အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အသိမ်းပိုက်ခံအနောက်ဘက်ကမ်းဒေသ အလ်ခါလီလ်(ဟီဘရွန်)က မိန်းကလေးများအတွက်ဒိုရာမူလတန်းကျောင်းက သိပ္ပံနဲ့သင်္ချာဘာသာရပ်သင်ဆရာမဖြစ်တဲ့ နာဆရင်မ်ကွာဝ်တီနာဟ်ဟာ ဆုကြေးဒေါ်လာ၁သန်း(ပေါင် ၇၂၃၀၀၀) ချီးမြှင့်မဲ့ ဒီနှစ်ရဲ့ ကမ္ဘာ့အထူးချွှန်ဆုံးဆရာမဂုဏ်ပြုဆု ဆန်ခါတင်စာရင်းမှာပါဝင်လာကြောင်း ပါလက်စတိုင်းပညာရေးဝန်ကြီးဌာနက ကြေငြာခဲ့ပါတယ်။ ၂၀၂၁ခုနှစ်အတွက် ဗာကီဖောင်ဒေးရှင်းကမ္ဘာလုံးဆိုင်ရာထူးချွန်ကျောင်းဆရာဂုဏ်ပြုဆု ဟာ ယူနက်စကိုနဲ့လက်တွဲပူးပေါင်းထားပြီး ယခုအခါဆို ၇ကြိမ်မြောက်ဂုဏ်ပြုချီးမြှင့်သွားမှာပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာထူးချွန်ပြောင်မြောက်တဲ့ ဆရာ ဆရာမတွေကို အသိအမှတ်ပြုဂုဏ်ပြုချီးမြှင့်တဲ့ ဆုတစ်ခုလည်းဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဘေးဟာ သူမရဲ့ကျောင်းသူကျောင်းသားတွေအတွက် အဓိကစိန်ခေါ်မှုတွေဖြစ်စေခဲ့ကြောင်း စီစဉ်သူတွေကို ကွာဝ်တီနာဟ်ကပြောပါတယ်။ ဒါပေမယ့်လည်း ဒီကပ်ရောဂါဘေးဟာ သူမအတွက် အတားအဆီးတစ်ခုဖြစ်လာခွင့်မပေးပဲ ကွန်ပြူတာနဲ့လူမှုမီဒီယာအသုံးပြုခွင့်ရတဲ့သူတွေအတွက် အွန်လိုင်းပေါ်ကနေသင်ကြားပေးနိုင်ဖို့ ဗီဒီယိုတွေဖန်တီးခဲ့ပါတယ်။ အင်တာနက်အသုံးမပြုနိုင်တဲ့သူတွေအတွက်လည်း သူမဟာ အပြန်အလှန်အကျိုးပြုနိုင်တဲ့လှုပ်ရှားမှုလေးတွေနဲ့ ပညာရေးနဲ့ပတ်သက်တဲ့ကာတွန်းရုပ်ပုံတွေအပြည့်ပါတဲ့ စာစောင်တွေကိုပြင်ဆင်ပေးခဲ့ပါတယ်။
သူမရဲ့ကျောင်းသူကျောင်းသားတွေအတွက် အသိဉာဏ်ပညာအလင်းတွေရရှိစေဖို့ကြိုးစားပေးခဲ့ကြောင်းနဲ့ သမာရိုးကျပုံသေကားကျပုံစံတွေမဟုတ်ပဲ ဖန်တီးနိုင်မှုစွမ်းကိုပါဦးစားပေးခဲ့ကြောင်း ဒါတွေဟာ ပညာသင်ကြားရေးနဲ့ လေ့လာသင်ယူရေးအတွက် သူမရဲ့အခြေခံစည်းမျဉ်းစည်းကမ်းတွေဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ ကစားတဲ့ပုံစံကနေ လေ့လာသင်ယူတဲ့ပုံစံမျိုးဟာ သူမသင်ကြားပေးမှုရဲ့ အဓိကသော့ချက်ဖြစ်ပါတယ် အထူးသဖြင့် သူမရဲ့ကျောင်းသားအများအပြားဟာ သင်္ချာပညာရပ်မှာအားနည်းကြပြီး ကျောင်းတက်ရောက်လိုခြင်းမရှိကြတာကြောင့် ဖြစ်ပါတယ်။ သူမရဲ့သင်ကြားမှုပုံစံဟာ ဥပမာအနေနဲ့ သင်္ချာပညာနဲ့ပတ်သက်ပြီး သီချင်းတွေသီဆိုတာ ဒါမှမဟုတ် သိပ္ပံပညာရပ်ကနေသူတို့သင်ယူခဲ့တဲ့ပုံစံတွေကို အခြေခံပြီးဇာတ်လမ်းပုံပြင်လေးတွေ ရေးစပ်သီကုံးဖို့ ကလေးတွေကို သူမကတောင်းဆိုတဲ့ပုံစံမျိုးဖြစ်ပါတယ်။
ကွာဝ်တီနာဟ်ဟာ မိုင်ခရိုဆော့ဖ်ကနေကော နိုင်ငံတကာအသိအမှတ်ပြုလိုင်စင်ရလေ့ကျင့်သင်ကြားရေးမှူး တစ်ဦးဖြစ်ပြီး နည်းပညာအသုံးပြုမှုနဲ့ပတ်သက်ပြီး တစ်ခြားအာရပ်နိုင်ငံတွေက ဆရာ ဆရာမတွေကိုလေ့ကျင့်သင်ကြားပေးသူတစ်ဦးလည်းဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်မှာ သူမဟာပါလက်စတိုင်းရဲ့ အထူးချွန်ဆုံးကျောင်းဆရာမအဖြစ် ဂုဏ်ပြုဖော်ပြခံခဲ့ရပြီး ပြီးခဲ့တဲ့နှစ်မှာတော့ ပညာရေးအထောက်အကူပြုပါလက်စတိုင်းဂုဏ်ပြုထူးချွန်ဆုရရှိခဲ့ပါတယ်။
ပါလက်စတိုင်းပညာရေးဝန်ကြီး မာဝန်အာဝါတာနီက နာဆရင်မ်ကွာဝ်တီနာဟ်ရဲ့ အောင်မြင်မှုတွေကိုချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာထူးချွန်ကျောင်းဆရာဂုဏ်ပြုဆုဟာ လူငယ်လူရွယ်တွေရဲ့ဘဝတွေကို ပိုမိုကောင်းမွန်စွာအသွင်ပြောင်းပေးခဲ့တဲ့ သူရဲကောင်းကျောင်းဆရာ ဆရာမတွေရဲ့ အကြောင်းကိုအလေးထားဖော်ပြလိုခြင်းဖြစ်သလို ထူးချွန်ပြောင်ပြောင်တဲ့စွမ်းဆောင်ရည်တွေကို အသိအမှတ်ပြု ဂုဏ်ပြုဖန်တီးခဲ့တာဖြစ်ပါတယ်။ ဆန်ခါတင်စာရင်းထဲကနေ နောက်ထပ်စစ်ထုတ်မှုကို အောက်တိုဘာမှာရွေးချယ်စီစစ်သွားမှာဖြစ်ပြီး ဂုဏ်ပြုဆုချီးမြှင့်ပဲအခမ်းအနားကို လာမဲ့နိုဝင်ဘာမှာ ပဲရစ်မြို့မှာကျင်းပပြုလုပ်ပြီး အနိုင်ရရှိသူကိုကြေငြာသွားမှာဖြစ်ပါတယ်။
Middle East Monitor သတင်းဌာနပါ “Palestinian shortlisted for World’s Best Teacher Award” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
****************************************************************
END / 251