အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲရေးသည် တာဝေး ပြေးပွဲဖြစ်ပါသည်။ တာတိုပြေးပွဲတခု မဟုတ်ပါ။ ယခင်အပတ်က ထုတ်ပြန်ခဲ့သော အစိုးရ၏ စီးပွားရေး မူဝါဒဆိုသည်မှာ ကျယ်ပြောသော စီးပွားရေးဆိုင်ရာ နည်းလမ်းများကို ကြေညာပေးသည့် အခြေအနေတခုသာ ဖြစ်ပါသည်။ ကဏ္ဍခွဲများနှင့် လုပ်ငန်းများအတွက် မူဝါဒဖော်ဆောင်မှု အသေးစိတ်များကို ထုတ်ပြန်ခြင်း မဟုတ်ပါ။
ကြေညာချက်၏ တိုတောင်းမှုကြောင့် အချို့ စိတ်ပျက်ရသည်ကို ကျနော် သိပါသည်။ အလွန်မြင့်မားသည့် မျှော်လင့်ချက်များနှင့် ယခုကဲ့သို့ ကြေညာရန် နှောင့်နှေးနေခဲ့ခြင်း ၂ ခုလုံးက နားလည်ပေးနိုင်စရာ ဖြစ်ပါသည်။ ယခင်အစိုးရလက်ထက် လုပ်ကိုင်ရသည်ထက်စာလျှင် ပိုမိုခက်ခဲဖွယ်ရာရှိသော်လည်း ပထမတခု ဖြစ်သည့် မျှော်လင့်ချက်မြင့်မားနေခြင်းက အစိုးရသစ်အတွက် ဂုဏ်ယူစရာ ဖြစ်ပါသည်။ အစိုးရသစ်က မြန်မာနိုင်ငံ၏ စီးပွားရေး တခုလုံးကို ပြောင်းလဲပစ်မည်ဟု မျှော်လင့်ထားကြသည်။
အစိုးရသစ်ကလည်း ပြောင်းလဲပစ်မည်ဟု ကျနော် အလေးအနက် ယုံကြည်ပါသည်။ သို့သော်လည်း နှစ်ပေါင်း ၅၀ ကျော် စီမံခန့်ခွဲမှု မှားယွင်းခဲ့ခြင်းနှင့် အရေးပါသည့် အခန်းကဏ္ဍများ ဖြစ်ကြသော ဥပဒေ၊ ပိုင်ဆိုင်မှု အခွင့်အရေး နှင့် ငွေကြေး အဖွဲ့အစည်းများအပေါ် ယုံကြည်မှုတို့တွင် အားနည်းယိုယွင်းနေခြင်းများအား ဖြေရှင်းရန်က ရက် ၁၀၀ နှင့် မဖြစ်နိုင်ပါ။ ၃၆၅ ရက် (တနှစ်) နှင့်ပင် မရရှိနိုင်ပါ။ သို့သော်လည်း အစိုးရအပေါ် မျှတစွာ ဝေဖန်ပြောဆိုရမည်ဆိုလျှင် မူဝါဒ အသေးစိတ်ကို ရှင်းပြနိုင်ပါက ပိုကောင်းပါလိမ့်မည်။
နှိုင်းယှဉ်ရလျှင် ဦးသိန်းစိန်၏ အစိုးရအပေါ်တွင်မူ ယခုအစိုးရကဲ့သို့ ယုံကြည်မှုမျိုး မရှိသလောက်နီးပါးပင် ဖြစ်ခဲ့သည်။ ထို့ကြောင့် သူ့လက်ထက် ပြုပြင်ပြောင်းလဲရေး၏ တိုးတက်မှုတိုင်းက စိတ်ကျေနပ်စရာ နီးပါး ဖြစ်ခဲ့သည်။ အထူးသဖြင့် မြန်မာနိုင်ငံသစ်ကို စူးစမ်းထောက်လှမ်းရန် ပထမဆုံးအကြိမ် ရောက်လာခဲ့သည့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများ နှင့် တာဝန်ရှိသူများ အတွက် ဖြစ်သည်။ ထို့ ကြောင့် ယခုအစိုးရထက်စာလျှင် အလွယ်တကူ ဖြစ်ခဲ့သည်။ ဤသည်မှာ မျှော်လင့်ချက်များကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ခဲ့လျှင် မျှော်လင့်ချက်များ ကျဆင်းသွားပြီး နောက်ပိုင်းတွင် မျှော်လင့်ထားသည်ထက် ကျော်လွန်သလို ဖြစ်သွားနိုင်သည်ဟူသော နိုင်ငံရေးမှ ဟောင်းနွမ်းသည့် အမှန်တရားတခု(သို့မဟုတ် ပရိယာယ် တခု)လည်း ဖြစ်ပါသည်။
