အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အိန္ဒိယက အမုန်းစကားပြောကြားမှုတွေ သတင်းအချက်အလက်အတုတွေဖြန့်ဝေမှုတွေနဲ့ သွေးထိုးလှုံ့ဆော်တဲ့ပို့စ်တွေ အထူးသဖြင့်မွတ်စလင်ဆန့်ကျင်ရေးအရေးအသားတွေကို ဖေ့စ်ဘုတ်ကစစ်ဆေးအရေးယူခဲ့ခြင်းတွေမရှိခဲ့ကြောင်း AP သတင်း ဌာန ကရရှိခဲ့တဲ့ ပေါက်ကြားလာတဲ့ အထောက်အထားစာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။ ကုမ္ပဏီရဲ့ဝန်ထမ်းတွေကိုယ်တိုင်တောင် ကုမ္ပဏီရဲ့ရပ်တည်ချက်တွေနဲ့ အကျိုးစီးပွားတွေနဲ့ပတ်သက်ပြီး သံသယတွေဝင် လာကြပါ တယ်။
ဒီနှစ်မတ်လကနေ ၂၀၁၉ခုနှစ်ထိ ကုမ္ပဏီရဲ့ဒိတ်မှတ်တမ်းတွေကိုသုံးသပ်လေ့လာမှုတွေအရ အိန္ဒိယနဲ့ပတ်သက်တဲ့ ကုမ္ပဏီရဲ့စာရွက်စာတမ်းအချက်အလက်တွေမှာ ဖေ့စ်ဘုတ်ဟာကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံနဲ့ ကုမ္ပဏီရဲ့ အကြီးဆုံးဈေးကွက် ကြီးဖြစ်တဲ့ အိန္ဒိယရဲ့လူမှုမီဒီယာပလက်ဖောင်းပေါ်မှာ ချိုးဖောက်စော်ကားတဲ့အရေးအသားပို့စ်တွေကို ပယ်ဖျက်ဖြုတ်ချဖို့ အမြဲတမ်းလိုလိုခက်ခဲနေတာကို မီးမောင်းထိုးပြနေပါတယ်။ အိန္ဒိယမှာ အသိုင်းအဝန်းကြား တင်းမာမှုတွေနဲ့ ဘာသာရေးတင်းမာမှုတွေဟာ လူမှုမီဒီယာပေါ်တွေကနေ အကြမ်းဖက်သွေးထိုးလှုံ့ဆော်ပေးခဲ့တဲ့ သမိုင်းကြောင်းရှိထားပါတယ်။
ဖေ့စ်ဘုတ်အကြောင်းထုတ်ဖော်ခဲ့သူ ဖရန့်စ်ဟူဂျန်ဖော်ထုတ်လိုက်တဲ့ ပေါက်ကြားလာတဲ့ဖေ့စ်ဘုတ်စာရွက်စာတမ်းတွေမှာ ကုမ္ပဏီဟာဒီပြဿနာတွေကို နှစ်နဲ့ချီသိမြင်ထားခဲ့ကြောင်းပြသနေတာကြောင့်ဒီအရေးကိစ္စတွေကိုထုတ်ဖော်သွားဖို့ လုံလောက် တဲ့လုပ်ရပ်တွေ ပြုလုပ်ခဲ့ခြင်းရှိမရှိ မေးခွန်းတွေမြင့်တက်လာစေပါတယ်။ ကုမ္ပဏီဟာဒီလိုအရေးယူမှုလုပ်ဖို့ပျက်ကွက်ခဲ့ကြောင်း အထူးသဖြင့်ဝန်ကြီးချုပ်နာရန်ဒါမိုဒီရဲ့ BJP ပါတီပါဝင်ပတ်သက်တဲ့အရေးကိစ္စတွေမှာ အရေးယူမှုတွေ လုပ်ဖို့ပျက်ကွက်ခဲ့ကြောင်း ဝေဖန်သူတွေနဲ့ ဒစ်ဂျစ်တယ်နယ်ပယ်ကျွမ်းကျင်ပညာရှင်အများအပြားက ပြောကြားခဲ့ပါတယ်။
