အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပြည်ပမှတင်သွင်းနေရတဲ့ စားအုန်းဆီဈေး အဆမတန်မြင့်တက်လာတာကြောင့် ပြည်တွင်းဈေးကွက်အတွင်းရှိ စားအုန်းဆီဈေးနှုန်းက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ၁ ပိဿာကို ကျပ် ၆၀၀၀ ရှိခဲ့ရာကနေ လက်ရှိမှာတော့ ကျပ် ၈၀၀၀ နီးပါးမြင့်တက်လာနေပါတယ်။
ပြည်တွင်းမြေပဲဆီဈေးကလည်း နေ့စဉ် နဲ့အမျှ ဈေးနှုန်းအပြောင်းအလဲ ရှိလာတဲ့အတွက် ဝယ်သူတွေအား လိုသလောက် မရောင်းပေးနိုင်တော့ဘူးလို့ တနိုင်တပိုင် ရောင်းချပေးနေတဲ့ ဆီစက်လုပ်ငန်းရှင်တွေက ပြောပါတယ်။
မန္တလေးအခြေစိုက် တနိုင်တပိုင် မြေပဲဆီထုတ်လုပ်ရောင်းချနေတဲ့လုပ်ငန်းရှင်တဦးက “မြေပဲဆံ လုံးဆံက အခုလော လောဆယ်တော့ ၁ပိဿာကို အနည်းဆုံး ၄၂၀၀ ကျပ်ပေါက်တယ်။ ဒါက မန္တလေးဈေးပေါ့နော်။ မြေပဲဆံကတော့ ၃လ သက်တမ်း နဲ့ ၆လ သက်တမ်းဆိုပြီး စိုက်ကြတာပေါ့။ အခုကတော့ ၆လ သက်တမ်းကို သိပ်မစိုက်တော့ပါဘူး။ ၃လ သက်တမ်း စိုက်ကြတာများပါတယ်။ အခုအချိန်က မြေပဲက ကြားကာလ စပ်ကြားကာလဖြစ်သွားလို့ မြေပဲက လှိုင်နေအောင် တော့မထွက်ဘူးလေ။ ဈေးတက်ရတဲ့အကြောင်းရင်းက မြေပဲအထွက်နှုန်းထက် စားအုန်းဆီဈေးက မြင့်တက်လာတာလည်း ပါတယ်။ ပြီးတော့ ကုန်သည်ကြီးတွေက ဈေးကစားချင်တဲ့အတွက်ကြောင့်လည်း မြေပဲဆီဈေး ပိုမြင့်သွားတယ်လို့ ထင်တာပဲဗျ။ ကျနော်တို့လို တနိုင်တပိုင်ထုတ်နေတဲ့ စက်ပိုင်ရှင်တွေထဲမှာ တချို့ဆိုရင် လုပ်ငန်း မလည်ပတ်နိုင်တော့လို့ ရပ်နားထားရတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။
အလားတူ ရန်ကုန်မြို့က တနိုင်တပိုင်မြေပဲဆီထုတ်လုပ်ရောင်းချနေတဲ့လုပ်ငန်းရှင်တဦီးကလည်း “ပြီးခဲ့တဲ့ရက်ပိုင်းကတော့ မြေပဲဆုံဆီဈေးက တပိဿာကို ၉၅၀၀ ကျပ်နဲ့ရောင်းပါတယ်။ ဒီကနေ့မှာတော့ တပိဿာကို ၁၂၀၀၀ ကျပ် ရှိပါတယ်။ ဒီဈေးနဲ့ ဝယ်ရလို့လည်း ပိဿာလိုက် ချီပြီးတော့ ကျမတို့ အများကြီးမရောင်းပေးနိုင်ဘူး။ ဒါကြောင့် အခုလောလောဆယ်မှာ ၅၀ ကျပ်သား နဲ့ တပိဿာခန့်သာ ရောင်းချပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆို ဈေးနှုန်းက နေ့စဉ်အပြောင်းအလဲ ရှိနေတာ ကြောင့် အများကြီးမရောင်းပေးနိုင်တာ”လို့ ဆိုပါတယ်။
ပြည်တွင်းစာသုံးဆီဈေးကွက်မှာ စားအုန်းဆီဈေး မြင့်တက်လာတဲ့အတွက် ပြည်သူတွေ ဈေးနှုန်း သက်သာစွာနဲ့ ဝယ်ယူနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီး ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ မြို့နယ်နေရာပေါင်း ၄၀ ခန့်မှာ လက်ဈေးကားနဲ့ စားအုန်းဆီ တပိဿာကို ၅၉၀၀ ကျပ်နဲ့ နေ့စဉ်ရောင်းချပေးနေတဲ့အကြောင်း အဆိုပါအသင်းမှ ထုတ်ပြန်ထားတာရှိပါတယ်။
တဖက်မှာလည်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီအား ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်းမှ,ဖြစ်သင့် ဖြစ်ထိုက်တဲ့ ဈေးနှုန်းတွေ ဖြစ်ပေါ်စေရေးအတွက် ထိန်းကျောင်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူ ပို့ဆောင်ခကုန်ကျစရိတ်၊ ဘဏ်စရိတ်၊ အခွန်အခ ထည့်သွင်း တွက်ချက်ကာ ပြည်တွင်းဈေးကွက်မှာ ရောင်းဝယ်ဖောက်ကားရမယ့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် ထုတ်ပြန်ပေးနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် နိုင်ငံတကာမှာ ဖြစ်ပေါ်နေတဲ့ လက်ရှိအခြေအနေအရ ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့တဲ့နိုင်ငံတွေမှာ စားအုန်းဆီဈေးနှုန်းတွေအပေါ် အခြေခံကာ တွက်ချက်မှုအရ ၂၀၂၂ မတ် ၇ ရက်မှ ၁၃ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းနှုန်းမှာ စားအုန်းဆီတပိဿာကို (အနိမ့်ဆုံးဈေး ငွေကျပ် ၅၉၄၀ မှ အမြင့်ဆုံးဈေး ၆၅၇၅ ကျပ်) နှုန်းဖြင့် သတ်မှတ်ကာ မတ်လ ၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာထားတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းဆီစားသုံးမှုက တနှစ်ကို တန်ချိန် ၁ သန်းလောက် ရှိတာကြောင့် လိုအပ်ချက်အတွက် နှစ်စဉ် စားအုန်းဆီ တန်ချိန် ၉ သိန်းလောက် ပြည်ပကနေ တင်သွင်းနေရပါတယ်။
****************************************************************
END / 251
၇ မတ် ၂၀၂၂ - ၂၀:၀၁
News ID: 1237021
ပြည်ပမှတင်သွင်းနေရတဲ့ စားအုန်းဆီဈေး အဆမတန်မြင့်တက်လာတာကြောင့် ပြည်တွင်းဈေးကွက်အတွင်းရှိ စားအုန်းဆီဈေးနှုန်းက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ၁ ပိဿာကို ကျပ် ၆၀၀၀ ရှိခဲ့ရာကနေ လက်ရှိမှာတော့ ကျပ် ၈၀၀၀ နီးပါးမြင့်တက်လာနေပါတယ်။