အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ကျေးရွာတွင် နယ်မြေရှင်းလင်းရန်လာသည့် စစ်ကောင်စီတပ်များနှင့် ကြို့ပင်ကောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဒေသခံ ရွာသားသုံးဦးကို ဖမ်းဆီးထားကြောင်း ကြို့ပင်ကောက် PDF က ယနေ့ ဒီဇင်ဘာလ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက် မနက် ၆ နာရီအချိန်က အုတ်ဖိုမြို့နှင့် ၁၂ မိုင်အကွာတွင်ရှိသည့် ပဲခူးရိုးမတောင်ခြေရှိ ကြို့ကိုးပင်ကျေးရွာတွင် ကြို့ပင်ကောက် PDF တပ်ဖွဲ့ဝင်များ ခိုအောင်းနေသည်ဟုဆိုကာ စစ်ကောင်စီတပ် အင်အား ၉၀ ခန့် ရောက်ရှိလာပြီး ရွာအတွင်း အင်အား ၇၀ ခန့်ဖြင့် ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်အပြီးတွင် အင်အား၂၀ ကို ကင်းပုန်းချထားခဲ့ခြင်း ဖြစ်သည်။
နေ့လည် ၂ နာရီအချိန်တွင် ကြို့ပင်ကောက် PDF အဖွဲ့နှင့် ထိပ်တိုက်တွေ့ပြီး မိနစ် ၃၀ ကြာ တိုက်ပွဲငယ် ဖြစ်ပွားခဲ့ကာ ကြို့ကိုးပင်ကျေးရွာနှင့် ကပ်ရက်ရှိ အထွက်တိုးကျေးရွာမှ ဒေသခံ သုံးဦးကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ကြို့ပင်ကောက် PDF တာဝန်ရှိသူတစ်ဦးက ဆိုသည်။
"ရွာအပြင်က အိမ်တစ်လုံးကိုလည်း ကျွန်တော်တို့ ခိုအောင်းနေကြတယ်ဆိုပြီး စကစတွေက မီးရှို့ဖျက်ဆီးခဲ့တယ်။ နေ့လည် ၂နာရီမှာ ကင်းထောက်အဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားပါတယ်။ စကစ ဘက်က လက်နက်ကြီးနဲ့ လေးချက်ပစ်ပါတယ်။ ကျွန်တော်တို့ ပြန်ဆုတ်ခွာတဲ့အခါမှာ ကြို့ကိုးပင်ရွာနှင့် ကပ်ရက်မှာရှိတဲ့ ထပ်တိုးဆိုတဲ့ ရွာက
ရွာသား သုံးယောက်ကို ဖမ်းခေါ်ပြီး လမ်းပြခိုင်းကာ နယ်မြေရှင်းလင်းရေးတွေ လုပ်ပါတယ်။ အဲ့ရွာသားတွေကို ဘယ်ကို ဖမ်းခေါ်သွားလည်း မသိရပါဘူး။ ကြို့ကိုးပင် ကျေးရွာက လူတွေက တိမ်းရှောင်နေရတယ်၊ စကစ ဘက်က ထိခိုက်သေဆုံးမှုကိုလည်း မသိရသေးပါဘူး" ဟု ကြို့ပင်ကောက် PDFမှ တာဝန်ရှိသူက ပြောသည်။
"စစ်ကောင်စီတပ်တွေနဲ့ ထိပ်တိုက်ဖြစ်တဲ့ တိုက်ပွဲက ဒါပထမဆုံးပါ၊ ကျွန်တော်တို့တွေက အင်အားချင်းမမျှလို့ ဆုတ်ခွာခဲ့ရပေမယ့် တော်လှန်စိတ်ကတော့ အပြည့်ရှိပါတယ်။ ကျွန်တော်တို့က ဒီထက်အားကောင်းမောင်းသန် စုဖွဲ့မှုတွေနဲ့ ပြည်သူတွေ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်အောင် ပြန်လာပါမယ်" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၁၃ ရက် မနက်ပိုင်းအထိ ကြို့ကိုးပင်ရွာတွင် စစ်ကောင်စီတပ်များ တပ်စွဲထားပြီး ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆိုသည်။
ကြို့ကိုးပင်ရွာ အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင်လည်း စစ်ကောင်စီတပ်များမှ စစ်ကြောင်းများ တိုးချဲ့နေကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့နယ် PDF အနေဖြင့် မတရား အာဏာသိမ်းထားသော စစ်ကောင်စီ၏ အကြမ်းဖက် တပ်ဖွဲ့ဝင်များ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီ၏ ထောက်တိုင်များအား အဓိက ပစ်မှတ်ထား တိုက်ခိုက်နေခြင်း ဖြစ်သည်။
ထို့အပြင် ပြည်သူ့ခုခံစစ်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည့် ကာလဖြစ်သည့်အတွက် ပြည်သူများ အနေဖြင့် မလိုအပ်ဘဲ အပြင်ထွက်ခြင်း၊ လူစုလူဝေး ပြုလုပ်ခြင်းများ၊ ဗုံးပေါက်ကွဲသည့် နေရာများသို့ သွားရောက်စပ်စု ကြည့်ရှူခြင်းများ၊ စစ်ကောင်စီ လက်ပါးစေတပ်များနှင့် နီးကပ်စွာ နေထိုင်ခြင်းများအား အထူးဂရုပြု ရှောင်ရှားရန် ကြို့ပင်ကောက်မြို့နယ် PDF က မေတ္တာရပ်ခံ ထားသည်။
****************************************************************
END / 251
၁၃ ဒီဇင်ဘာ ၂၀၂၁ - ၂၀:၁၃
News ID: 1208308
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ကျေးရွာတွင် နယ်မြေရှင်းလင်းရန်လာသည့် စစ်ကောင်စီတပ်များနှင့် ကြို့ပင်ကောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဒေသခံ ရွာသားသုံးဦးကို ဖမ်းဆီးထားကြောင်း ကြို့ပင်ကောက် PDF က ယနေ့ ဒီဇင်ဘာလ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။