၁ ဇွန် ၂၀၁၅ - ၁၉:၁၀
ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး သူရဦးရွှေမန်း ဦးဆောင်မည်

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီအထိ ပါတီဥက္ကဋ္ဌသည် သူရဦးရွှေမန်း ဖြစ်ပြီး ဥက္ကဋ္ဌနေရာ အပြောင်းအလဲ ဖြစ်မည်မဟုတ်ဘဲ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် သူရဦးရွှေမန်းကပင် ဦးဆောင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးသိန်းဆွေက ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီအထိ ပါတီဥက္ကဋ္ဌသည် သူရဦးရွှေမန်း ဖြစ်ပြီး ဥက္ကဋ္ဌနေရာ အပြောင်းအလဲ ဖြစ်မည်မဟုတ်ဘဲ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် သူရဦးရွှေမန်းကပင် ဦးဆောင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးသိန်းဆွေက ပြောကြားသည်။
‘‘လက်ရှိ ကျွန်တော်တို့ပါတီ ရဲ့ ဆုံးဖြတ်ချက်အရတော့ ၂၀၁၅ ရွေးချယ်တင်မြှောက်ပွဲ မတိုင်ခင်မှာ ပါတီဥက္ကဋ္ဌရာထူးပြောင်းလဲဖို့ မရှိပါဘူး’’ဟု မေလ ၃၁ ရက်တွင် ပြုလုပ်သည့် ပြည်ခိုင်ဖြိုးပါတီ စတုတ္ထအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေးနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲ၌ ဦးသိန်းဆွေက ပြောကြားခဲ့သည်။ ထို့အပြင် ယခုအစည်းအဝေးတွင် ပါတီအောင်နိုင်ရေးအတွက် အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် သူရဦးရွှေမန်းအား တာဝန်ပေးပြီး သူရဦးရွှေမန်းကပင် ပါတီအောင်နိုင်ရေးအတွက် အစီအမံနှင့် လုပ်ငန်းစဉ်များကို ကြီးမှူးဆောင်ရွက်ရန် ဆုံးဖြတ်လိုက်ကြောင်း သတင်းထုတ်ပြန် သည်။
‘‘ပါတီဥက္ကဋ္ဌရာထူးကတော့ သမ္မတလောင်းလို့တော့ အတိအကျပြောလို့မရပေမဲ့ သမ္မတလောင်းနေရာအတွက် ဖြစ်နိုင်ခြေများသွားပါတယ်’’ဟု နိုင်ငံရေး ဆောင်းပါးများ ရေးသားသူ ဒေါက်တာ ရန်မျိုးသိမ်းက ပြည်ခိုင်ဖြိုးပါတီရွေးကောက်ပွဲတွင် အနိုင်ရပါက ပါတီမှ တင်မြောက်မည့် ဒုတိယသမ္မတလောင်းဖြစ်နိုင်ခြေအပေါ် သုံးသပ်သည်။
လေးကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးမတိုင်မီ ယခုအစည်းအဝေးတွင် ၂၀၁၅ ရွေးကောက်ပွဲအတွက် သမ္မတလောင်း ရွေးချယ်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း သမ္မတလောင်းရွေးချယ်ခြင်းကို ထည့်သွင်းဆွေးနွေးခဲ့ခြင်း မရှိကြောင်း ဦးသိန်းဆွေက ဆက်လက်ပြောသည်။ ‘‘နိုင်ငံတော် သမ္မတကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီဥက္ကဋ္ဌတာဝန် ထမ်းဆောင်လို့ မရပါဘူး။ အဲဒီအတွက် ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ သူရဦးရွှေမန်းက ပါတီဥက္ကဋ္ဌတာဝန် ယူနေပါတယ်။ ပြီးရင် ရွေးကောက်ပွဲအောင်နိုင်ရေး ဥက္ကဋ္ဌဖြစ်တဲ့သူကို ဗဟိုကော်မတီက တာဝန်ပေးထားပါတယ်။ အဲဒီတော့ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်ထိ ပါတီဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌဖြစ်နေမှာ ဖြစ်ပါတယ်’’ ဟု ဦးသိန်းဆွေက ပြောသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၌ မည်သည့် အခန်းကဏ္ဍတွင် ပါဝင်နေခြင်းကို သတင်းမီဒီယာများက မေးမြန်းသောအခါတွင် ‘‘သူက နိုင်ငံတော်သမ္မတအခန်းကဏ္ဍက ရှိနေပါတယ်။ ကျွန်တော်တို့ အခြေခံဥပဒေအရ ပါတီလုပ်ငန်းများ ဆောင်ရွက်ခွင့်မရှိပါဘူး။ သို့ရာတွင် သူဝင်ရောက်ပြီးတော့ ပြန်ပြီးတော့မှ ယှဉ်ပြိုင်လည်းပဲ သတ်မှတ်တဲ့အချိန်မှာ ဥပဒေအရ ခွင့်ပြုတဲ့အချိန်မှာ နိုင်ငံတော် သမ္မတကြီးရော၊ ပြည်ထောင်စုဝန်ကြီးတွေရော ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု ပါတီပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ဦးသိန်းဆွေက ဖြေကြားခဲ့သည်။
ထို့အပြင် သမ္မတဦးသိန်းစိန် ပါတီသို့ ပြန်ရောက်လာပါက ပါတီဥက္ကဋ္ဌနေရာကို ပြန်လည်ပေးအပ်ရန် ရှိမည်လားဆိုသည့် မေးခွန်းအပေါ်တွင် ယင်းကိစ္စရပ်များသည် ပါတီ၏အဆုံးအဖြတ်သာ ဖြစ်ပြီး အဓိကအားဖြင့်ပါတီညီလာခံများ၌ ယင်းကိစ္စရပ်များကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
-----------------------------------
251 / End