အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
လေယာဉ်ပျက်ကျမှုအကြောင်းရင်းကို ဖော်ထုတ်မည်၊ လေးနှစ်အတွင်း တပ်လေယာဉ်သုံးစီး ပျက်ကျမှုချို့ယွင်းမှုဖြစ်ခဲ့
ပျက်ကျခဲ့သော တပ်မတော်(လေ) အလတ်စား သယ်ယူပို့ဆောင်ရေးလေယာဉ် အပျက်အစီးများနှင့် ကြည့်ရှုနေသူများ (ဓာတ်ပုံ − စိုင်းဇော်)
နေပြည်တော်လေ ဆိပ်နှင့် တစ်မိုင်ခန့် အကွာတွင် တပ်မတော်(လေ)မှ Beech- 1900D အမျိုးအစား(အလတ်စား သယ်ယူပို့ဆောင်ရေးလေယာဉ်)တစ်စီးပျက်ကျခဲ့ရာ လေယာဉ် ပေါ်၌ပါရှိသော အရာရှိ သုံးဦးနှင့်အခြားအဆင့်နှစ်ဦး သေဆုံးခဲ့ သည်။
အဆိုပါလေယာဉ်သည် ပုံ မှန်စမ်းသပ်ပျံသန်းမှု ဆောင်ရွက် ရန် နေပြည်တော်လေဆိပ်မှ အ တက် လေထဲတွင် စက်ချို့ယွင်း ကာ နံနက် ၉ နာရီ ၄၅ မိနစ်ခန့် က လေယာဉ်ပြေးလမ်း၏ မြောက် ဘက်ထိပ် ပေ ၂၀၀၀ ခန့်အကွာ နေပြည်တော် လယ်ဝေးမြို့နယ် အတွင်းရှိ ကြံခင်းကျေးရွာနှင့် သဲ ကောလေးကျေးရွာကြား မတ်ပဲ စိုက်ခင်းများအတွင်းသို့ ပျက်ကျ ခဲ့ခြင်းဖြစ်သည်။
လေယာဉ်ပေါ်တွင် လေသူရဲ ဗိုလ်မှူးအောင်ကျော်မိုး၊ တွဲဖက် လေသူရဲများဖြစ်သော ဗိုလ်ကြီး ထင်ကျော်စိုးနှင့် ဗိုလ်ကြီးအောင်ပိုင်စိုး၊ လေယာဉ်အဖွဲ့သားများဖြစ်သူ အုပ်ခွဲတပ်ကြပ်ကြီး ကျော်ဌေးနှင့် ဒုတပ်ကြပ်လှဝင်းထွန်းတို့ ငါးဦး လိုက်ပါလာခဲ့သည်။
လေယာဉ်ပျက်ကျမှုကြောင့် ဗိုလ်မှူးအောင်ကျော်မိုး၊ ဗိုလ်ကြီးထင်ကျော်စိုး၊ ဗိုလ်ကြီး အောင်ပိုင်စိုးနှင့် တပ်ကြပ်ကြီး ကျော်ဌေးတို့ ပွဲချင်းပြီး သေဆုံးခဲ့သည်။
ဒုတပ်ကြပ် လှဝင်းထွန်းမှာ လည်း ဒဏ်ရာအပြင်းအထန်ရရှိ သဖြင့် ဆေးရုံသို့ ပို့ဆောင်ကုသ စဉ် လေယာဉ်ပျက်ကျပြီး နှစ်နာရီ အကြာ မွန်းတည့် ၁၂ နာရီခန့်တွင်သေဆုံးခဲ့သည်။
‘‘တောထဲမှာ ပြောင်းခင်း ဆေးဖျန်းနေတာ။ လေယာဉ်တက်သွားတဲ့အသံနဲ့ နောက်အုန်းဆိုပြီး ကျတဲ့ အသံလည်း ကြားလိုက် တယ်။ သူစတက်လာကတည်းက စက်သံက မမှန်ဘူး။ အသံက တအား အော်တယ် ဝုန်းဝုန်းနဲ့။ နောက်ပြီးတော့ ဖုန်းဆိုတဲ့အသံနဲ့ မီးခိုးတွေ တက်လာတာပဲ။ အဲဒီမှာ ကျွန်တော်တို့ ညီအစ်ကိုနှစ် ယောက်ရယ်၊ ဂွေ့ကြီးရွာသား သုံး ယောက်လောက်ရယ်၊ နောက်ပြီးရဲဘော် သုံးယောက်လည်း ရောက်လာတယ်။ ရောက်ရောက်ချင်း ရဲဘော်သုံးယောက်ကို ခွင့်တောင်း လိုက်တယ်။ မှန်တွေဖွင့်လိုရသ လားမေးတော့ ဖွင့်ပါဆိုတာနဲ့ ပေါက်ပြားနဲ့ ထုဖွင့်တယ်။ လူရှိလားမေးတော့ အတွင်းထဲကလည်း စကားမပြန်ဘူး။ ဒီဘက်လှည့် တော့မှ လေယာဉ်ဘီးအောက်မှာ ပိနေတဲ့ သူကို ရဲဘော်သုံးယောက် နဲ့ ကျွန်တော်တို့ရွာသားတွေ ဆွဲထုတ်လိုက်တာ’’ ဟု အဆိုပါဖြစ် စဉ်ကို ကိုယ်တိုင် မြင်တွေ့ကူညီ ခဲ့သည့် မကျီးတောကျေးရွာမှ ဦးမောင်တင်က ပြောသည်။
လေယာဉ်ပျက်ကျသည့်နေ ရာသို့ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့် နှင့် အဖွဲ့လာရောက်ပြီး လေယာဉ်ပျက်ကျမှု၊ မီးလောင်ပျက်စီးမှုအ ခြေအနေတို့ကို စစ်ဆေးခဲ့ကြောင်းနှင့် လေယာဉ်ပျက်ကျသည့်အကြောင်းရင်းနှင့်ပတ်သက်၍ လေယာဉ်မောင်းခန်းအသံမှတ်တမ်းတင်ကိရိယာ Cockpit Voice Recorder (CVR) နှင့် လေယာဉ်ပျံသန်းမှုမှတ်တမ်းတင်ကိရယာFlight Data Recorder(FDR) တို့မှတစ်ဆင့် စစ်ဆေးဖော်ထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားသည်။
‘‘စဖြစ်တဲ့အချိန်မှာ သူ့မှာ မီးလောင်ထားတာလည်း မရှိဘူး။ ခြေထောက်ကတော့ နည်းနည်း မည်းတယ်။ ခန္ဓာကိုယ်မှာ မီးလောင်ထားတဲ့အနေအထား ဘာမှမရှိဘူး။ မျက်နှာကလည်း မှောက်လျက်ဆိုတော့ ဖုန်တွေဘာတွေပဲ ပေတယ်။ အသက်လည်း ရှူ တယ်’’ ဟု ဦးမောင်တင်က ဆို သည်။
ယခုကဲ့သို့ လေယာဉ်ပျက် ကျသည့်ဖြစ်စဉ်သည် နေပြည် တော်တွင် ပထမဆုံးဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လေယာဉ်ပျက်ကျစဉ် ကူ ညီပေးခဲ့သည့် ရွာသားများအား စုံစမ်းပေးရန်နှင့် ပြန်လည်ကျေးဇူးတုံ့ပြန်မည်ဟုလည်း နေပြည် တော် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ‘‘လေယာဉ်က ပထမစတက် သွားတကည်းက မြင်လိုက်ရတယ်။ တစ်မျိုးကြီး နားမလည်တော့ မ ပြောတတ်ဘူး။ ပထမ ထိုးဆင်း သွားတာက ကြံခင်းရွာထဲကိုဗျာ။ လေယာဉ်မောင်းတဲ့သူက ပြန်ဆွဲ တင်လိုက်တယ်ထင်တယ်။ ခေါင်းက ပြန်လှည့်ပြီး အခုဖြစ်တဲ့နေရာ ကို ကျသွားတာ’’ဟု သဲကောလေး ကျေးရွာမှ ရွာသားတစ်ဦးမှ ၎င်းမြင်တွေ့ခဲ့ရသည့် အဖြစ်အပျက် ကို ပြောကြားသည်။
၂၀၁၄ ဇွန်လတွင် မြန်မာ့ တပ်မတော်(လေ)၏ MiG 29 UB တိုက်လေယာဉ်သည် မကွေးတိုင်း ဒေသကြီး မြို့သစ်မြို့နယ်အနီး ပုံမှန်လေ့ကျင့်ပျံသန်းရေး ပြုလုပ်နေစဉ် ပျက်ကျခဲ့သော်လည်း လေယာဉ်ပေါ်ပါ တပ်မတော် အရာရှိတစ်ဦးသည် လေထီးဖြင့် ခုန်ချနိုင်ခဲ့၍ လူသေဆုံးမှု မဖြစ်ပွားခဲ့ပေ။
