အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်နှင့် အုတ်ဖိုမြို့နယ် အစပ်ရှိ မြေပြာရွာတွင် စခန်းချထားသော ပျူစောထီး စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်သည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက် ည ၉ နာရီခွဲ ဝန်းကျင်ခန့်တွင် အုတ်ဖိုမြို့နယ်အပိုင် မြေပြာရွာ၌ စခန်းချကာ အစည်းအဝေး ပြုလုပ်နေသည့် ပျူစောထီး ခေါင်းဆောင်ဟု ဆိုသူများအား ကြို့ပင်ကောက် PDF တပ်ဖွဲ့ဝင် ၂၀ ခန့်က တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။
“မနေ့ညက ပျူစောထီး ခေါင်းဆောင်တွေ အစည်းအဝေး လုပ်တယ်ဆိုတဲ့ သတင်း အတိအကျ ရထားတယ်။ အဲဒါကြောင့် အကိုတို့က ဝင်ပစ်တာ။ အလစ် ဝင်ပစ်တော့ သူတို့ဘက်က သေနတ်တောင် ဆွဲချိန် မရလိုက်ဘူး။ အဲ့မှာ ငါးယောက်စလုံး သေသွားတယ်” ဟု ကြို့ပင်ကောက် PDF တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
အဆိုပါ တိုက်ခိုက်မှုတွင် ပျူစောထီး ခေါင်းဆောင်ဟု ဆိုသူများ ဖြစ်သည့် နိုင်ဝင်း၊ စန်းငွေ၊ ကျော်ဦးနှင့် အခြား နှစ်ဦး စုစုပေါင်း ငါးဦး သေဆုံးကြောင်း PDF များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့က ကြို့ပင်ကောက်မြို့ အရှေ့ဘက်ရှိ ဝိုင်းရွာအနီး ညောင်ပင်အိုင်ရွာတွင် လူငယ် နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးများက ဖုန်းစစ်ဆေးရာ NUG Profile တင်ထားသည်ကို တွေ့သဖြင့် တစ်ဦးကို ပစ်သတ်ပြီး ကျန်တစ်ဦးအား ဖမ်းဆီးသည့် ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ပျူစောထီးများအား သွေးကြွေးဆပ် လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း PDF တာဝန်ရှိသူက ဆိုသည်။
“ခုသေသွားတဲ့ထဲမှာ ဆိုရင် ဟိုနေ့က သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ကလေးနဲ့ သူတို့ကို ဝိုင်းဖမ်းပေးတဲ့ သူတွေရယ် ပါတယ်။ အဲ့မှာ လိုက်ဖမ်းပေးတဲ့ အုပ်ချုပ်ရေးမှူး တစ်ယောက်ကတော့ လွတ်သွားတယ်။ မနေ့ညက သူအဲ့မှာ မရှိနေလို့၊ သူကျန်သေးတယ်၊ အကိုတို့မြို့က ကျဆုံးသွားတဲ့ လူငယ်လေးအတွက် ရတဲ့နည်းနဲ့ လက်တုံ့ပြန်မယ်၊ ဒါကို ဆုံးဖြတ်ပြီးသား ဖြစ်တယ်။ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ၊ ပျူစောထီးတွေ စစ်ကောင်စီရဲ့ ဩဇာကို ခံရင်တော့ ခုလိုဘဲ ကိုယ့်ရဲ့ အသက်အန္တရာယ် ရှိလာနိုင်တယ်။ ကိုယ့်အသက် မနှမျှောရင်တော့ ဆက်လုပ်ပါလို့ ပြောချင်တယ်” ဟု သူ ကြို့ပင်ကောက် PDF ဦးဆောင်သူက သတိပေး ပြောဆိုသည်။
****************************************************************
END / 251
၉ ဖေဖော်ဝါရီ ၂၀၂၂ - ၂၀:၂၂
News ID: 1227906
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်နှင့် အုတ်ဖိုမြို့နယ် အစပ်ရှိ မြေပြာရွာတွင် စခန်းချထားသော ပျူစောထီး စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်သည်။