၂၂ အောက်တိုဘာ ၂၀၂၁ - ၁၈:၃၆
 “ သူလိမ်ညာခဲ့ပါတယ်” အမေရိကန် ကျူးကျော်စစ်ရဲ့ ဗိသုကာရှင် ကောလင်းပေါင်ဝဲလ် ကို အီရတ် နိုင်ငံသားများပြစ်တင်နေဆဲ

အီရတ်နိုင်ငံသားအများအပြားအတွက်တော့ ကောလင်းပေါင်ဝဲလ်ဟာ အီရတ်နိုင်ငံအပေါ်အမေရိကန်ရဲ့ ဆိုးရွားတဲ့ကျူးကျော်စစ်ကို ၂၀၀၃ခုနှစ်က ကုလလုံခြုံရေးကောင်စီမှာ ကာကွယ်လိုတဲ့သဘောနဲ့ အကျိုးအကြောင်းပြထွက်ဆိုခဲ့တဲ့ အမေရိကန် တာဝန်ရှိသူတစ်ဦးအဖြစ် သိထားကြပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အီရတ်နိုင်ငံသားအများအပြားအတွက်တော့ ကောလင်းပေါင်ဝဲလ်ဟာ အီရတ်နိုင်ငံအပေါ်အမေရိကန်ရဲ့ ဆိုးရွားတဲ့ကျူးကျော်စစ်ကို ၂၀၀၃ခုနှစ်က ကုလလုံခြုံရေးကောင်စီမှာ ကာကွယ်လိုတဲ့သဘောနဲ့ အကျိုးအကြောင်းပြထွက်ဆိုခဲ့တဲ့ အမေရိကန် တာဝန်ရှိသူတစ်ဦးအဖြစ် သိထားကြပါတယ်။


ပြီးခဲ့တဲ့တနင်္လာနေ့မှာ အသက်၈၄နှစ်အရွယ်အမေရိကန်အတွင်းရေးမှူးဟောင်း ပေါင်ဝဲလ်သေဆုံးမှုသတင်းဟာ အီရတ်နိုင်ငံသူ နိုင်ငံသားတွေရဲ့ဒေါသထွက်နေတဲ့ခံစားချက်တွေကို နောက်တစ်ကြိမ်ဆွပေးခဲ့သလိုဖြစ်ခဲ့ပါတယ်။ သူဟာ အီရတ်နိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီအကြမ်းဖက်မှုတွေ ဖရိုဖရဲဖြစ်မှုတွေနဲ့ လူအမြောက်အများသေဆုံးခဲ့ရတဲ့ အမေရိကန်ဦးဆောင်တဲ့ကျူးကျော်စစ်အတွက် တာဝန်ရှိတဲ့သမ္မတဟောင်းဘု့ရှ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်ပါတယ်။ ကုလသမဂ္ဂ မှာသူ့ရဲ့ သက်သေထွက်ဆိုချက်ဟာ အီရတ်နိုင်ငံသားတွေအမြောက်အများသေဆုံးခဲ့ရတဲ့ အဖြစ်အပျက်တွေရဲ့အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။


“သူလိမ်ပြီးရင်းလိမ်ပြီး အကြိမ်ကြိမ်အခါခါလိမ်လည်ခဲ့ပါတယ်” လို့ အီရတ်မြောက်ပိုင်းက စာရေးဆရာမနဲ့ကလေးနှစ်ယောက်မိခင် မာရိယန်ကပြောပါတယ်။ “သူလိမ်လည်ခဲ့ပါတယ် အဲဒါကြောင့်ပဲ ကျွန်မတို့တွေဟာ ဘယ်တော့မှအဆုံးမသတ်တော့တဲ့စစ်ပွဲတွေထဲမှာ ပိတ်မိနေခဲ့ကြပါတယ်” လို့ သူမကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။ သမ္မတရဲ့စစ်ဘက်ဆိုင်ရာအမြင့်ဆုံးအကြံပေး အဖွဲ့ဥက္ကဌအနေနဲ့ပေါင်ဝဲလ်ဟာ အီရတ်ခေါင်းဆောင်ဆက်ဒမ်ဟူစိန်က ကူဝိတ်ကိုကျူးကျော်ခဲ့ပြီးနောက် ၁၉၉၁ခုနှစ်မှာ အီရတ်စစ်တပ်ကိုးဖယ်ရှားဖို့ ပင်လယ်ကွေ့စစ်ပွဲကို ကြီးကြပ်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်အီရတ်နိုင်ငံသားတွေအတွက်တော့ ပေါင်ဝဲလ်ကို အမေရိကန်ကျူးကျော်စစ်အတွက် အဲ့အချိန်တုန်းကအီရတ်က ဆက်ဒမ်ဟူစိန်ဟာ ဖျက်ဆီးရေးလက်နက်တွေအများအပြားပိုင်ဆိုင်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာအဓိကခြိမ်းခြောက်မှုတစ်ခုအနေနဲ့ ကုလရှေ့မှာ ထွက်ဆိုခဲ့တဲ့သူအဖြစ်သာ ဒေါသဖြစ်မှတ်မိနေကြမှာဖြစ်ပါတယ်။


