်မှာ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အမှတ်(၃၀) ရဲတပ်ရင်းက သူတို့ရဲ့ ရဲကင်းစခန်း တစ်ခုကို  စွန့်ခွာပြီးနောက် မြို့တွင်းရဲတပ်ဖွဲ့တွေနဲ့ အင်အားစုပေါင်းခဲ့ကြပါတယ်။ ဒီလိုစခန်း စွန့်ခဲ့တဲ့ ရဲကင်းစခန်းကို ကေအိုင်အေတပ်ဖွဲ့ဝင်တွေက ဩဂုတ်၂၁ ရက် ညပိုင်းမှာ မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်မှာ စစ်ကောင်စီနဲ့ ကေအိုင်အေတို့အကြား တိုက်ပွဲတွေပြန်ဖြစ်လာခဲ့ကြသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ယာဉ်တန်းတွေကို ကေအိုင်အေက မကြာခဏဆိုသလို မိုင်းခွဲတိုက်ခိုက်တာမျိုးရှိနေပါတယ်။

ဖားကန့်ဟာ ကချင်တွေအတွက်တော့ ဘိုးဘွားအမွှေအနှစ်ဖြစ်ပါတယ်။ ဖားကန့်လုံးခင်းရတနာမြေက ကမ္ဘာ့ထိပ်တန်းရှိတဲ့ အရည်အသွေး ကျောက်စိမ်းနဲ့ ရွှေတွေ ထွက်ရှိတဲ့အတွက် ဒီရတနာမြေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီကြီး၊ ငယ်၊ အလတ်အားလုံးက စစ်တပ်နဲ့ ကေအိုင်အေ တို့ရဲ့အကျိုးစီးပွားမကင်းသူများ ဖြစ်ကြပါတယ်။ ဒီဖားကန့်မှာပဲ စစ်အုပ်စုထိပ်သီးတွေရဲ့ ပိုင်ဆိုင်မှုတွေလည်း မနည်းလှပါဘူး။

ရေမဆေးလုပ်ကိုင်သူများကလည်း ကျောက်အောင်ရင် စစ်တပ်နဲ့ကေအိုင်အေကို အခွန်ငွေ ပေးဆောင်နေကြတဲ့ အတွက် ဒီဖားကန့်လုံးခင်းရတနာမြေက နှစ်ဘက်တပ်အတွက် စစ်ရေးအရအပြင် ငွေကြေးအရပါ အရေးပါတဲ့ မြို့နယ်ဖြစ်ပါတယ်။

ဒါကြောင့်  စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ထိစပ်နေတဲ့ ဖားကန့်ကို စစ်ကောင်စီက ကချင်ပြည်နယ်အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်ရင်းတပ်ဖွဲ့တွေမဟုတ်ဘဲ မန္တလေးနဲ့ စစ်ကိုင်းတိုင်းအခြေစိုက် တပ်မ(၃၃) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေကို စေလွှတ်ပြီး  စစ်ရေးလှုပ်ရှားနေကြတာပါ။

ကေအိုင်အေကတော့ ဒီဒေသမှာ တပ်မဟာ(၉)  လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေလှုပ်ရှားနေတဲ့အပြင့် မိုးညှင်းအခြေစိုက် တပ်ရင်း(၂၆ )ကလည်း လှုပ်ရှားနေတာပါ။ လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်တို့က ဖားကန့်လုံးခင်းရတနာမြေမှာ စစ်သည်အင်အားတွေတိုးချဲ့နေကြပါတယ်။

တနိုင်းဟူးကောင်း လွင်ပြင်

ဟူးကောင်းတနိုင်းဒေသကတော့ ဗန်းမော်ခရိုင်ဒေသပြီးရင်  ဒုတိယမြောက် လက်ရှိစစ်ရေးမငြိမ်မသက် ဖြစ်နေတဲ့ နေရာဒေသတစ်ခု  ဖြစ်နေပါတယ်။  ဧပြီလဆန်းကတည်းက ဒီဟူးကောင်းဒေသဘက်မှာ ဒေသ တွင်းမှာ စစ်ရေးမငြိမ်မသက်မှုတွေ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။

