၃၁ ဒီဇင်ဘာ ၂၀၁၅ - ၁၆:၃၅
ဖူးခက်အနီး ပျောက်ဆုံးနေသည့် မြန်မာသင်္ဘောသား ၇ ဦးကို ထိုင်းရေတပ် ရှာဖွေကယ်ဆယ်

ဖူးခက်မြို့အနီးတွင် နစ်မြုပ်သွားသည့် သင်္ဘောပေါ်မှ မြန်မာသင်္ဘောသား ၇ ဦးကို ထိုင်းရေတပ်က ကယ်ဆယ်ကာ ဖူးခက်မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ သင်္ဘောသားများကို ဒီဇင်ဘာ ၃၀ ရက် ညပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းတွင် ဖူးခက်ဆိပ်ကမ်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရေတပ်က ကြေညာသည်။ မြန်မာသင်္ဘောသားများ လိုက်ပါလာသည့် အောင်ချမ်းသာ သင်္ဘောသည် ဖူးခက်မှ ရေမိုင် ၅၀ ကျော်အကွာ ပင်လယ်ပြင်တွင် ဒီဇင်ဘာ ၂၉ ရက်က နစ်မြုပ်သွားခဲ့သည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ဖူးခက်မြို့အနီးတွင် နစ်မြုပ်သွားသည့် သင်္ဘောပေါ်မှ မြန်မာသင်္ဘောသား ၇ ဦးကို ထိုင်းရေတပ်က ကယ်ဆယ်ကာ ဖူးခက်မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

သင်္ဘောသားများကို ဒီဇင်ဘာ ၃၀ ရက် ညပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းတွင် ဖူးခက်ဆိပ်ကမ်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရေတပ်က ကြေညာသည်။ မြန်မာသင်္ဘောသားများ လိုက်ပါလာသည့် အောင်ချမ်းသာ သင်္ဘောသည် ဖူးခက်မှ ရေမိုင် ၅၀ ကျော်အကွာ ပင်လယ်ပြင်တွင် ဒီဇင်ဘာ ၂၉ ရက်က နစ်မြုပ်သွားခဲ့သည်။

သစ်သားကိုယ်ထည်ဖြင့် တည်ဆောက်ထားသည့် အောင်ချမ်းသာ သင်္ဘောသည် ကုန်စည်များ တင်ဆောင်ကာ ရခိုင်ပြည်နယ်မှ မလေးရှားနိုင်ငံ၊ ပီနန်မြို့သို့ ဦးတည်ခုတ်မောင်းစဉ် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ သင်္ဘောတွင် အန္တရာယ် ကြုံနေရကြောင်း အကူအညီတောင်းခံ သတိပေးမှုကို ကမ်းခြေစောင့်တပ်က လက်ခံရရှိခဲ့ပြီးနောက် သင်္ဘောသားများကို ရှာဖွေရန် ချက်ချင်း လုပ်ဆောင်ခဲ့ကြောင်း ဖူးခက် ရဲတပ်ဖွဲ့က ဆိုသည်။ အောင်ချမ်းသာသည် ၂၇ မီတာရှည်ပြီး ၅.၅ မီတာ အကျယ်ရှိသည့် သင်္ဘောဖြစ်သည်။


 သင်္ဘောသားများနှင့် အမှတ်တရ ဓာတ်ပုံရိုက်နေသည့် ထိုင်းရေတပ် အရာရှိများ

ထိုင်းရေတပ်၏ ဖရီးဂိတ် စစ်သင်္ဘော ဆိုင်ဘူရီသည် ဒီဇင်ဘာ ၃၀ ရက်ညပိုင်း ဒေသစံတော်ချိန် ၈ နာရီခန့်တွင် ရေထဲမျောပါနေသည့် မြန်မာ သင်္ဘောသားများကို ရှာဖွေ တွေ့ရှိခဲ့သည်။ ထိုနေရာတွင် လှိုင်းလေပြင်းထန်နေသဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြန့်ကြာခဲ့သော်လည်း မြန်မာသင်္ဘောသား ၇ ဦးစလုံးကို ဘေးမသီ ရန်မခ ကယ်ဆယ်နိုင်ခဲ့ကြောင်း ထိုင်းရေတပ်က ပြောကြားခဲ့သည်။

မြန်မာသင်္ဘောသားများကို တင်ဆောင်လာသည့် ဆိုင်ဘူရီ စစ်သင်္ဘောသည် ဒီဇင်ဘာ ၃၁ ရက်၊ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ဖူးခက်သို့ ပြန်လည် ဆိုက်ရောက်လာနိုင်ခဲ့သည်။

“အသက်ဘေးက လွတ်လာလို့ မြန်မာသင်္ဘောသားတွေ အားလုံး အရမ်းဝမ်းသာနေကြတယ်။ သူတို့ ပြောတာတော့ သင်္ဘောမြုပ်သွားပြီးတဲ့နောက် ရေစီးကြောင်းအတိုင်း သူတို့ မျောပါနေခဲ့တယ်တဲ့။ စစ်သင်္ဘောက ဖြတ်ကနဲ မီးရောင်တစ်ချက်အောက်မှာ သူတို့ကို မြင်သွားတာပါ။ သူတို့ အင်မတန် ကံကောင်းတယ်”ဟု ဖူးခက် အုပ်ချုပ်ရေးမှူး ချမ်ရိုယန် သီပါယာဖောင်သာဒါက ဆိုသည်။

၎င်းကပင် သက်ဆိုင်ရာအာဏာပိုင်များက မြန်မာသင်္ဘောသားများ နေရပ်ပြန်နိုင်ရေးအတွက် ဆက်လက်ကူညီ လုပ်ဆောင်ပေးသွားမည်ဟုလည်း ပြောကြားသွားသည်။

======================
251 / End