အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်နှုန်းမြင့်အင်တာနက် (Broad-band) ၀န်ဆောင်မှုပေးရန် အခြေခံအဆောက်အအုံနှင့် အိုင်စီတီနည်းပညာဖွံ့ဖြိုးတိုးတက်လာပါက နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်လာမည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ပြောကြားသည်။
ဇူလိုင် ၈ ရက်က နေပြည်တော်၌ Myanmar Broadband Forum ခေါင်းစဉ်ဖြင့် မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုအကြောင်း ဆွေးနွေးပွဲကျင်းပခဲ့ရာ ဒုဝန်ကြီးက အဖွင့်အမှာစကားပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘Broadband ၀န်ဆောင်မှု ကျယ်ကျယ်ပြန့်ပြန့်ပေးနိုင်တယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်လူမှုဝန်းကျင်ကိုလည်း အဆင်ပြေပြေ တည်ဆောက်နိုင်မှာဖြစ်ပါတယ်’’ဟု ဒုဝန်ကြီးက အထက်ပါအတိုင်းပြောသည်။
လက်ရှိပြည်တွင်း၌ မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုသည် အရှိန်အဟုန်ဖြင့် တိုးတက်နေသော်လည်း အချက်အလက်ထုတ်လွှင့်နှုန်း (Data Transmission) ဘန်ဝှစ်ကျယ်ပြန့်သည့် Broad-band ၀န်ဆောင်မှုသည် ၁ ရာခိုင်နှုန်းသာရှိနေဆဲဖြစ်၍ ကျေးလက်ဒေသများအထိ ဆက်သွယ်ရေးကဏ္ဍတိုးတက်ရန် နှောင့်နှေးမှုများ ဖြစ်ပေါ်နေကြောင်း အထက်ပါဖိုရမ်တွင် နည်းပညာရှင်များက ထည့်သွင်းဆွေးနွေးသည်။
‘‘ကျွန်တော်တို့ နိုင်ငံရဲ့လက်ရှိမိုဘိုင်းဖုန်းသုံးစွဲမှုအနေအထားက တိုးတက်မှုအရှိဆုံးအခြေအ နေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ် အတွင်း Mobile Penetration (မိုဘိုင်းဝန်ဆောင်မှုဝင်ရောက်လာခြင်း)က ၈၉ ဒသမ ၃၈ ရာခိုင်နှုန်းအထိ တိုးတက်လာတယ်။ ဒါပေ မဲ့စီးပွားရေးအခွင့်အလမ်းကြီးကြီး မားမားဖြစ်ပေါ်ဖို့အတွက် Broa-dband ၀န်ဆောင်မှုတိုးတက်လာဖို့ လိုအပ်ပါတယ်’’ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်းက ပြောသည်။
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် Myanmar Broad-band Forum ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ တရုတ်နိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီ ဟွာဝေးက စီစဉ်ကျင်းပပြီး ယင်းဖိုရမ်သို့ ဒေသတွင်းနိုင်ငံများမှ ဆက်သွယ်ရေး ၀န်ကြီးများ၊ ပညာရှင်များနှင့် ဆက်သွယ်ရေးအော်ပရေတာကိုယ်စားလှယ်စုစုပေါင်း ၂၀၀ဦး ခန့်တက်ရောက်ခဲ့သည်။
အထက်ပါဝန်ကြီးဌာနနှင့် ပူးတွဲစီစဉ်ကျင်းပသည့် ဟွာဝေးကုမ္ပဏီသည် ဖိုရမ်၌ လုံခြုံရေးမြို့တော်၊ ဆက်သွယ်ရေး၊ မီးရထားလုပ်ငန်း၊ Smart Government စသည့် ၎င်းတို့၏ နည်းပညာ ထုတ်ကုန်များကို သီးသန့်ပြခန်းဖြင့် ခင်းကျင်းမိတ်ဆက်ခဲ့သည်။
===================
251 / End