အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် နွမ်လန်းကျေးရွာတွင် အသက် ၇၃ နှစ် အရွယ် အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ရန်နှင့် သတ်ဖြတ်ရန် ကြံစည်ခဲ့သည့် အစိုးရ တပ်သားတဦးအား အရပ်ဘက် တရားရုံးတွင် စစ်ဆေးပေးရန် အတွက် ယနေ့ ဗန်းမော်မြို့ ဒေသခံပြည်သူ ရာနှင့်ချီ၍ ဆန္ဒပြတောင်းဆိုကြသည်။
ဧပြီ ၁၃ ရက်နေ့က ခြေမြန်တပ်ရင်း ခမရ ၄၃၈ မှ တပ်သား ဇော်မျိုးအေး (တ/၄၅၄၁၃၀) သည် အသက် ၇၃ နှစ်အရွယ် အမျိုးသမီးကို အဓမ္မပြုကျင့်ရန်နှင့် သတ်ဖြတ်ရန် ကြံရွယ်ခဲ့သည်ကို ရွာသား ၂ ဦးက မျက်မြင်သက်သေ ရှိခဲ့ကြောင်း၊ ထိုကိစ္စနှင့်ပတ်သတ်ပြီး မြို့သစ်မြို့နယ်ခွဲ ရှိ ရဲစခန်းတွင် ပ/၃/၂၀၁၅ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၅၆/၃၇၆/၅၁၁ တို့ဖြင့် အမှုဖွင့် ထားကြောင်း ဗန်းမော်ခရိုင် ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်များအဖွဲ့ချုပ် အမျိုးသမီးဌာနမှ ဒေါ်ဒီထွယ်ဆန်ရော်က ဧရာဝတီသို့ပြောသည်။
“ကျမတို့ ဆန္ဒ ထုတ်ဖော်တဲ့အစီအစဉ်မှာ အဓမ္မပြုကျင့်ဖို့ ကြံစည်နေသူကို အရပ်ဘက် တရားရုံးမှာ စစ်ဆေး အရေးယူ ပေးဖို့ပါ။ ကျမတို့ အထက်ကို တင်တာကတော့ အယောက် ၃၀၀ ပဲ၊ ဒါပေမယ့် ဒီနေ့ ၇၀၀ လောက်တော့ ရှိမယ်ထင်တယ်။ ကျမတို့ ဆန္ဒပြရင် ကြွေးကြော်ဖို့ ကိုင်ဆောင်ဖို့တွေမှာ ရေးသားထားတဲ့ စာသားတွေကို သက်ဆိုင်ရာက ဖျက်ခိုင်း တာတွေလုပ်တယ်။ ဥပမာ မုဒိန်းမှုရပ်၊ အမျိုးသမီးများအား မတရား ထိပါးစော်ကားမှုရပ် ဆိုတဲ့ စာသားတွေကို မကိုင်ခိုင်းဘူး” ဟု ဒေါ်ဒီထွယ်ဆန်ရော်က ဆိုသည်။
ဆန္ဒပြပွဲတွင် ကြွေးကြော်ရန်အတွက် အမျိုးသမီးများ လုံခြုံအေးချမ်းစွာ သွားလာနေထိုင် အသက်ရှင်နိုင်ရေး၊ အမျိုးသမီးများ၏ အခွင့်အရေးကို ဥပဒေနှင့်အညီ ကာကွယ်ပေးရေး အစရှိသဖြင့် စီစဉ်ထားခဲ့ သော်လည်း သက်ဆိုင်ရာက တားမြစ်ခဲ့ကြောင်း သိရသည်။
“ကျမတို့ စစ်တပ်နဲ့ နီးစပ်ရာဒေသတိုင်း မှုခင်းဖြစ်တဲ့နေရာက စစ်တပ်နဲ့ ခြံစည်းရိုးတောင် မခြားဘူး။ စစ်တပ်နဲ့ နီးတဲ့ နေရာမှာ ဒီလိုအဖြစ်မျိုးတွေ ပိုဖြစ်နေတယ်ဆိုတာ တွေ့ရတယ်။ အသက်ကြီးတဲ့ အဘွားကြီးတောင် မချန် တနှစ်သားတောင် မချန် အတင်း အဓမ္မ ပြုကျင့်တာတွေက အများကြီးဆိုတော့ မိန်းကလေးတွေ အတွက် အရမ်းကို စိုးရိမ်နေရတယ်” ဟု ဒေါ်ဒီထွယ်ဆန်ရော်က ပြောသည်။
