အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံ့အနာဂတ်မှာပညာရေးအပေါ်မူတည်နေသည့်အတွက်ဆရာဆရာများ အပေါ်များစွာမူတည်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆရာအတတ်ပညာကဏ္ဍ နှီးနှောဖလှယ်ပွဲ မိန့်ခွန်းတွင် ထည့်သွင်းပြောကြား သည်။
ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (ဆရာအတတ် ပညာ ကဏ္ဍ)ကို နေပြည်တော်၊ အားကစားရွာတွင် သြဂုတ် ၄ ရက် က စတင်ပြုလုပ်ပြီး ဒေါ်အောင် ဆန်းစုကြည်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘အခုလိုနေ့မျိုးမှာ ဆရာ၊ ဆရာမတွေ တွေ့ရတဲ့အပေါ်မှာ အင်မတန်မှ ၀မ်းသာပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ရဲ့ အနာဂတ်ဟာ ပညာရေးအပေါ် မှာ မူတည်တဲ့အခါကျတော့ ကျွန်မတို့ရဲ့ ဆရာ၊ ဆရာမတွေအပေါ် မှာ အများကြီးမူတည်ပါတယ်။ ဆရာ၊ ဆရာမတွေဆိုပေမယ့် ဆရာမတွေလို့ ပြောရင်ပိုပြီးတော့ မှန်မလား မသိပါဘူး။ ကျွန်မတို့ နိုင်ငံမှာ ဆရာတွေအင်မတန်မှ နည်းနေပါတယ်။ အဲဒါက ကျွန်မတို့အနာဂတ်အတွက် နည်းနည်းစဉ်းစားရမယ့် ကိစ္စတစ်ခုပါ။ ပညာပေးတဲ့နေရာမှာ အမျိုးသား တွေရော၊ အမျိုးသမီးတွေရော အရေးလည်းပါတယ်။ စိတ်ပါဝင် စားတယ်ဆိုတာကို ကျွန်မတို့ပြဖို့ လိုပါတယ်။ ကျွန်မတို့နိုင်ငံမှာ အမျိုးသားဆရာတွေ ပိုပေါ်ထွန်း လာတာကို တွေ့ချင်ပါတယ်’’ဟု ၎င်းကပြောသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က ပညာရေးစနစ်ပြောင်းလဲရာတွင် ဆရာ၊ ဆရာမများ၏ အခက်အခဲကိုထည့်သွင်း တွက်ချက်ရန် လိုကြောင်းကိုလည်း ‘‘ဆရာ၊ ဆရာမတွေရဲ့ အခက်အခဲကို မသိလို့ မဟုတ်ပါဘူး။ ဆရာ၊ဆရာမတွေကလည်း ကိုယ့်ဘဝမှာ ကိုယ်ရပ်တည်ဖို့လိုတဲ့ ပုဂ္ဂိုလ်တွေပါပဲ။ လခများတာ၊နည်းတာ စကားပြောပါတယ်။ ပီတိချည်းပဲစားတယ်ဆိုတာ လက်တွေ့မကျပါဘူး။ ထမင်းလည်း စားဖို့လိုပါတယ်။ ဒီလိုအခက်အခဲတွေကို ပညာရေးစနစ်ပြောင်းလဲမှုမှာ ထည့်ပြီးတော့ တွက်မှ တကယ်ကိုတပည့်ကောင်းတွေကို မွေးထုတ်ပေးတဲ့ ဆရာ၊ ဆရာမကောင်းတွေ မွေးထုတ်ပေးနိုင်မှာဖြစ်ပါတယ်’’ဟု ဆက်လက်ပြောသည်။
အခြေခံပညာတွင် သင်ကြားရေးပိုင်း၌ ဆရာထက် ဆရာမ အင်အား ပိုမိုများပြားနေပြီး မြို့ နယ်ပညာရေးမှူးရာထူး (TEO) တွင် အမျိုးသမီးများထက် အမျိုး သားများ ပိုမိုများပြားနေသည့် အပေါ် ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ခဲ့သည်။
‘‘ဒီစနစ်က ပြုပြင်ဖို့လိုပါ လိမ့်မယ်။ အောက်ခြေကနေ အောက်သက်ကျေတဲ့ ပုဂ္ဂိုလ်များ အထက်ကို တက်တက်လာခြင်း ဟာ ကျွန်မတို့ ပညာရေးစနစ် အတွက် အများကြီး အထောက် အကူဖြစ်တယ်လို့ ယူဆပါတယ်။ ကျွန်မတို့ ဆရာ၊ ဆရာတွေ အသိုင်းအဝိုင်းမှာ ဆရာတွေများလာစေချင်တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဆရာအတတ်ပညာဆိုင်ရာ သင်ကြားရေးဘာသာရပ်များ၊ ပညာရေးလက်တွေ့ ဖွံ့ဖြိုးမှု ဘာ သာရပ်များအတွက် ခေတ်မီသင် ပြနည်းများ၊ ဆရာအတတ်ကျွမ်း ကျင်မှု စံသတ်မှတ်ချက်၊ ဆရာ အတတ်ကဏ္ဍဆိုင်ရာ ကြိုတင် ပြင်ဆင် ဆောင်ရွက်ရမည့် လုပ် ငန်းများနှင့် ဆက်လက်ဆောင် ရွက်ရမည့် လုပ်ငန်းများ ဆွေးနွေး ညှိနှိုင်းရန် ရည်ရွယ်၍ နှီးနှော ဖလှယ်ပွဲ နှစ်ရက်ကြာ ကျင်းပခြင်းဖြစ်သည်။
အဆိုပါ နှီးနှောဖလှယ်ပွဲ တွင် စာတမ်း ကိုးစောင် ဖတ်ကြား တင်သွင်းမည်ဖြစ်ပြီး တက်ရောက်သူများက ဝိုင်းဝန်းဆွေးနွေးမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောသည်။
===================
251 / End