၁၃ မေ ၂၀၁၆ - ၁၅:၀၉
 ကချင်ဆရာမနှစ်ဦး အဓမ္မကျင့်သတ်ခံရသည့် ညက တာဝန်ကျသည့် တပ်မတော် စစ်ကြောင်းမှူးအား လာမည့်အပတ်တွင် စစ်ဆေးမည်

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)မှ စေတနာ့ဝန်ထမ်း ဆရာမ နှစ်ဦး အဓမ္မပြုကျင့်၍ အသတ်ခံခဲ့ရမှုနှင့်ပတ်သက်၍ အခင်းဖြစ်ပွားသည့် ညက ဝင်ရောက်လာသည့် မြန်မာ့တပ်တော်မှ ခမရ ၅၀၃ စစ်ကြောင်းမှူးအား လာမည့် အပတ်အတွင်း စစ်ဆေးမည်ဟု သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)မှ စေတနာ့ဝန်ထမ်း ဆရာမ နှစ်ဦး အဓမ္မပြုကျင့်၍ အသတ်ခံခဲ့ရမှုနှင့်ပတ်သက်၍ အခင်းဖြစ်ပွားသည့် ညက ဝင်ရောက်လာသည့် မြန်မာ့တပ်တော်မှ ခမရ ၅၀၃ စစ်ကြောင်းမှူးအား လာမည့် အပတ်အတွင်း စစ်ဆေးမည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကောင်းခါးကျေးရွာရှိ ကျောင်းဆရာမများဖြစ်သည့် မရန်လုရာနှင့် မတန်ဘောင်ခေါန်နန်စင်တို့ အသတ်ခံရမှုတွင် သံသယရှိသော စစ်ကြောင်းမှူး ဗိုလ်မှူး အောင်ဖြိုးမြင့်ကို မေလ ၁၈ ရက်တွင် စစ်ဆေးမေးမြန်းမည် ဖြစ်ကြောင်း KBC မှ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဆရာကြီး ဒေါက်တာခလမ်ဆမ်ဇွန်က ပြောသည်။

စစ်ဆေးမေးမြန်းမှုကို ရှမ်းမြောက်ပိုင်း လားရှိုးခရိုင်ရုံးတွင် မေးမြန်းမည်ဖြစ်ပြီး ကေဘီစီက မေးမြန်းလိုသည့် မေးခွန်းများကို ကေဘီစီက တာဝန်ပေးထားသည့် ရှေ့နေများ နှင့် ရဲတပ်ဖွဲ့ဝင်များကတစ်ဆင့် မေးမြန်းရမည်ဟု ၎င်းက ပြောသည်။

“အခုတော့ ကျနော်တို့ တောင်းဆိုမှုတွေကို သူတို့က ဖြည့်စွက်ပေးတယ်ဆိုတဲ့ ပုံစံမျိုးပေါ့နော်။ ဒါပေမဲ့လည်း ကျနော်တို့ကတော့ ရှေ့နေတွေက တရားရုံးမှာ စစ်ဆေးသလို၊ စစ်ဆေးချင်တယ်။ ဒါပေမဲ့ တဆင့်မေးမြန်းခြင်းလောက်ပဲ။ ရှေ့နေတွေ မျှော်လင့်ထားတဲ့ အဆင့်တော့ မရောက်သေးဘူးပေါ့နော်”ဟု ဒေါက်တာ ခလမ်ဆမ်ဇွန်က ပြောသည်။

KBC မှ ဖွဲ့စည်းထားသော အမှုစုံစမ်းဖော်ထုတ်ရေးအဖွဲ့မှ အဆိုပါ စစ်ကြောင်းမှူး ဗိုလ်မှူး အောင်ဖြိုးမြင့်အား စစ်ဆေးခွင့်ပြုရန် တောင်းဆိုထားမှုအပေါ် သက်ဆိုင်ရာ အစိုးရဘက်မှ ခွင့်ပြုချက်ပေးလိုက်ပြီး စစ်ဆေးတော့မည် ဖြစ်၍ အမှုမှန် ပေါ်ပေါက်ရေး အားလုံး ဆုတောင်းကြရန် KBC လူမှုကွန်ယက် စာမျက်နှာတွင် မေလ ၁၃ ရက်က တိုက်တွန်းထားသည်။

ဆရာမနှစ်ဦးအမှုအတွက် အမှုမှန်ဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ ရှေ့နေများ၊ သိက္ခတော်ရ ဆရာတော်များ ပါဝင်သော ၁၅ ဦးပါ စုံစမ်းစစ်ဆေးရေးကော်မတီကို အခင်းဖြစ်ပွားပြီးနောက် KBC က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ အသက် ၂၀ နှစ်အရွယ် မမရန်လုရာနှင့် အသက် ၂၁ နှစ်အရွယ် မတန်ဘောင် ခေါန်နန်စင် တို့သည် ရှမ်းပြည်နယ် မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် နမ်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာတွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်က က အဓမ္မပြုကျင်ခံရကာ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

ဆရာမ နှစ်ဦး အသတ်ခံရမှုအပေါ် အဓိကထား၍ “တရားမှု ရှာဖို့ နှောင့်နှေးခြင်းမှာ တရားမှုကို ငြင်းပယ်ခြင်းပါ”ဟူသော အစီရင်ခံစာကို ဥပဒေအထောက်အကူပြုကွန်ရက်(LAN)နှင့် ကချင်အမျိုးသမီးအစည်းအရုံး(ထိုင်းနိုင်ငံ)- (KWAT) တို့က ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၉ ရက် တစ်နှစ်ပြည့်သောနေ့ ထုတ်ပြန်ချက်တွင်လည်း သံသယရှိသူ ဗိုလ်မှူး အောင်ဖြိုးမြင့်နှင့် အထက်အရာရှိများ၊ ရဲတပ်ဖွဲ့များမှ စုံစမ်းမှုအပေါ် တားဆီးခြင်းများကို အသေးစိတ်ဖော်ပြထားသည်။
==========================

251 /End