လုံခြုံရေးကောင်စီမှာသူက အီရတ်ရဲ့အစုလိုက်အပြုံလိုက်ဖျက်ဆီးရေးလက်နက်တွေရဲ့ ဓာတ်ပုံတွေနဲ့ အသေးစိတ်ပုံစံကားချပ်တွေကို ပြသခဲ့ပြီး အမေရိကန်ထောက်လှမ်းရေးကကြားဖြတ်ရယူခဲ့တဲ့ အချက်အလက်တွေကိုပါဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်ဒီလက်နက်တွေဘယ်တော့မှရှာတွေ့ခဲ့ခြင်းမရှိပဲ ဒီထွက်ဆိုချက်ဟာ သူ့တာဝန်ထမ်းဆောင်ခဲ့ချိန်အနိမ့်ဆုံးတင်ပြချက်အဖြစ် လှောင်ပြောင်သရော်ခံခဲ့ရပါတယ်။ “အီရတ်မှာသူကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက် တရားရုံးစွဲ ချက်တင်အပြစ်ပေးမခံရပဲ ကောလင်းပေါင်ဝဲလ်သေဆုံးမှုကို ဝမ်းနည်းမိပါတယ်။ ဒါပေမယ့် ဘုရားသခင်ရဲ့တရားရုံးက သေချာပေါက်သူ့ကိုစောင့်နေမှာပါ” လို့ ၂၀၀၈ခုနှစ်က ဘဂ္ဂဒက်မြို့သတင်းစာရှင်းလင်းပွဲမှာ အဲဒိအချိန် တုန်းကသမ္မတဘု့ရှ်ကိုဖိနပ်နဲ့ ပစ်ပေါက်ခဲ့တဲ့ အီရတ်ဂျာနယ်လစ် မန်ဒက်ဟာအီလ်ဇိုင်ဒီက တွစ်တာမှာရေးသားခဲ့ပါတယ်။


၂၀၁၁ခုနှစ်မှာ ပေါင်ဝဲလ်က အမေရိကန်ကျူးကျော်စစ်ဖြစ်ပေါ်စေခဲ့တဲ့ မှားယွင်းတဲ့ထောက်လှမ်းရေးသတင်း အချက်အလက်တွေတင်ပြခဲ့တာတွေအတွက်နောင်တရမိကြောင်း သူ့ဘဝမှတ်တမ်းမှာ အမည်းစက်တစ်ခုဖြစ်ခဲ့ရကြောင်း ထောက်လှမ်းရေးအသိုင်းအဝိုင်းရဲ့ကိုးကားချက် သတင်းအရင်းအမြစ်အများအပြားဟာ မှားယွင်းခဲ့ကြောင်း အလ်ဂျာဇီးယားသတင်းဌာနထံ ဝန်ခံပြောကြားခဲ့ပါတယ်။ ပေါင်ဝဲလ်ရဲ့ကုလမှာသက်သေထွက်ဆိုချက်ဟာ အီရတ်မှာ ဒီကနေ့ထိအကျိုးဆက်တွေကို ခံစားနေရဆဲဖြစ်တယ် လို့ အီရတ်ဂျာနယ်လစ် ဆိုင်ဖ်ဆာလက်ဟ်အီလ်ဟေတီက တွစ်တာမှာပြောကြားခဲ့ပါတယ်။ “သူ့အပေါ်ဘုရားသခင်ရဲ့တရားစီရင်ရေးကျရောက်ပါစေ ဒါ့အပြင် သူ့ကိုအားပေးထောက်ခံသူတွေ ပါဝင်ခဲ့သူတွေလည်း ဘုရားသခင်ရဲ့တရားစီရင်မှုခံယူရပါစေ” လို့ အီလ်ဟေတီကပြောကြားခဲ့ပါတယ်။


