အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပြင်ပငွေကြေးလဲလှယ်နှုန်းသည် အမေရိကန် တစ်ဒေါ်လာလျှင် ၂,၀၂၀ ကျပ် ဝန်းကျင်အထိ စံချိန်တင် ဈေးနှုန်းမြင့်တက်ခဲ့အပြီးတွင် စစ်ကောင်စီ၏ ဗဟိုဘဏ်က ယခင် ညွှန်ကြားထားသည့် နိုင်ငံခြားငွေ ရောင်းဈေးနှုန်းနှင့် ဝယ်ဈေးနှုန်းအကြား အတိုး၊အလျော့ ၀ ဒသမ ၈ ရာခိုင်နှုန်း အများဆုံးထားရမည် ဆိုသည့် ညွှန်ကြားချက်ကို ပယ်ဖျက်လိုက်သည်။
ဝ ဒသမ ၈ ရာခိုင်နှုန်းသတ်မှတ်ချက်ကြောင့် ဗဟိုဘဏ်က ဒေါ်လာဈေးနှုန်းကို ၁,၇၀၀ကျပ်ဝန်းကျင်သာ သတ်မှတ်ထားခဲ့ချိန်တွင် နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် တရားဝင် ရရှိထားသည့် ဘဏ်နှင့် အဖွဲ့အစည်းများတွင် ဒေါ်လာရောင်းဝယ်သူ မရှိတော့ဘဲ မှောင်ခိုဈေးကွက်အတွင်း ကြိုက်ရောင်း ကြိုက်ဝယ်နှင့် တစ်ဒေါ်လာလျှင် ၂,၀၂၀ကျပ် ဝန်းကျင်အထိ သမိုင်းတစ်လျှောက် အမြင့်ဆုံး စံချိန်ကို ရောက်ရှိခဲ့သည်။
“ကျွန်တော်တို့က တစ်ဒေါ်လာကို ၂,၈၀၀ ဝန်းကျင်လောက်ထိကို မှန်းထားတာ နောက်ဆက်ဖြစ်လာနိုင်မှာကို၊ ဒါတောင် အမေရိကန်အနေနဲ့ ထူးခြားတဲ့ နိုင်ငံရေးဖြစ်စဉ်မရှိမှ မဟုတ်ရင် ပိုဆိုးသွားနိုင်တယ်။
အခုက ဒေါ်လာဈေးတက်တယ်ဆိုတာ ကျွန်တော်တို့ တစ်နိုင်ငံထဲ ကွက်ဖြစ်နေတာ ၊ ကမ္ဘာ့စီးပွားရေးလည်ပတ်မှုနဲ့ မဆိုင်ဘူး။ နိုင်ငံရေးနဲ့ စီမံခန့်ခွဲမှု အလွဲတွေကြောင့် ဖြစ်နေတာ၊ Black Market အတွင်းမှာ ဈေးတက်တယ်ဆိုတာတောင် ရောင်းသူရော ဝယ်သူရော မရှိဘူး။ အချင်းချင်းပဲ ရောင်းပေးကြတယ်။ အခုချိန်က ရောင်းရှုံးဝယ်ရှုံးမို့ ဘယ်သူမှ အလုပ်မလုပ်ချင်ဘူး။ ဝယ်တဲ့သူကလည်း ဈေးပြန်ကျရင် ရှုံးနိုင်တယ်၊ ရောင်းတဲ့သူကလည်း မြန်မာငွေက တန်ဖိုးတောက်လျှောက်ကျနေတော့ ရှုံးနိုင်တယ်”ဟု နိုင်ငံခြားငွေလဲလှယ်မှု ဝန်ဆောင်မှုပေးနေသူ တစ်ဦးကပြောသည်။
လက်ရှိတွင် မဖြစ်မနေ ဒေါ်လာဝယ်ယူနေကြသူများသည် သွင်းကုန်လုပ်ငန်းရှင်များဖြစ်ပြီး ပြည်ပမှ ဝယ်ယူတင်သွင်းသည့် ကုန်ပစ္စည်းများအတွက် ငွေချေရန် ဝယ်ယူနေကြရခြင်းဖြစ်သည်။ ဒေါ်လာဈေးမြင့်တက်လာမှုသည် သွင်းကုန်ဈေးနှုန်းများကို မြင့်တက်လာစေပြီး နိုင်ငံတကာတွင်လည်း မြန်မာကုန်သည်များအနေဖြင့် အမည်ပျက်စာရင်း အသွင်းမခံရရေးအတွက် ကြိုးစားနေရသည်။
