၂၁ မေ ၂၀၁၆ - ၁၈:၂၇
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံတွင် စစ်ကိုင်းအလုပ်သမားသပိတ်ကိစ္စ တင်ပြမည်ဟုဆို

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်မည့် (၁၀၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ (ILC) တွင် စစ်ကိုင်းအလုပ်သမားသပိတ်ကိစ္စ တင်ပြသွားမည်ဟု မေ ၂၀ ရက်နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ Eaden Palace Hotel ၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။


အဲဟ်လေ့ဘိုက်(သ) ( အလိုင်ဟေမွတ်စ်စလာမ် ) သတင်းဌာန ၊ အဗ်နာ

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်မည့် (၁၀၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ (ILC) တွင် စစ်ကိုင်းအလုပ်သမားသပိတ်ကိစ္စ တင်ပြသွားမည်ဟု မေ ၂၀ ရက်နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ Eaden Palace Hotel ၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။
 
နှစ်စဉ်ပြုလုပ်နေကျဖြစ်သည့် ယင်းညီလာခံသို့ မြန်မာနိုင်ငံမှ အလုပ်သမား ကိုယ်စားလှယ်အဖြစ် တက်ရောက်မည့် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် CTUM မှဥက္ကဋ္ဌ ဦးမောင်မောင်အား စစ်ကိုင်း အလုပ်သမား သပိတ်စစ်ကြောင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွင်းမှုနှင့် ပတ်သက်သည့်ကိစ္စ (ILC) ညီလာခံတွင် တင်ပြရန် ရှိမရှိ မေးမြန်းရာ “၂၀၁၆ ထဲမှာ အငြင်းပွားမှုဖြစ်နေတာ ခုနစ်ခုရှိတယ်။ စစ်ကိုင်းကဟာက အဲဒီထဲကတစ်ခုဖြစ်တယ်။ ဒါကိုတော့ တင်ပြသွားရမယ်။ ပြီးတော့ဒါက ဆွေးနွေးနေပြီ။ အရင်ကလည်း တောက်လျှောက် ဆွေးနွေးလာတယ်။ အဖြေတော့ မပေါ်သေးဘူး။ အဲဒါကိုတော့ တစ်မိနစ်လောက်တော့ တင်ပြခွင့်ရမယ်။ ဘာလို့လဲဆိုတော့ တစ်နိုင်ငံလုံးစာ ပြောရတာတောင် ငါးမိနစ်လောက်ပဲ ရတာလေ” ဟု ပြောကြားသည်။
 
အဆိုပါ ညီလာခံသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်ခြောက်ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ (ILC) ညီလာခံသို့ တက်ရောက်မည့် ကိုယ်စားလှယ်များမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) မှဥက္ကဋ္ဌဖြစ်သူ ဦးမောင်မောင်က အလုပ်သမားကိုယ်စားလှယ်အဖြစ် လည်းကောင်း၊ (CTUM) မှလက်ထောက် အထွေထွေအတွင်းရေးမှူး မဖြိုးစန္ဒာစိုးနှင့် အမှုဆောင် အဖွဲ့ဝင် မခိုင်ဇာအောင်တို့မှ အလုပ်သမား အကြံပေး ကိုယ်စားလှယ်များအဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ် (MFS) မှ ဦးစံသိန်း၊ ဦးစိုးမင်းအောင်၊ ဒေါက်တာ ရဲအောင်တို့မှ အလုပ်သမား အကြံပေး ကိုယ်စားလှယ်များအဖြစ် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
 
အဆိုပါ ILC ညီလာခံသို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၆ နိုင်ငံမှ အလုပ်သမား၊ အလုပ်ရှင်နှင့် အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ဖြစ်ကြောင်းသိရပြီး ILO ၏ပြဋ္ဌာန်းချက်များ၊ အကြံပြုချက်များ အစရှိသော စံနှုန်းများ ကျင့်သုံးရေးဆိုင်ရာ အစီရင်ခံစာများနှင့် သတင်းအချက်အလက်များ၊ ကမ္ဘာ့ကုန်စည် စီးဆင်းမှု ကွင်းဆက်ရှိ သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်နှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးအတွက် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်နှင့် သဘာဝဘေးအန္တရာယ်များအတွက် ထိရောက်သော အလုပ်အကိုင်နှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ မျှတသော ကမ္ဘာ့သွင်တူ ပြောင်းလဲမှု ဖြစ်စဉ်အတွက် လူမှုရေး တရားမျှတမှုဆိုင်ရာ ILO ကြေညာစာတမ်း၏ အကျိုးသက်ရောက်မှုအပေါ်တွင် သုံးသပ်ဆွေးနွေးခြင်းနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
 
မြန်မာနိုင်ငံမှ ပင်လယ်ရေကြောင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန်အတွက် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ (ILC) ညီလာခံသို့ ပထမဆုံးအကြိမ် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။


=================================

251 / End