ဆက်လက်ပြီး အရပ်ဘက် လူမှုအဖွဲ့အစည်း ၂၀ ကျော် ကလည်း ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် အတွင်း ပြည်သူလူထုမှ ယုံကြည်မှု မပျက်ပြားစေရေးအတွက် အမျိုးသမီးများအား လက်နက်ကိုင် တပ်ဖွဲ့များက အကြမ်းဖက်နေမှုကို အဆုံးသတ် ပေးရန်၊ တပ်သားဇော်မျိုးအေးအား တရားဥပဒေနှင့်အညီ အရပ်ဖက် တရားရုံးတွင် ပွင့်လင်း မြင်သာစွာ အရေးယူ စီရင်ပေးရန်နှင့် အမျိုးသမီး လုံခြုံရေး အတွက် စစ်ဘက်ဆိုင်ရာ စစ်ကြောင်းများ စစ်တပ်များအား ကျေးရွာနှင့် နီးကပ်စွာ နေရာ ချထားခြင်း၊ တပ်ချခြင်း များကို ကန့်ကွက်ကြောင်း သက်ဆိုင်ရာသို့ တောင်းဆိုထားသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ဗန်မော်ခရိုင် ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်များ အဖွဲ့ချုပ် အတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော်ကြီး ဦးနန်းဇိန်းတူးဂျာက “ကျနော်တို့ ဒီမြို့နယ်မြေ နောက်တန်း မှာတောင် ဒီလိုမျိုး အသက်ကြီးတဲ့ သူတွေ ကိုတောင် ဒီလိုပြုလုပ်နေရင် ရှေ့တန်းမှာ ကျနော်တို့ ဘယ်လိုမှ ပြောဆိုလို့ ရမှာမဟုတ်ဘူး။ ရှေ့တန်း ဆိုရင် မျက်မြင် သက်သေကလည်း ခက်ခဲတယ်။ ဒါတွေ သူတို့ပြုပြင်စရာလိုတဲ့ အချက်တချက်ပါပဲ။ သူတို့ ကိုယ်တိုင် ပြုပြင်မှ ရတဲ့ အချက်ပါပဲ။ မျက်မြင် သက်သေတွေကို နှောင့်ယှက်တာ တော့မရှိသေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အမျိုးသမီး အခွင့်အရေးနှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ်အတွင်းက ရန်ကုန်မြို့တွင် လမ်းလျှောက် ဆန္ဒဖော်ထုတ်နေစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
အလားတူ ယမန်နှစ် ဇွန်လ ၁၀ ရက်နေ့ကလည်း ချင်းပြည်နယ် မတူပီမြို့နယ် ရေဇွာမြို့နယ်ခွဲတွင် အစိုးရ ခြေလျင် တပ်ရင်း (ခလရ – ၂၆၉) မှ တပ်သား မျိုးသူရကျော်က ဒေသခံ အမျိုးသမီး တဦးကို အဓမ္မ ပြုကျင့်ရန် ကြံစည်ခဲ့မှုတခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် ကုလသမဂ္ဂ၏ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူ စာချုပ် (CEDAW) တွင် လက်မှတ် ရေးထိုးထားသော်လည်း အမျိုးသမီး အခွင့်အရေး ကာကွယ်ပေးခြင်းနှင့် ပတ်သက်ပြီး ဆောင်ရွက်မှုများသည် ထိရောက်မှု မရှိကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ဝေဖန် ပြောဆိုလျက် ရှိသည်။
ယခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ခဲ့သော ထိုင်းနိုင်ငံ အခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အစီရင်ခံစာ၌ ၂၀၁၀ ရွေးကောက်ပွဲ ကာလ နောက်ပိုင်း ပြုပြင်ပြောင်းလဲ နေချိန်တွင် မြန်မာ့တပ်မတော်၏ အဓမ္မ ပြုကျင့်ခြင်း ခံခဲ့ရသော အမျိုးသမီးများနှင့် ပတ်သက်သည့် အမှုပေါင်း ၁၀ဝ ရှိကြောင်း၊ တိုင်းရင်းသား ဒေသ အတွင်းရှိ အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စစ်ဗျူဟာ တခု ကဲ့သို့ အသုံးပြုနေမှုကို ရပ်တန့်စေလိုကြောင်း ဖော်ပြထားသည်။
+++++++++++++++++++++
251 / End