“ဟိုဘက်မှာ ပစ္စည်းမှာတယ်။ ငွေပေးမယ်လို့ ပြောထားချိန်မှာ ပေးရမှာပဲ။ ဒါကို ဒီမှာ ဒေါ်လာဈေးတက်နေလို့ ခဏစောင့်ပါဦး လုပ်လို့မရဘူး။ စောင့်ခိုင်းရင် မပေးနိုင်ရင် ဟိုဘက်က နာမည်ပျက်စာရင်းသွင်းလိုက်လိမ့်မယ် ။ နောင်ကျ မြန်မာပြည်ဟာ ယုံကြည်စိတ်ချရတဲ့ ဖောက်သည်မဟုတ်တော့ဘူးလို့ သတ်မှတ်လိုက်ရင် အလွယ်ပြောရရင် အကြွေးရောင်းပေးတာမျိုး မဖြစ်နိုင်တော့ဘူး။ အဲဒီအတွက် ရုန်းကန်ရတယ်။ ဒီပုံစံနဲ့က ငွေအကျေပေးနေတာတောင် တစ်ဘက်က စောင့်ကြည့်နေပြီ။ နောင်ကျ အခုလိုအမှာတွေတောင် လက်မခံမှာကို စိုးရိမ်နေရပြီ” ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးကပြောသည်။
လက်ရှိ ပြည်တွင်းဘဏ်များနှင့် လုပ်ငန်းလည်ပတ်မှုများတွင် ဒေါ်လာမရှိတော့ဘဲ အစိုးရ ဌာနဆိုင်ရာများအနေဖြင့်လည်း ပြည်ပငွေကြေးဖြင့် ပေးချေရမည့် လုပ်ငန်းများတွင် ဒေါ်လာရှားပါးလာမှုကြောင့် အခက်အခဲရှိလာနိုင်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်သည်။
ယင်းဖြစ်ရပ်များသည် ပြည်တွင်းငွေကြေးတန်ဖိုးကျဆင်းခြင်း၊ တိကျသည့် အာမခံချက်နှင့် နိုင်ငံရေးမတည်ငြိမ်မှု နှင့် စီမံခန့်ခွဲမှုအလွဲများကြောင့်ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။
မြန်မာကျပ်ငွေမခိုင်မာမှုနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ရပ်တန့်သွားခြင်းကြောင့် ပြည်သူများသည် စီးပွားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရမည့်အစား လက်ရှိ ငွေမပျောက်ပျက်ရေးအတွက် ဒေါ်လာနှင့် ရွှေကို ဝယ်ယူလာကြခြင်းသည်လည်း ယခုကဲ့သို့ ပိုမိုကြီးမားသည့် အကြပ်အတည်းကို ဦးတည်လာခြင်းဖြစ်သည်။
“ပြည်တွင်းမှာ ဒေါ်လာပိုရှားသွားပြီ။ တိုက်ဝယ်မလား ကားဝယ်မလားဆို ဘယ်အချိန်ဘာဖြစ်မယ်မသိကြတော့ ဒေါ်လာကို ဝယ်ကိုင်လိုက်တယ်။ ဒေါ်လာအတော်များများက လုပ်ငန်းလုပ်ဆောင်နေသူတွေဆီမှာ မဟုတ်ဘဲ ငွေကြေးတတ်နိုင်သူတချို့ရဲ့ ဗီဒိုထဲရောက်သွားတယ်။ ပြည်တွင်းမှာ မလုံခြုံလို့ ပြည်ပကို သယ်ယူသွားပြီး တစ်ဘက်မှာ အပ်နှံထားလိုက်တဲ့ သူတွေလက်ထဲကိုရောက်သွားတယ်။ အခုသွင်းကုန်တွေမှာ ပေးစရာဒေါ်လာမရှိတော့တဲ့ အနေအထားကို ရောက်လာတာ၊ ငွေကြေးဈေးကွက်နဲ့ စီးပွားရေးဆိုတာ စီတန်းထားတဲ့ မှန်ချပ်လေးတွေလိုပဲ တစ်ချက်လဲကျပြီး ကွဲသွားရင် ကျန်တာဆက်တိုက်လိုက်လဲတယ်။ သေနတ်ရှိတာနဲ့ မကွဲနဲ့ တားလို့မရဘူး”ဟု ဘဏ်လုပ်ငန်းပညာရှင်တစ်ဦးက ပြောသည်။
နိုင်ငံရေးမတည်ငြိမ်မှုကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ နောက်ဆုတ်သွားခြင်း၊ နုတ်ထွက်သွားခြင်းကလည်း ပြည်တွင်းကို ဒေါ်လာငွေ ဝင်ရောက်လာနိုင်သည့် လမ်းကြောင်းများကို တားမြစ်လိုက်သည့်သဘောဖြစ်သည်။
