၁၉ ဖေဖော်ဝါရီ ၂၀၁၆ - ၂၀:၂၇
မြောက်ကိုရီးယားက အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု စီစဉ်နေဟု တောင်ကိုရီးယားထောက်လှမ်းရေး ယုံကြည်နေ

မြောက်ကိုရီးယားသည် တောင်ကိုရီးယားပိုင်နက်တွင် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် အကွက်ချစီစဉ်နေသည်ဟု တောင်ကိုရီးယားထောက်လှမ်းရေးက အခိုင်အမာယုံကြည်နေကြောင်း သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း။



မြောက်ကိုရီးယားသည် တောင်ကိုရီးယားပိုင်နက်တွင် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် အကွက်ချစီစဉ်နေသည်ဟု တောင်ကိုရီးယားထောက်လှမ်းရေးက အခိုင်အမာယုံကြည်နေကြောင်း သိရသည်။

တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာန (NIS) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီးနောက် တောင်ကိုရီးယားလွှတ်တော်အမတ်တစ်ဦးက ယခုလို ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းသည် အဆိုပါအကြမ်းဖက် တိုက်ခိုက်မှုကို တိုက်ရိုက်တာဝန်ပေး စေခိုင်းထားကြောင်း ဆေနူရီ ပါတီမှ အမတ်တစ်ဦးဖြစ်သူ လီချူလ်ဝူးက ဆိုသည်။

“မြောက်ကိုရီးယားရဲ့ အကြမ်းဖက်တိုက်ခိုက်မှုဟာ မြောက်ကိုရီးယားဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အဓိကထိခိုက်သွားစေဖို့ ရည်ရွယ်မယ့်သဘောရှိတယ်။ အဓိကအားဖြင့် မြောက်ကိုရီးယားဘက်က ဘက်ပြောင်းခိုလှုံလာသူတွေ၊ အစိုးရအရာရှိတွေက ပစ်မှတ် ဖြစ်နိုင်တယ်”ဟု လီက မှတ်ချက်ပြုခဲ့သည်။

တောင်ကိုရီးယား လက်ရှိအာဏာရ ဆေနူရီ ပါတီမှ တာဝန်ရှိသူများသည် NIS မှ အရာရှိများ၊ ကာကွယ်ရေးဝန်ကြီးနှင့် အခြားသောဝန်ကြီးအချို့ကို ခေါ်ယူကာ လုံခြုံရေးအတွက် တံခါးပိတ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့်လပိုင်းများအတွင်း ဟိုက်ဒရိုဂျင်ဗုံးနှင့် တာဝေးပစ်ဒုံးကျည်စမ်းသပ်မှုများပြုလုပ်ခဲ့ရာ တောင်ကိုရီးယားက ၎င်းတို့၏လုံခြုံရေးအတွက် အလေးအနက်စိုးရိမ်လျက် ရှိသည်။ တောင်ကိုရီးယားသည် အဆိုပါလုပ်ဆောင်မှုများကို ကန့်ကွက်သည့်အနေဖြင့် နှစ်နိုင်ငံနယ်စပ်တွင် ပူးပေါင်းဖွင့်လှစ်ထားသည့် ကေဆွန်စက်မှုဇုန်မှ တောင်ကိုရီးယားကုမ္ပဏီများကို ပိတ်သိမ်းစေခဲ့ပြီး ဖြစ်သည်။

================================
251/End