ရွှေနဲ့ပယင်း အဓိကထွက်တဲ့ တနိုင်းဟူးကောင်းဒေသမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေသုံးပြီး စစ်မျက်နှာဖွင့်ကာ ကေအိုင်အေကို ရေကုန်ရေခန်း တိုက်ခိုက်ခဲ့ဖူးပါတယ်။

နမ့်ဗျူး၊ နမ့်ခမ်း အစရှိတဲ့ ဒေသတွေမှာ ကေအိုင်အေက ရွှေနဲ့ပယင်း တရားမဝင် တူးဖော်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ပွဲတွေကြောင်း ဒေသခံ စစ်ဘေးတိမ်းရှောင်လာသူတွေက အခုချိန်ထိ နေရပ်ဌာနေမပြန်နိုင်သေးဘဲ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။
 
ဧပြီ ၁၅ ရက်မှာတော့ ပြီးခဲ့တဲ့ ၂၀၁၇ တုန်းကလိုပဲ စစ်ကောင်စီက သူတို့ စစ်မျက်နှာဖွင့်ခဲ့တဲ့ နမ့်ဗျူးကျေးရွာနဲ့ အင်ဂါးဂါကျေးရွာဘက်တွေကို စစ်ဆင်ရေးတွေစတင်လှုပ်ရှားလာခဲ့ပါတယ်။ ဒီလိုလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကေအိုင်အေတပ်တို့ တစ်ပတ်ခန့်ကြာအောင် စစ်ဖြစ်ခဲ့ ကြပါတယ်။

ဒါဟာ အာဏာသိမ်းမှုအလွန်မှာ တနိုင်းဟူကောင်းဒေသတွင်း အစောဆုံးပြန်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်ပါတယ်။

ရံဖန်ရံခါ နှစ်ဘက်လက်နက်ကိုင်တပ်တွေက ဒီဟူးကောင်းချိုင့်ဝှမ်းနယ်မြေဒေသတွေမှာ စစ်ကြောင်း လှည့်ရင်းနဲ့လည်း ထိတွေ့မှုတွေရှိခဲ့ပါတယ်။

 ဇူလိုင် ၃၀ ရက် မနက်အစောပိုင်း ၃ နာရီလောက်မှာတော့ မြစ်ကြီးနား - တနိုင်းဟူးကောင်း လီဒိုလမ်းမ ပေါ်မှာရှိတဲ့ မိုးကောင်းမြို့နဲ့ ကားမိုင်းမြို့ကြားက စစ်ကောင်စီတပ်တွေ အထိုင်ချတပ်စွဲထားတဲ့ မရန်ကထောင် စစ်ဆေးရေးဂိတ်ကို ကေအိုင်အေ တပ်မဟာ (၂) တပ်ရင်း (၁၁)က ဝင်ရောက်စီနင်း တိုက်ခိုက်ခဲ့ပါတယ်။
 
အဲဒီနေ့မနက်အစောပိုင်းမှာပဲ ကေအိုင်အေတပ်မဟာ(၂) တပ်ရင်း (၁၁) တို့က မိုးကောင်းမြို့မှာ အထိုင်ချတပ်စွဲထားတဲ့ အမှတ်(၃) ရှေ့တန်းစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တပ်ရင်းကို လက်နက်ကြီးအချက်ရေ ၃၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒီလိုတိုက်ခိုက်ပြီး နှစ်ရက်လောက်အကြာ  ဩဂုတ် ၂ ရက်နောက်ပိုင်း ကေအိုင်အေ တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၂၀) ကလည်း တနိုင်းဟူးကောင်းလီဒိုလမ်းမကြီးတစ်လျှောက်မှာ ထပ်ပြီး အင်အားတိုးချဲ့လာနေတဲ့ စစ်ကောင်စီတပ်တွေကို သုံးနေရာခွဲတိုက်ကာ လက်ဦးအနိုင်ယူခဲ့တယ်လို့ ကေအိုင်အေတပ်မဟာ(၂)က အရာရှိတစ်ဦးက အတည်ပြုပါတယ်။

