အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဟန်ဂေရီနှင့် ဆာဘီးယား နယ်နိမိတ် အနီးတွင် ပိတ်မိနေသည့် ရွှေ့ပြောင်းဒုက္ခသည်များသည် လမ်းကြောင်းအသစ်များ ရှာဖွေပြီး ဥရောပ၏ ဒေသအနှံ့သို့ ထွက်ခွာရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
ဆီးရီးယားနှင့် အာဖရိက မြောက်ပိုင်း နိုင်ငံများမှ ထွက်ပြေးလာသည့် ဒုက္ခသည်များသည် ဂျာမနီသို့ ဝင်ရောက်ရန် ကြိုးပမ်းနေကြသော်လည်း ဟန်ဂေရီ နယ်စပ်ကို ဖြတ်ကျော်ရန် အကန့်အသတ်များစွာ ကြုံနေရသည်။ ထို့ကြောင့် ဥရောပ မြောက်ပိုင်းသို့ ခြေဆန့်ပြီး ဂျာမနီသို့ လမ်းကြောင်းသစ်ဖြင့် ပတ်သွားရန် ကြံစည်နေခြင်း ဖြစ်သည်။
ဆာဘီးယား မီဒီယာများက ရွှေ့ပြောင်း ဒုက္ခသည်များကို တင်ဆောင်လာသည့် ဘတ်စ်ကားများသည် ခရိုအေးရှားသို့ လမ်းကြောင်းပြောင်းလဲပြီး ထိုမှတဆင့် ဆလိုဗေးနီးယား၊ ဩစတြီးယားတို့ကို ဖြတ်သန်းကာ ဂျာမနီသို့ ဦးတည်ဖွယ် ရှိနေကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် ရိုမေးနီးယားသည်လည်း ဖြစ်နိုင်ခြေရှိသည့် လားရာတစ်ခုဟု ဆိုသည်။
ဥရောပတွင် ရွှေ့ပြောင်း ဒုက္ခသည်များ ခွဲဝေလက်ခံရေး ကိစ္စအပေါ် ခါးသီးတင်းမာစွာ ငြင်းဆန်မှုများ ရှိနေပြီး နိုင်ငံအများအပြားက နယ်နိမိတ် ကန့်သတ်ချက် မူဝါဒများကို တင်းကျပ်လာကြသည်။ ဆာဘီးယားနှင့် ဟန်ဂေရီ နယ်ခြားတွင် ရာနှင့်ချီသော ဒုက္ခသည်များသည် ရွက်ဖျင်တဲများဖြင့် စက်တင်ဘာ ၁၅ ရက်က ညအိပ်ခဲ့ပြီးနောက် ဂျာမနီသို့ ဝင်ရောက်ရေးအတွက် လမ်းကြောင်းသစ်များကို စဉ်းစားလာသည်။ ၎င်းတို့သည် အနီးတဝိုက်မှ ထင်းများကို ကောက်ယူကာ ချက်ပြုတ်ရေးအတွက် အသုံးပြုခဲ့သည်။
ယင်းမတိုင်မီ တစ်ရက်က ဟန်ဂေရီတွင် ပြဋ္ဌာန်းလိုက်သည့် နယ်စပ်လုံခြုံရေး စည်းမျဉ်းသစ်အရ ရဲတပ်ဖွဲ့ဝင်များက ရွှေ့ပြောင်းဒုက္ခသည် ထောင်နှင့်သောင်းနှင့်ချီ အသုံးပြုနေသည့် ရထားလမ်းများကို ပိတ်ဆို့ထားလိုက်သည်။ ဆာဘီးယားကမူ အိမ်နီးချင်း မက်စီဒိုးနီးယားမှ ဝင်ရောက်လာသည့် ရွှေ့ပြောင်း ဒုက္ခသည်များနှင့် ပတ်သက်၍ တစ်နှစ်ပတ်လုံး ပျော့ပျောင်းသည့် သဘောထားမျိုးကို ပြသခဲ့သည်။
ဥရောပ သမဂ္ဂ၏ နယ်နိမိတ် အေဂျင်စီ၏ အဆိုအရ ယခုနှစ်အတွင်း ဥရောပ သမဂ္ဂ နိုင်ငံများ၏ နယ်နိမိတ်ကို ဖြတ်သန်း ဝင်ရောက်လာသည့် ရွှေ့ပြောင်း ဒုက္ခသည် အရေအတွက် ၅၀၀၀၀၀ ကျော်ထိ ရှိလာပြီဟု သိရသည်။ ယမန်နှစ် တစ်နှစ်လုံးတွင် ရွှေ့ပြောင်းဒုက္ခသည်များ ဝင်ရောက်မှု စုစုပေါင်း ၂၈၀၀၀၀ မျှသာ ရှိခဲ့သည်။
---------------------------------------
251 / End