စစ်ကောင်စီအနေနှင့် နိုင်ငံခြားငွေ ရလမ်းတစ်ခုဖြစ်သည့် သယံဇာတများကို ထုတ်ရောင်းချရန်မှာလည်း ရှေ့အစဉ်အဆက်က အာဏာရှင်ဟောင်းများကြောင့် လက်ကျန် သယံဇာတနည်းပါးနေပြီး ထပ်မံ ထုတ်လုပ်ရောင်းချရန်လည်း တရားဝင်အစိုးရတစ်ရပ်အနေနှင့် လုပ်ဆောင်နိုင်ခြင်း အခွင့်အာဏာ မရှိသောကြောင့် လက်နက်များ လက်ဝယ်ပိုက်ပြီး ဗိုလ်ကျမှုသက်သက်သာ လုပ်နိုင်နေသည်။
“ထပ်လွဲတာရှိတယ် ဘဏ္ဍာရေးနှစ်ကာလကို ထပ်ပြောင်းတာ၊ ဘတ်ဂျက်ဆိုတာ အဲလို ခဏခဏပြောင်းလို့ရတာမဟုတ်ဘူး။ နိုင်ငံတကာက စောင့်ကြည့်နေတာ၊ အခုလို ပြောင်းလိုက်တော့ လုပ်ငန်းတွေ လည်ပတ်ဖို့က ခက်ကုန်တယ်။ ဒါ့ကြောင့် လာရင်းချင်တဲ့သူ နောက်ဆုတ်တယ်။ ကျောက်မျက်နဲ့ သဘာဝဓာတ်ငွေ့ဘက်ကို လှည့်လာနိုင်တယ် ။သူတို့က လှည့်လည်း အခုချိန်မလွယ်ဘူး ။နေရာအနှံ့တိုက်ပွဲတွေနဲ့၊ ဆန်စပါးနဲ့ပို့ဖို့ဆိုတာလည်း G to Gနဲ့သွားရမယ့် လုပ်ငန်းစဉ်တွေမှာမှ ဒေါ်လာရမှာ သူတို့က အခုထိ အစိုးရတစ်ရပ်မဟုတ်သေးဘူး”ဟု ဘဏ်လုပ်ငန်းပညာရှင်တစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံမှ ထွက်ခွာသွားသည့် ရင်းနှီးမြုပ်နှံမှုများ၊ ပိတ်လိုက်ရသည့် ပြည်တွင်းလုပ်ငန်းအရေအတွက်များနှင့် အလုပ်လက်မဲ့ဦးရေသည် မြင့်တက်လျက်ရှိသည့်အပြင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)ကလည်း ဧပြီလအတွင်းက မြို့ပြကြီးများတွင် လာမည့် သုံးလမှ ခြောက်လအတွင်း လူဦးရေ သုံးသန်းထက်မနက် အစာရေစာ ငတ်မွတ်ခေါင်းပါးမှုနှင့် ကြုံတွေ့ရမည်ဟု ထုတ်ပြန်ထားသည်။
WFP၏ ထုတ်ပြန်ချက်ပါ ကာလသတ်မှတ်ချက်သည် အောက်တိုဘာတွင် ပြည့်ပြီဖြစ်၍ အမှန်တစ်ကယ် လူဦးရေ သုံးသန်းခန့်သည် ငတ်မွန်ခေါင်းပါးမှုနှင့် ကြုံမကြုံကို တိကျသည့်မှတ်တမ်းများ မရှိ၍ မသိရှိရပေ။ သို့သော်လူအများစုမှာ စားဝတ်နေရေး အခက်အခဲဖြင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်ဟု ပြည်သူအများက ဆိုသည်။
လက်ရှိ ကြုံတွေနေရသည့် စီးပွားရေးအခက်အခဲများကို အမြန်ပြင်ဆင်ရန်အတွက် စစ်ကောင်စီက လုပ်ဆောင်နိုင်ခြင်းမရှိဘဲ ပြည်သူက ယုံကြည်ရသည့် အစိုးရတစ်ရပ် အာဏာပြန်ရမှသာလျှင် ဖြေရှင်းနိုင်မည်ဟု အများပြည်သူက ယုံကြည်မျှော်လင့်နေကြသည်။
****************************************************************
END / 251
၁၁ စက်တင်ဘာ ၂၀၂၁ - ၁၇:၄၇
News ID: 1179019
ပြင်ပငွေကြေးလဲလှယ်နှုန်းသည် အမေရိကန် တစ်ဒေါ်လာလျှင် ၂,၀၂၀ ကျပ် ဝန်းကျင်အထိ စံချိန်တင် ဈေးနှုန်းမြင့်တက်ခဲ့အပြီးတွင် စစ်ကောင်စီ၏ ဗဟိုဘဏ်က ယခင် ညွှန်ကြားထားသည့် နိုင်ငံခြားငွေ ရောင်းဈေးနှုန်းနှင့် ဝယ်ဈေးနှုန်းအကြား အတိုး၊အလျော့ ၀ ဒသမ ၈ ရာခိုင်နှုန်း အများဆုံးထားရမည် ဆိုသည့် ညွှန်ကြားချက်ကို ပယ်ဖျက်လိုက်သည်။