စစ်ကောင်စီတပ်တွေက ဟူးကောင်းချိုင့်ဝှမ်းဒေသဘက်မှာ စစ်ရေးဗျုဟာအရ ထိန်းချုပ်နိုင်ဖို့အတွက် ကေအိုင်အေ တပ်ရင်း (၁၄)နယ်မြေတွေရှိတယ်ဆိုတဲ့ နမ့်ခမ်းဘက်ကို ပြီးခဲ့တဲ့ ဩဂုတ်၂၁ ရက်မှာ အင်အား ၅၀ လောက်နဲ့ အင်အားတိုးချဲ့လာပါတယ်။

 ဒီလို အင်အားတိုးချဲ့လာတဲ့ စစ်ကောင်စီတပ်တွေကို နမ့်ခမ်းကျေးရွာအနီး ဒုန်ခွန်းကျေးရွာမှာ ကေအိုင်အေက ကြားဖြတ်တိုက်ခိုက်လိုက်ပါတယ်။ ဒီလိုကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှာ အထိအခိုက် အကျအဆုံးရှိခဲ့တယ်လို့ မျက်မြင်တွေခဲ့ရတဲ့ ဒေသခံတွေက ပြောပြပါတယ်။ ထိခိုက်ကျဆုံးသူများကို တနိုင်းမြို့ဘက် သယ်ဆောင်သွားတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဩဂုတ် ၂၃ ရက် မနက် ၈ နာရီကျော်လောက်မှာလည်း တစ်ခါပြန်ပြီး စစ်ကောင်စီက စစ်အင်အား ၁၀၀ ကျော်လောက်နဲ့ထပ်ပြီး နမ့်ခမ်းဒေသဘက်ကို လှုပ်ရှားလာခဲ့ပြန်ပါတယ်။  လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ ကေအိုင်အေတို့ နှစ်ဘက်စလုံးက တပ်ဖွဲ့အင်အားကို တိုးမြင့်ထားကြပြီး အသင့်အနေအထားမှာ အချင်းချင်းစောင့်ကြည့်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီဒေသမှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတို့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေက စစ်ရေးအရပဲ စစ်တိုက်ခဲ့ကြတာမဟုတ်ပါဘူး။ စီးပွားရေးအရ တိုက်ခိုက်နိုင်ဖို့ နှစ်ဘက်စလုံးရဲ့ ဝင်ငွေရရှိနေတဲ့နေရာတွေနဲ့ သယံဇာတတူးဖော်နေတဲ့ လုပ်ကွက်တွေမှာ တိုက်ပွဲတွေဖြစ်နေကြတာပါ။

၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်က ဖားကန့်မြို့နယ်နဲ့ တနိုင်းမြို့နယ်တို့မှာရှိတဲ့ ကေအိုင်အေရဲ့ ရွှေနဲ့ပယင်းကျောက်တူးဖော်ရေးလုပ်ငန်းတွေကို စစ်တပ်က စစ်ဆင်ရေးတွေ အကြီးအကျယ်ပြုလုပ်ပြီး သိမ်းယူခဲ့ပါသေးတယ်။ ကေအိုင်အေက တရားမဝင်သယံဇာတတွေကို တူးဖော်နေတဲ့အတွက် နှစ်စဉ်နိုင်ငံတော်ကနေ ဘဏ္ဍာငွေကြေး သန်းနဲ့ချီ ဆုံးရှုံးနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပါ။

ဖုန်း၊အင်တာနက်လိုင်း ဖြတ်တောက်မှု ဖားကန့်မြို့နယ်နဲ့  လမ်းပန်းဆက်သွယ်မှုဆက်စပ်နေတဲ့ တနိုင်းဟူးကောင်းဒေသမှာ စစ်ကောင်စီတပ်တွေက သတင်းအချက်အလက်များကို ထိန်းချုပ်နိုင်ဖို့အတွက် ဆက်သွယ်ရေးလိုင်းတွေကို ထိန်းချုပ်ထားတယ်လို့  ဒေသခံတွေကဆိုကြပါတယ်။

