အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အသေးစား ခရီးသည်တင် လေယာဉ်ငယ်တစ်စီး ပျောက်ဆုံးနေသည့်နောက် အင်ဒိုနီးရှား နိုင်ငံတွင် ဝေဟင်ရော၊ မြေပြင်မှပါ ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရှိရသည်။
ပြည်တွင်း ခရီးစဉ် တစ်ခုအဖြစ် လူ ၁၀ ဦးကို တင်ဆောင် ပျံသန်းရင်း နိုင်ငံ အရှေ့ပိုင်းတွင် ပျောက်ဆုံးသွားသည့် DHC-6 Twin Otter လေယာဉ်လေး၏ ကံကြမ္မာကို တိတိကျကျ မသိရသေးချေ။ လေယာဉ်သည် အောက်တိုဘာ ၂ ရက်က တောင်ပိုင်း ဆူလာဝေဆီရှိ မာဆမ်ဘာ လေဆိပ်မှ ပျံတက်ပြီး ၁၁ မိနစ် အကြာတွင် လေကြောင်း ထိန်းသိမ်းရေး မျှော်စင်နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။
လေယာဉ် ပျောက်ဆုံးသွားချိန်တွင် ရာသီဥတု ကြည်ကြည်လင်လင်ပင် ရှိနေကြောင်း အင်ဒို ပို့ဆောင်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဂျူလီယက်စ် ဘာရာတာက ပြောကြားခဲ့သည်။ လေယာဉ် အဆက်အသွယ် မပြတ်တောက်မီ ဘေးအန္တရာယ် ကျရောက်ကြောင်း အချက်ပြ အကြောင်းကြားမှု တစ်စုံတစ်ရာ မရှိခဲ့ဟုလည်း ၎င်းက ဆိုသည်။
အဆိုပါ လေယာဉ်ကို ပုဂ္ဂလိကပိုင် Aviastar Mandiri လေကြောင်းလိုင်းက ပိုင်ဆိုင်ပြီး အောက်တိုဘာ ၃ ရက် နံနက်ပိုင်းတွင် ဖြန့်ကျက် ရှာဖွေမှုများ စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။ လေယာဉ်ပေါ်တွင် အမှုထမ်း ၃ ဦး၊ ခရီးသည် ၇ ဦးတို့ လိုက်ပါသွားပြီး ခရီးသည်များအနက် ကလေးငယ် ၃ ဦး ပါရှိကြောင်းလည်း သိရသည်။
ဘာရာတာက “လေယာဉ် ပျောက်ဆုံးသွားတဲ့ ဧရိယာမှာ ရဟတ်ယာဉ် တစ်စီးနဲ့ တခြားလေယာဉ် တစ်စီးကို စေလွှတ်ပြီး ဖြန့်ကျက် ရှာဖွေနေပါတယ်။ မြေပြင်မှာလည်း ရဲနဲ့ စစ်တပ်က ပူးပေါင်း ရှာဖွေနေပါတယ်။ ဒါပေမဲ့ လောလောဆယ် အချိန်ထိ ဘာသတင်းမှ မရသေးပါဘူး”ဟုလည်း ပြောကြားခဲ့သည်။
အင်ဒိုနီးရှားသည် အာရှတိုက်၏ လေကြောင်း ပျံသန်းမှု ကဏ္ဍတွင် တိုးတက်မှု အမြန်ဆန်ဆုံး ဈေးကွက်တစ်ခု ဖြစ်လာသော်လည်း အရည်အချင်းမီ လေယာဉ်မှူးများ ပိုင်ဆိုင်ရေး၊ လုံခြုံရေး အဆင့်အတန်း မြင့်မားရေး၊ စက်မှုနှင့် လေကြောင်း ထိန်းသိမ်းရေး နည်းပညာများ အဆင့်မီရေး၊ ခေတ်မီ လေဆိပ်နည်းပညာများ အသုံးပြုနိုင်ရေးတို့တွင် ရုန်းကန်နေရဆဲ ဖြစ်သည်။
---------------------------------------
251 / End