ကမ္ဘာတစ်ဝန်းဖေ့စ်ဘုတ်ဟာ နိုင်ငံရေးနယ်ပယ်မှာအရေးပါမှုတွေတိုးမြင့်လာတာကြောင့် အိန္ဒိယမှာလည်းထို့အတူပင်ဖြစ်ပါတယ်။ ရွေးကောက်ပွဲကာလအတွင်း သူ့ပါတီအကျိုးအတွက် မိုဒီက ဒီလူမှုမီဒီယာပလက်ဖောင်းပေါ်မှာ လွှမ်းမိုးမှု ရရှိဖို့အရှိန်မြင့်အသုံးချခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က The Wall Street Journal ရဲ့အစီရင်ခံစာမှာ ဖေ့စ်ဘုတ်ဟာ BJP ရဲ့ဝေဖန်ထိုးနှက်မှုတွေကိုရှောင်ရှားဖို့ အမုန်းစကားပြောကြားမှုနဲ့ပတ်သက်တဲ့သူတို့ရဲ့ပေါ်လစီကို သီးခြား လျစ်လျူရှုမှုတွေလုပ်ခဲ့ခြင်းရှိမရှိ သံသယရှိကြောင်းဖော်ပြထားပါတယ်။
စာရွက်စာတမ်းတွေအရ အိန္ဒိယဟာကမ္ဘာပေါ်မှာအန္တရာယ်ကျရောက်အနိုင်ဆုံးနိုင်ငံတွေထဲကတစ်နိုင်ငံ အဖြစ်ဖေ့စ်ဘုတ်ကမြင်တွေ့သိရှိခဲ့ကြောင်း ရန်လိုစော်ကားတဲ့ပြောကြားမှုတွေနဲ့ချိုးဖောက်မှုတွေအတွက် ဟင်ဒီကော ဘင်္ဂါလီဘာသာစကားရော ဦးစားပေးဖြစ်ပေမယ့် ဖေ့စ်ဘုတ်ဟာ အဲဒီအချိန်တုန်းက လက်တွေ့အပြင်ကမ္ဘာမှာအကြမ်းဖက်မှုတွေဆီဦးတည်စေတဲ့ မှားယွင်းတဲ့သတင်းအချက်အလက်တွေကို တားဆီးဖို့ ပြည်တွင်းကဘာသာစကားစီစစ်သူတွေအလုံအလောက်မရှိခဲ့ပါဘူး။ AP ဆီပေးပို့တဲ့ထုတ်ပြန်ချက်ထဲမှာ ဖေ့စ်ဘုတ်ကဟင်ဒီနဲ့ဘင်္ဂါလီဘာသာစကားအပါအဝင် အမျိုးမျိုးသောဘာသာစကားတွေမှာ အမုန်းစကားပြောကြားမှုတွေကိုရှာဖွေဖို့ နည်းပညာပိုင်းမှာရင်းနှီးမြုပ်နှံ့ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
“မွတ်စလင်တွေအပါအဝင် လူနည်းစုအဖွဲ့တွေအပေါ် အမုန်းစကားပြောကြားမှုတွေဟာ ကမ္ဘာတစ်ဝန်းမြင့်တက်နေပါတယ်။ ဒါကြောင့်ကျွန်တော်တို့ရဲ့ပြဌာန်းချက်တွေကို တိုးတက်အောင်လုပ်ဆောင်နေသလို အွန်လိုင်းပေါ်မှာ အမုန်းစကားပြောကြားမှုတွေ ဆင့်ကဲပြောင်းလဲနေသလိုပဲ ကျွန်တော်တို့ရဲ့ပေါ်လစီတွေကိုလည်း အဆင်မြှင့်တင်မှုတွေလုပ်ဆောင်နေပါတယ်” လို့ကုမ္ပဏီရဲ့ပြောခွင့်ရပုဂ္ဂိုလ်ကပြောကြားခဲ့ပါတယ်။