“ဖားကန့်မြိုနယ်တစ်ခုလုံးမှာက အင်တာနက်ဖြတ်ထားတာကြာပြီ။ မြို့ပေါ်မှာပဲ မဟုတ်ဘူး။ ကျွန်တော်တို့နေတဲ့ ဟူးကောင်းလီဒိုတနိုင်းလမ်းလည်း ပါတယ်။ တနိုင်းမြို့နယ်မှာတော့ အင်တာနက် ရသေးတယ်။ 2 G နဲ့ တချို့ဆင်းကတ်တွေ သုံးလို့ရပါသေးတယ်။ ကျွန်တော်တို့က လိုင်းနည်းနည်းကောင်းမယ့် ညနက်သန်းခေါင်မှ သတင်းတွေ တက်ကြည့်နေရတယ်” လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

စစ်ရေးမငြိမ်မသက်မှုတွေနဲ့ ကေအိုင်အေအားကောင်းလာတဲ့ ဖားကန့်လုံးခင်းရတနာမြေ ဒေသတွင်းကို ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက် ည ၈ နာရီ မိနစ် ၃၀ လောက်မှာ  ဆက်သွယ်ရေးအင်တာနက်လိုင်များအားလုံးကို အာဏာသိမ်းစစ်ကောင်စီက ဖြတ်တောက် ထားလိုက်ပါတော့တယ်။ ဖုန်းအင်တာနက်လိုင်းများ ပြတ်တောက်သွားပြီးနောက် နာရီပိုင်းအကြာမှာ အခြားဝိုင်ဖိုင် အင်တာနက်လိုင်းများပါ သုံးစွဲလို့မရတော့တာ အခုချိန်ထိဖြစ်ပါတယ်။

ပြည်နယ်အတွင်းက ဆက်သွယ်ရေအော်ပရေတာတွေကို မေးမြန်းကြည့်ရာမှာတော့ ပိတ်ထားလိုက်တဲ့ ဆက်သွယ်ရေးအင်တာနက်လိုင်းတွေကို ဘယ်အချိန်မှာပြန်ဖွင့်ပေးမယ်ဆိုတာကို မပြောနိုင်သေးဘူးလို့ သိရပါတယ်။

အခုဆိုရင် ဖားကန့်မြို့နယ်မှာ အင်တာနက်အဖြတ်ခံထားရတာ နှစ်ပတ်လောက်ရှိပါပြီ။  

အင်တာနက်လိုင်းတွေအားလုံးကို အသုံးပြုခွင့် ပိတ်ထားပေမယ့် ဖားကန့်မြို့နယ်အတွင်းက စစ်ကောင်စီ အခြေစိုက်စခန်းတွေကတော့ အသုံးပြုလို့ရနေပါတယ်။ နမ့်မှော်ကျေးရွာအတွင်း စစ်တပ်ကအခြေစိုက် ထားတဲ့ မြန်မာသူရကျောက်တူးဖော်ရေး ကုမ္ပဏီဝင်းအဟောင်းမှာ Mytel အင်တာနက်လိုင်း သုံးလို့ရနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီ ကုမ္ပဏီဝင်းမှာ စစ်ကောင်စီတပ်တွေက အာဏာသိမ်းပြီးနောက် ဧပြီလကတည်း အထိုင်ချတပ်စွဲထားတာဖြစ်တယ်လို့  ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီအအနေနဲ့ကတော့ ဖားကန့်မှာ ဒီလိုအင်တာနက်တွေကို သီးခြား ဖြတ်တောက်ထားဖို့ ညွှန်ကြားထားတာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

စစ်ကောင်စီက ရခိုင်တပ်မတော်(AA) ကို စစ်ဆင်ရေးဆင်နွဲနေတဲ့အချိန်တုန်းကလည်း လုံခြုံရေး၊ အမုန်းတရားမပြန့်ပွားရေးနဲ့ ပဋိပက္ခမကြီးမားစေရေး ဆိုတဲ့အကြောင်းပြချက်ချက်တွေနဲ့ အခုလိုပဲ ရခိုင်ပြည်နယ်မှာ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားခဲ့ဖူးပါတယ်။