ဆက်ဒမ်ကို ဒီဇင်ဘာ ၂၀၀၃ခုနှစ်က အီရတ်မြောက်ပိုင်းကသူ့ပုန်းနေတဲ့နေရာမှာ အမေရိကန်တပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာအီရတ်အစိုးရကသုတ်သင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်ကျူးကျော်သိမ်းပိုက်မှုကြောင့် ထွက်ပေါ်လာတဲ့တော်လှန်ရေးတွေဟာ ဂိုဏ်းကဏ္ဍဆိုင်ရာ အကြမ်းဖက်မှုတွေအသွင်ပြောင်းလဲလာခဲ့ပြီး အီရပ်အရပ်သားအများအပြားမရေတွက်နိုင်လောက်အောင် အသတ်ခံခဲ့ရပြီး စစ်ပွဲဟာလည်း ဘု့ရှ်အစိုးရခန့်မှန်းခဲ့တာထက် ပိုကြာရှည်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အိုင်အက်စ်(ISIS) လက်နက်ကိုင်အဖွဲ့ ပေါ်ပေါက်လာစေဖို့ ကူညီပေးခဲ့သလိုဖြစ်ခဲ့ပါတယ်။


“ပေါင်ဝဲလ်ရဲ့ကုလမှာသက်သေထွက်ဆိုချက်ဟာ အီရတ်သောင်းနဲ့ချီ သေဆုံးခဲ့ရတဲ့ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ သူ့လက်တွေမှာသွေးစွန်းနေပါပြီ” လို့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မူယဒ်အီလ်ဂျာရှာမီ ၃၇နှစ်က ပြောကြားခဲ့ပါတယ်။ နိုင်ငံတွင်းမှာနှစ်နဲ့ချီဗုံးကျဲတိုက်ခိုက်မှုတွေ စစ်ပွဲတွေနဲ့ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ အခြေအနေတွေနဲ့ ရုန်းကန်ခံစားခဲ့ရတယ်လို့ အီလ်ဂျာရှာမီကပြောပါတယ်။ ဘဂ္ဂဒက်မြို့မှာ အဝတ်အထည်နဲ့အလှအပပစ္စည်းတွေရောင်းတဲ့ဆိုင်ရှင် အဂီလ်အီလ်ရူဘိုင် ၄၂နှစ်က ဖျက်ဆီးရေးလက်နက်အများအပြားရှိနေတယ်ဆိုတဲ့ မှားယွင်းတဲ့သတင်းတွေနဲ့ပတ်သက်ပြီး ပေါင်ဝဲလ်ကနောက်တရရ မရရ ဂရုမစိုက်ကြောင်း ပြောကြားခဲ့ပါတယ်။


စစ်ပွဲအတွင်းမှာသူ့ဝမ်းကွဲညီအစ်ကိုဆုံးရှုံးခဲ့ရတဲ့ အီလ်ရူဘိုင်က သူ့ဖခင်သေဆုံးခဲ့မှုအတွက် အမေရိကန်ကို ပြစ်တင်ခဲ့ပါတယ်။ “ဒီနောင်တကကျွန်တော်တို့အတွက်ဘာလုပ်ပေးနိုင်မှာလဲ။ နိုင်ငံတစ်ခုလုံးလည်းပျက်ဆီးသွားပြီ ကျွန်တော်တို့ကတန်ဖိုးတွေဆက်ပေးဆပ်နေရတယ် ဒါပေမယ့်ဘုရားသခင်သူ့အပေါ် ညှာတာပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ်” လို့သူကပြောကြားခဲ့ပါတယ်။
Al Jazeera သတင်းဌာနပါ “He lied: Iraqis blame Colin Powell for role in invasion on Iraq” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ ဆီလျော်အောင်ပြန်ဆိုသည်။



****************************************************************
END / 251