အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကချင်ပြည်နယ်၊ ဖားကန့် လုံးခင်း ရတနာမြေတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့ အစောပိုင်းက ဖြစ်ပွားခဲ့သည့် လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာ၊ စိန်စိန် လုပ်ကွက်ဟောင်း မြေစာပြိုကျမှုကြောင့် ပျောက်ဆုံးနေသူများ ရှာဖွေမှုကို ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ဒီဇင်ဘာ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် လုပ်ကွက်ဟောင်း မြေစာပြိုကျမှုတွင် သေဆုံးသူ တစ်ရာနီးပါး ရှိနိုင်သည်ဟု ဒေသခံများက ဆိုကြသော်လည်း ရှာဖွေမှု ရပ်ဆိုင်းလိုက်သည့် အချိန်အထိ သေဆုံသူ ခြောက်ဦး၏ ရုပ်အလောင်းများသာ ရှာဖွေတွေ့ရှိခဲ့ကြောင်း ကယ်ဆယ်ရေး အဖွဲ့များထံက သိရသည်။
မြေပြိုကျမှုကြောင့် ပျောက်ဆုံးနေသူများကို ဒေသခံ လူမှုအဖွဲ့အစည်း ခြောက်ခု ပူးပေါင်းကာ ငါးရက်ကြာ ရှာဖွေခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ဖားကန့်) ထံက သိရသည်။ ရှာဖွေမှုများအား မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။
ရှာဖွေမှုစတင်သည့် ပထမရက် ဒီဇင်ဘာလ ၂၂ ရက်တွင် မြေပြိုကျမှုကြောင့် ပျောက်ဆုံးနေသည့် ရုပ်အလောင်း တစ်လောင်းသာ တွေ့ရှိပြီး၊ ဒုတိယနေ့ ဖြစ်သည့် ဒီဇင်ဘာလ ၂၃ ရက်တွင် ရုပ်အလောင်း သုံးလောင်း၊ တတိယနေ့ ဒီဇင်ဘာလ ၂၄ ရက်တွင် သေဆုံးသူ ရုပ်အလောင်း နှစ်လောင်းသာ ရှာဖွေနိုင်ခဲ့ကြောင်း ကယ်ဆယ်ရေး ပြုလုပ်ပေးခဲ့သည့် အဖွဲ့များ၏ အချက်အလက်များအရ သိရသည်။
ရုပ်အလောင်း ရှာဖွေတွေ့ရှိခဲ့သည့် သေဆုံးသူများအတွက် အာဏာသိမ်း စစ်ကောင်စီ လက်ဝေခံ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီမှ ငွေကျပ် ၅၀၀၀၀၀ (ငါးသိန်း)၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ငွေကျပ် ၃၀၀၀၀၀ (သုံးသိန်း) စုစုပေါင်း ငွေကျပ် ၈၀၀၀၀၀ (ရှစ်သိန်း) ထောက်ပံ့ခဲ့သည်။
စစ်ကောင်စီ လက်အောက်ခံ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီ၏ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းနှင့် အဖွဲ့က အဆိုပါ လုပ်ကွက်ဟောင်း မြေစာပြိုကျသည့် နေရာကို ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် သွားရောက်ကာ ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိအချိန်တွင် မြေပြိုကျမှုနှင့် ပတ်သက်ပြီး ပျောက်ဆုံးနေကြောင်း ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များထံ လာရောက် တိုင်ကြားထားသူ ရှစ်ဦးသာရှိသော်လည်း မြေပြိုကျခဲ့သည့် လုပ်ကွက်ဟောင်းအတွင်း ကျောက်ရှာဖွေသူ အများစုသည် မှော်စီစာမှဖြစ်ရာ လူအမြောက်အများ သေဆုံးနိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။
ယခုမြေစာ ပြိုကျမှုသည် စစ်ကောင်စီက အာဏာသိမ်းပြီး နောက်ပိုင်း တစ်ပတ်အတွင်း နှစ်ကြိမ်မြောက် မြေပြိုကျမှုဖြစ်ကာ ပျောက်ဆုံး သေဆုံးသူများသည့် မြေပြိုကျမှု တစ်ခုလည်း ဖြစ်သည်။
****************************************************************
END / 251
၂၈ ဒီဇင်ဘာ ၂၀၂၁ - ၂၀:၂၈
News ID: 1213402
ကချင်ပြည်နယ်၊ ဖားကန့် လုံးခင်း ရတနာမြေတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့ အစောပိုင်းက ဖြစ်ပွားခဲ့သည့် လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာ၊ စိန်စိန် လုပ်ကွက်ဟောင်း မြေစာပြိုကျမှုကြောင့် ပျောက်ဆုံးနေသူများ ရှာဖွေမှုကို ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။