သတင်းအတုတွေဖြန့်ဝေမှုနဲ့အတူ ပေါက်ကြားလာတဲ့စာရွက်စာတမ်းတွေက အိန္ဒိယကဖေ့စ်ဘုတ်ရင်ဆိုင်နေရတဲ့ နောက်ထပ်ပြဿနာတစ်ခုကိုဖော်ထုတ်ပြသခဲ့ပါတယ်။ အဲဒါကတော့ မွတ်စလင်ဆန့်ကျင်ရေးဝါဒဖြန့်မှုဖြစ်ပါတယ် အထူးသဖြင့်ဟိန္နူအမျိုးသားရေးလူမျိုးကြီးဝါဒကိုင်ဆွဲထားတဲ့ အဖွဲ့တွေရဲ့ မွတ်စလင်ဆန့်ကျင်ရေးဝါဒဖြန့်မှုတွေပဲဖြစ်ပါတယ်။ အိန္ဒိယဟာ ဖေ့စ်ဘုတ်ရဲ့အကြီးမားဆုံးဈေးကွက်ကြီးတစ်ခုဖြစ်နေပြီး ဖေ့စ်ဘုတ်အသုံးပြုသူ သန်း၃၄၀ ထက်မနည်းရှိသလို အိန္ဒိယသန်း၄၀၀နီးပါးဟာလည်း ဖေ့စ်ဘုတ်ရဲ့မက်ဆေ့ဝန်ဆောင်မှုအက်ပ်ဖြစ်တဲ့ WhatsApp ကိုအသုံးပြုနေပါတယ်။ ဒါပေမယ့်ဒီနှစ်ခုစလုံးဟာ လူနည်းစုတွေအပေါ် အမုန်းစကားပြောကြားမှုတွေနဲ့ သတင်းတုတွေဖြန့်ဝေ မှုတွေ အတွက် အသုံးချခံတွေဖြစ်နေခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။
ရဲတွေမလုပ်ဘူးဆိုရင် မွတ်စလင်ဆန္ဒပြသူတွေကို နယူးဒေလီမြို့လမ်းမပေါ်ကနေ ဖယ်ရှားပစ်ဖို့ မိုဒီရဲ့ပါတီကနိုင်ငံရေးသမားတစ်ဦးက သူ့ကိုထောက်ခံသူတွေကိုတိုက်တွန်းပြောကြားခဲ့တဲ့ ဗီဒီယိုဖေ့စ်ဘုတ်ပေါ်တင်ပြီးနောက် ၂၀၂၀ခုနှစ် ဖေဖေါ်ဝါရီမှာ ဒီတင်းမာမှုတွေဟာ ဖေ့စ်ဘုတ်ပေါ်မှာအုံကြွမှုဖြစ်ခဲ့ပါတယ်။ ဒီပို့စ်တင်ပြီးနာရီပိုင်းအတွင်း အကြမ်းဖက်အဓိကရုဏ်းတွေဖြစ်ပွားခဲ့ပြီး လူ၅၃ဦးအသတ်ခံခဲ့ရပါတယ်။ အများစုဟာမွတ်စလင်တွေဖြစ်ကြပါတယ်။ လူပေါင်းထောင်နဲ့ ချီဒီဗီဒီယိုကိုကြည့်ပြီး ပြန်လည်ဝေမျှမှုတွေလုပ်ပြီးမှသာ ဖေ့စ်ဘုတ်ကဒီဗီဒီယိုကို ဖြုတ်ချခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ဧပြီတုန်းကလည်း မွတ်စလင်တွေကိုပစ်မှတ်ထားတဲ့ “ကိုရိုနာဗိုင်းရပ်စ်ဂျီဟာ့ဒ်” လှုံ့ဆော်ရေးကမ်ပိန်းတွေနဲ့ သတင်းအမှားတွေကိုဖေ့စ်ဘုတ်ပေါ်မှာဖြန့်ဝေမှုအများအပြားရှိခဲ့ပါတယ်။ ကိုဗစ်-၁၉ကူးစက်မှုတွေမြင့်တက်လာတာ မွတ်စလင်တွေကြောင့်ဆိုတဲ့ပြစ်တင်ထားတဲ့ သတင်းတုတွေနဲ့ဖြန့်ဝေမှုတွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီကမ်ပိန်းဟာ ဖေ့စ်ဘုတ်ပေါ်မှာရက်နဲ့ချီ ပေါ်ပြူလာဖြစ်နေခဲ့ပြီး အတော်ကြာမှသာကုမ္ပဏီကဖြုတ်ချပစ်ခဲ့တာဖြစ်ပါတယ်။ တစ်ချို့ ဗီဒီယိုဖိုင်တွေနဲ့ ပို့စ်တွေမှာ မွတ်စလင်တွေကအာဏာပိုင်တွေနဲ့ ဆေးရုံဝန်ထမ်းတွေကိုတံထွေးနဲ့ထွေးနေတယ်ဆိုပြီး ရည်ရွယ်ချက်ရှိရှိနဲ့ရေးသားဖော်ပြမှုတွေလုပ်ခဲ့ပါတယ်။ ဒါတွေဟာသတင်းအတုတွေဖြစ်ကြောင်း အလျင်အမြန် သက်သေပြနိုင်ခဲ့ပေ မယ့် တစ်လအစောပိုင်းတုန်းက လူတွေသေဆုံးခဲ့ရတဲ့အဓိကရုဏ်းတွေကြောင့် အိန္ဒိယရဲ့အသိုင်းအဝန်းကြားအပြစ်မြင်မှုတွေဟာ အခိုင်အမာအမြစ်တွယ်နေဆဲဖြစ်ပြီး နောက်တစ်ကြိမ်ပေါက်ကွဲထွက်လာခဲ့ပြန်ပါတယ်။
မှားယွင်းနေတဲ့သတင်းအချက်အလက်တွေဖြန့်ဝေမှုတွေကြောင့် အကြမ်းဖက်မှုလှိုင်းဂယက်တွေဖြစ်ပွားခဲ့ပြီး မွတ်စလင်တွေကိုပစ်မှတ်ထား အမုန်းစကားပြောကြားမတွေနဲ့ မွတ်စလင်ပိုင်စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီအကြမ်းဖက်မှုတွေကြောင့် မွတ်စလင်ထောင်နဲ့ချီ အဖွဲ့အစည်းဆိုင်ရာကွာရာတင်းနဲ့ကန့်သတ်ခံခဲ့ရပါတယ်။ တစ်ချို့ဆိုထောင်ထဲတောင်အပို့ခံခဲ့ရပြီး နောက်ပိုင်း တရားရုံးတွေက တရားသေ လွှတ်ပေးမှသာ ပြန်လွတ်လာခဲ့ကြရပါတယ်။ “မွတ်စလင်တွေက ဗိုင်းရပ်စ်တွေဖြန့်နေတယ်ဆိုပြီး လူတွေကဗီဒီယိုအတုတွေကို ဖြန့်ဝေခဲ့ကြတာပါ။ ဖေ့စ်ဘုတ်ပေါ်က အလိမ်အညာတွေဟာ သန်းနဲ့ချီတဲ့လူတွေအတွက် အမှန်တရားဖြစ် လာခဲ့ပါတယ်” လို့ နယူးဒေလီမြို့ကမွတ်စလင်တရားဟောဆရာ မိုဟာမက်အဘက်စ် ၅၄နှစ်က ပြောကြားခဲ့ပါတယ်။
Al Jazeera သတင်းဌာနပါ “Facebook failing to check hate speech, fake news in India: Report” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာ ဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
****************************************************************
END / 251