(ဓာတ်ပုံ − စိုင်းဇော်)
၂၀၁၃ ဇန်နဝါရီကလည်း တပ်မတော်(လေ)မှ Mi-35 ရဟတ်ယာဉ်သည် မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာအနီး စက်ချို့ယွင်းသဖြင့် ဆင်းသက်စဉ် ရဟတ်ယာဉ်ပေါ်ပါ အရာရှိလေသူရဲနှစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့သည်။ ထို့ကြောင့် ယခုလေယာဉ်ပျက်ကျမှု အပါအ၀င်လေးနှစ်အတွင်း သုံးကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၂၀၁၁ မတ်လက ရုရှားနိုင်ငံတွင် မြန်မာ့လေတပ်သို့ ရောင်းချထားသည့် AN-148-100 E ဂျက်လေယာဉ်ကို မြန်မာနိုင်ငံသို့ ပို့ခါနီး စမ်းသပ်လေ့ကျင့်ပျံသန်း စဉ် ပျက်ကျခဲ့ဖူးသည်။ လေယာဉ်ပျက်ကျမှုကြောင့် ရုရှားလေးဦး၊ မြန်မာတပ်မတော်(လေ) မှ နှစ်ဦးသေဆုံးခဲ့သည်။ မြန်မာပိုင်းလော့တစ်ဦးက လေယာဉ်ကို မောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း ရုရှား၏ Interfax သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ သို့သော် ရုရှား နိုင်ငံပိုင် ယူနိုက်တက် အဲခရက် ကော်ပိုရေးရှင်းက လေယာဉ်ကို မည်သူ ထိန်းချုပ်မောင်းနှင်နေခဲ့ မှန်းမသေချာကြောင်း ပြောကြားခဲ့သည်။ လေယာဉ်ကို တည်ဆောက်ခဲ့ပြီးကတည်းက စမ်းသပ်မောင်း နှင်မှု (၃၁)ကြိမ် အောင်မြင်ခဲ့ပြီးဖြစ်သကဲ့သို့ လုံခြုံရေးပြဿနာ လည်း မရှိခဲ့ဖူးကြောင်း ကုမ္ပဏီက ပြောခဲ့သည်။
ယခု ပျက်ကျသွားသည့် Bee-chcraft 1900 D အမျိုးအစားလေယာဉ်သည် အမေရိကန်နိုင်ငံလုပ် အင်ဂျင်နှစ်လုံးတပ် အပေါ့ စားလေယာဉ်အမျိုးအစားဖြစ် သည်။ ယခုပျက်ကျသည့်လေယာဉ်မှာ အသစ်ဖြစ်၍ စက်မှုလက်မှုပိုင်း ဆိုင်ရာ ကောင်းမွန်နိုင်ကြောင်း၊ အကယ်၍ အင်ဂျင်စက်တစ်လုံး ကွင်းမှ ပျံတက်စဉ် ပျက်သွားခဲ့လျှင်ပင် နည်းစနစ်မှန်ကန်စွာဖြင့် အရေးပေါ်လုပ်ထုံးလုပ်နည်းများကို တိကျစွာလိုက်နာပါက လက်ကျန်အင်ဂျင် တစ်လုံးတည်းဖြင့် ထိန်းကာ ကွင်းထဲသို့ ပြန်လည်ဆင်းသက်နိုင်ကြောင်းနှင့် ယခုဖြစ်စဉ်တွင် အသက်ပေးသွားရသည့် လူငယ်လေယာဉ်လုပ်သားများအတွက် စိတ်မကောင်းဖြစ်ရကြောင်း တပ်မတော်(လေ) အငြိမ်းစား လေသူရဲ ဗိုလ်မှူးကြီး ခင်မောင်သိန်းက ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားထားသည်။