 ဒေသခံတွေရဲ့ စိုးရိမ်ပူပန်မှု

တိုက်ပွဲတွေဖြစ်ပွားနေမှုအပြင်  တစ်ဖက်မှာလည်း စစ်တပ်ရဲ့အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုများက လမ်းမထက်မှာ နေ့စဉ်နဲ့အမျှလုပ်ဆောင်နေတဲ့အတွက် အခုလို စစ်ကောင်စီရဲ့ အင်တာနက်ဖြတ်တောက်တာခံထားရပြီးနောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို လိုက်လံဖမ်းဆီးမှုများ ရှိလာနိုင်တဲ့အပြင် ဒေသတွင်းစစ်ပွဲတွေ ဖြစ်ပွားပြီး ပြင်းထန်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ညနက်အချိန်တွေမှာ စစ်ကောင်စီတပ်တွေက လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ချီတက်လှုပ်ရှားနေကြတာကို တွေ့ရှိလာရတဲ့အတွက် မြို့တွင်းတိုက်ပွဲများဖြစ်လာမှာကိုလည်း ဒေသခံတွေက အထူး စိုးရိမ်နေကြတာပါ။
ဒါအပြင်  အင်တာနက်ပိတ်ပြီး နှစ်ပတ်ခန့်ကြာလာတဲ့အခါ ဒေသအတွင်း စစ်ပွဲများဖြစ်လာမှာ စိုးရိမ်ကြတဲ့အတွက် ဖားကန့်မှာ ကုန်ဈေးနှုန်းတွေက အဆမတန်မြင့်တက်လာပါတယ်။  
 
“ဒေသခံတွေက စစ်ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် အခြေခံစားသောက်ကုန်တွေကို စုပြီးဝယ်နေကြတာပါ။ ဒီလိုဝယ်တဲ့သူကများပြီး အခြေခံစားသောက်ကုန်က အဝင်သယ်ရတာ ခက်လာတဲ့အတွက် အခုလို ဈေးတွေအဆမတန်တက်လာတာဟုတ်တယ်” လို့ သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

မိုးညှင်းနဲ့ မိုးကောင်းမြို့တွေကနေ ဖားကန့်ကို အခြေခံစားသောက်ကုန်တွေကို တင်သွင်းနေရတာပါ။ ဒါပေမဲ့ အခုအခါမှာတော့ အဆိုပါမြို့တွေကလည်း လက်ရှိရောဂါအခြေအနေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အလွယ်တကူ အခြေခံစားသောက်ကုန်တွေကို မတင်သွင်းနိုင်ကြတဲ့အတွက် ဖားကန့်မှာ ဝယ်တဲ့သူနဲ့ ရောင်းသူမမျှတတဲ့အခြေအနေဖြစ်နေပါတယ်။ အဲဒါကလည်း ကုန်ဈေးနှုန်းအဆမတန်မြင့်တက်လာစေတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

နောက်ပြီး ဖားကန့်က လူမှုကူညီရေးအသင်းအဖွဲ့တွေကလည်း အခုအခါမှာတော့ မြို့တွင်းနဲ့ အခြားမြို့နယ်ကျော်ပြီး လူနာတင်ပို့သွားလာကြတဲ့အခါ အသင်းအဖွဲ့ပိုင်ယာဉ်တွေအားလုံးမှာ အလံဖြူထောင်ပြီး သွားလာနေကြရတယ်လို့ ဆိုကြပါတယ်။

“လူမှုကူညီရေးကားတွေက အရင်လို ထွက်မရဘူး။ ကားတွေအကုန်လုံးမှာ အလံဖြူလွှင့်တင်ပြီး မောင်းနေရတာ တစ်လလောက်ရှိပြီ။ နိုင်ငံရေးအခြေအနေက ဘယ်လိုဖြစ်လာဦးမလဲ မသိဘူး” လို့ ပရဟိတလုပ်ကိုင်သူ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဝိုင်းမော်မြို့နယ်
 
ဧရာဝတီမြစ်ရဲ့အရှေ့ဖက်ကမ်းမှာတည်ရှိပြီး ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့နဲ့ ဘေးချင်းကပ်လျက် အနီးဆုံးတည်ရှိနေတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။ ဒါအပြင်စစ်ကောင်စီက  ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် စစ်ရေးအရ လုံခြုံရေးရယူထားတဲ့ မြို့ပါ။  
 
