၂ အောက်တိုဘာ ၂၀၁၅ - ၀၂:၃၅
တရုတ်နိုင်ငံ၊ ဂွမ်ရှီးတွင် ပါဆယ်ဗုံး တိုက်ခိုက်မှုများအပြီး နောက်ထပ် ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွား

ပါဆယ်ဗုံးဖြင့် တိုက်ခိုက်မှုများ ကြုံခဲ့သည့် ဂွမ်ရှီးဒေသတွင် နောက်ထပ် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည့်အတွက် တရုတ် အာဏာပိုင်များက စုံစမ်းမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၁ ရက်၊ ဒေသစံတော်ချိန် နံနက် ၈ နာရီခန့်က ဂွမ်ရှီးရှိ လူချန်းရပ်ကွက်မှ တိုက်ခန်းတစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ ယင်းမတိုင်မီ တစ်ရက်တွင် ဂွမ်ရှီး၌ ပါဆယ်ဗုံးများ ပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၇ ဦး သေဆုံးခဲ့သည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ပါဆယ်ဗုံးဖြင့် တိုက်ခိုက်မှုများ ကြုံခဲ့သည့် ဂွမ်ရှီးဒေသတွင် နောက်ထပ် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည့်အတွက် တရုတ် အာဏာပိုင်များက စုံစမ်းမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁ ရက်၊ ဒေသစံတော်ချိန် နံနက် ၈ နာရီခန့်က ဂွမ်ရှီးရှိ လူချန်းရပ်ကွက်မှ တိုက်ခန်းတစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ ယင်းမတိုင်မီ တစ်ရက်တွင် ဂွမ်ရှီး၌ ပါဆယ်ဗုံးများ ပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၇ ဦး သေဆုံးခဲ့သည်။

တိုက်ခန်းတွဲ ပေါက်ကွဲမှု၏ အကြောင်းရင်းကို လတ်တလောတွင် တိတိကျကျ မသိရသေးသလို အသေအပျောက် သတင်းလည်း မရရှိသေးချေ။ ရဲတပ်ဖွဲ့က ယခုပေါက်ကွဲမှုသည် မတော်တဆမှု၊ သို့မဟုတ် ဗုံးခွဲမှု ဆိုသည်ကို စုံစမ်း အဖြေရှာနေဆဲ ဖြစ်သည်။

စက်တင်ဘာ ၃၀ က လူချန်းတွင် နေရာ ၁၇ ခု၌ ပါဆယ်ဗုံးများ ပျံ့နှံ့ပေါက်ကွဲရာ လူ ၇ ဦးသေဆုံးခဲ့သည်။ ရဲများက အဆိုပါ ပါဆယ်ဗုံးများကို လိုက်လံဝေငှ ပို့ဆောင်ခဲ့သည်ဟု ယုံကြည်ရသူ တစ်ဦးကို ဖမ်းဆီးထားသည်။ အောက်တိုဘာ ၁ ရက် တိုက်ခန်းတွဲ ပေါက်ကွဲမှုသည် အဆိုပါ ပါဆယ်ဗုံး တိုက်ခိုက်မှုနှင့် ဆက်နွှယ်မှု ရှိမရှိကိုလည်း မသိရသေးချေ။

အဆိုပါ ပေါက်ကွဲမှုသည် လူနေဧရိယာရှိ ခြောက်ထပ်တိုက်ခန်းတွဲ တစ်ခုတွင် ဖြစ်ပွားခဲ့ပြီး အရှိန်ပြင်းလွန်းသဖြင့် တိုက်ခန်းတွဲ ဘေးရှိ လမ်းပေါ်သို့ အပျက်အစီးများ မိုးရွာသကဲ့သို့ ကျဆင်းခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။ လတ်တလောတွင် ဒေသခံ ရဲတပ်ဖွဲ့သည် မိမိတို့ထံ ရောက်လာသည့် ပါဆယ်ထုပ်များကို သတိထား လက်ခံရန် ပြည်သူများကို နှိုးဆော် သတိပေးထားသည်။

ဒေသတွင်း စာပို့လုပ်ငန်းများကိုလည်း အောက်တိုဘာ ၃ ရက်ထိ ရပ်နားထားပြီး ပါဆယ်ထုပ်များကို ပြန်လည် စစ်ဆေးသွားမည်ဟု သိရသည်။ စက်တင်ဘာ ၃၀ ညနေပိုင်း ပါဆယ်ဗုံး ပေါက်ကွဲမှုများနှင့် ပတ်သက်၍ လူ ၇ ဦး သေဆုံးကာ ၂ ဦးမှာ ပျောက်ဆုံးနေကြောင်း၊ ၅၁ ဦး ဒဏ်ရာရထားကြောင်း အစိုးရ မီဒီယာများက ဖော်ပြခဲ့သည်။ အမှုနှင့် စပ်လျဉ်းပြီး ဝေဟုသာ အမည်ဖော်ပြသည့် လူချန်းဒေသခံ တစ်ဦးကို ရဲများက ထိန်းသိမ်းထားကြောင်း သိရသည်။

---------------------------------------
251 / End