ဇူလိုင် ၂၉ ရက်ညပိုင်းမှာတော့ ဝိုင်းမော်မြို့အခြေစိုက် အမှတ်(၅၈) ခြေလျင်တပ်ရင်းကို ကေအိုင်အေနဲ့ PDF ပူပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။  ဒီလိုတိုက်ခိုက်မှုခံရပြီးနောက်ပိုင်း ခလရ(၅၈)က ဒေသခံများ နေထိုင်တဲ့ ကျေးရွာဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နေ့စဉ် ရမ်းပြီးပစ်ခတ်နေပါတယ်။

ဩဂုတ် ၁၄ ရက် မနက်ပိုင်းမှာတော့ ကေအိုင်အေရဲ့ဒီလိုတိုက်ခိုက်မှုကို လက်တုန့်ပြန်သွားမှာဖြစ်လို့ ခလရ(၅၈)တပ်နဲ့နီးစပ်နေတဲ့ ကျေးရွာတွေက ဒေသခံတွေကို ရွေ့ပြောင်းဖို့ ခလရ(၅၈)တပ်က သတိပေးထားတဲ့အတွက် ဒေသခံ အိမ်ထောင်စု ၁၀၀ ကျော်က လက်ရှိမှာ ပြောင်းရွှေ့နေထိုင်နေရပါတယ်။

ကေအိုင်အေတိုက်ခိုက်ခဲ့တဲ့ ခလရ(၅၈)မှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်တပ်အင်အား ၁၀၀ ကျော်ဖြည့်တင်းထားတဲ့အပြင်  မြို့တော်မြစ်ကြီးနားနဲ့ ဝိုင်းမော်ကိုဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူး ဗလမင်းထင်တံတားဂိတ်မှာလည်း အင်အားအများအပြား တိုးချဲ့ချထားပြီး အစစ်အဆေး တင်းကြပ်လျက်ရှိနေပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီး ခုနှစ်လအကြာမှာ စစ်အင်အားတောင့်တင်းခိုင်မာလာတဲ့ ကေအိုင်အေနဲ့ PDFတို့ ဟာ   စစ်ကောင်စီတပ်နဲ့ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေပါတယ်။

ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းအတွင်းမှာ တိုက်ပွဲဖြစ်ပွားနေတာပါ။  အထူးသဖြင့် ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် မှာဖြစ်ပါတယ်။ ဧရာဝတီနဲ့ ချင်းတွင်းမြစ်စစ်ကြောင်းတစ်လျှောက်မှာလည်း ကေအိုင်အေနဲ့ PDFတွေက စစ်ကောင်စီစစ်ကြောင်းတွေကို အဓိကထိုးနှက်တိုက်ခိုက်နေပါတယ်။

ကသာနဲ့ မြို့လှအနီးမှာ စစ်ကောင်စီထောက်ပို့ရေးတပ်ကို ဇူလိုင် ၅ ရက်မှာ ကေအိုင်အေနဲ့ PDF မဟာမိတ်တွေက တိုက်ခိုက်ခဲ့ပါတယ်။ ဇူလိုင် ၂၆ ရက်မှာတော့ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဗန်းမော်ဘက်ကို ဆန်တက်လာခဲ့တဲ့ စစ်ကောင်စီစစ် သဘောင်္ ခုနှစ်စင်းကို ရွှေကူနဲ့ ထီးချိုင့်မှာတိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုပူးပေါင်းတိုက်ခိုက်ဖို့ကို ကေအိုင်အေစစ်ဌာနချုပ်ကနေတော့ ညွှန်ကြားထားတာမရှိပေမယ့် ကေအိုင်အေတပ်မဟာ လက်အောက်ခံတပ်ရင်း အချင်းချင်းချိတ်ဆက် လုပ်ဆောင်နေကြတာဖြစ်တယ်လို့ တပ်မဟာအရာရှိတစ်ဦးကဆိုပါတယ်။

ကချင်ပြည်နယ်နဲ့ ချင်းပြည်ရဲ့ အဓိကဝင်ပေါက်မှာရှိနေတဲ့ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ထိစပ်နေတဲ့ အနောက်မြောက်ပိုင်းဒေသလွင်ပြင်ဟာလည်း စစ်ရေးဗျုဟာအရ စစ်မီးပြင်းထန်တောက်လောင် လာနိုင်တယ်လို့ စစ်ရေးကျွမ်းကျင်သုံးသပ်သူများက သတိပေးထားပါတယ်။




****************************************************************

END / 251