စီးပွားရေး မူဝါဒ ဖော်ဆောင်ရေး နှောင့်နှေးနေခဲ့ရသည့် အကြောင်းရင်းများထဲမှ တခုမှာ အစိုးရသစ် ရှင်းလင်းရန် ချန်ထားခဲ့သည့် ကြီးမားသည့် အရှုပ်အထွေးများကြောင့် ဖြစ်သည်။ နည်းလမ်းအမျိုးမျိုးမှ ကြည့်လျှင်လည်း ထင်ရှားနေပါသည်။ ပုံမှန် မဟုတ်သည့် အထင်ရှားဆုံး ကိစ္စမှာ ရာထူးစွန့်ခွာရတော့မည့် တာဝန်ရှိသူများက သူတို့၏ နေအိမ်များမှ ထွက်ခွာသည့်အချိန်တွင် အိမ်မှပစ္စည်းများကို ခွာယူသွားကြခြင်း ဖြစ်သည်။ သို့သော်လည်း ဘတ်ဂျက် လိုငွေပြမှုနှင့် ကုန်သွယ်ရေး လိုငွေပြမှုများ၊ မယုံနိုင်လောက်စရာ နည်းပါးနေသည့် နိုင်ငံခြား အရန်ငွေများကိုတော့ ချန်ထားရစ်ခဲ့သည်။ အလွန်ဆိုးရွားသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်များကိုလည်း အစိုးရဟောင်းက သက်တမ်းနောက်ဆုံးနေ့ အထိ ဆက်တိုက်ပြုလုပ်သွားခဲ့သေးသည်။
ထို့ကြောင့် အစိုးရသစ်အနေဖြင့် အခြေအနေမှန်များကို သိရှိနိုင်အောင် ကြိုးစားရင်း မျှော်လင့်ထားသည်ထက် ပို၍ အချိန် များစွာ သုံးစွဲခဲ့ရခြင်းက နားလည်ပေးနိုင်စရာ ဖြစ်သည်။
အစိုးရ၏ ဘဏ္ဍာတိုက်တွင် သုံးစွဲရန် ငွေမည်မျှ ရှိသနည်း။ ပြည်တွင်းနှင့် နိုင်ငံခြားကြွေးမြီက မည်မျှ ရောက်နေသနည်း။ အစိုးရဟောင်းလက်ထက် ပြုလုပ်သွားသည့် သဘောတူညီချက်များ၏ အတိုင်းအတာက မည်မျှအထိ ရှိသနည်း။ ကျနော်တို့ ရှေ့သို့ ဆက်မသွားမီ အဆိုပါ မေးခွန်း များကို ဖြေရှင်းရမည် ဖြစ်သည်။
အထက်ပါ ကိစ္စများက အတိတ်က ကိစ္စများဖြစ်သည်။ အနာဂတ်က မည်သို့ ရှိမည်နည်း။ အကောင်းမြင်စရာအများကြီး ရှိသည်ဟု ကျနော်ထင်ပါသည်။
ဇူလိုင်လ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အချက် ၁၂ ချက်၏ နောက်ကွယ်တွင် မြန်မာ့စီးပွားရေး၏ ကဏ္ဍအားလုံးတွင် ပြင်းပြင်းထန်ထန် အကောင်အထည်ဖော်နေ ဆောင်ရွက်နေခြင်းများ ရှိနေပါသည်။ ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ် အတွင်းတွင် ထိုအချက်ကို ကျနော် မျက်မြင်တွေ့ခဲ့ရပါသည်။ ဥပမာ အနည်းငယ်ပြရမည်ဆိုလျှင် ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးက အမှန်တကယ် အရှိန်မြှင့်နေပြီ ဖြစ်သည်။
ဝန်ကြီးများနှင့် ၀န်ကြီးဌာနများက အခွန်ကောက်ခံမှုနှုန်းများကို ရိုးရှင်းလွယ်ကူစေရန်၊ အသစ်ဖြစ်သော်လည်း မျှတသည့် အခွန်များ ဖြစ်စေရန်၊ ဘတ်ဂျက်နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု ရှိစေရန်၊ နိုင်ငံတကာ စာရင်းအင်း စံချိန်စံညွှန်းများအတိုင်း ဖြစ်စေရန်နှင့် ဦးစားပေးသုံးစွဲမှုကို ပြန်လည်သတ်မှတ်ရန် မူဝါဒများ ချမှတ်ဆောင်ရွက်နေကြသည်။
ဘဏ္ဍာရေး ကဏ္ဍနှင့် ပတ်သက်၍ နိုင်ငံပိုင် ဘဏ်များကို လေ့လာစစ်ဆေးခြင်း၊ ကျေးလက်ဒေသ၏ ဘဏ္ဍာရေးတွင် ရင်းနှီးမှုများ ပြုလုပ်ခြင်း၊ ဘဏ်များနှင့် အသေးစား ငွေချေးလုပ်ငန်းများ၏ ငွေထုတ်ချေးမှုအပေါ် ကန့်သတ်ချက်များ ဖြေလျှော့ပေးခြင်း၊ နိုင်ငံတကာမှ ဘဏ်လုပ်ငန်း စံနှုန်းများကို အသုံးချခြင်း၊ အာမခံလုပ်ငန်းတွင် လုပ်ကိုင်သူ အသစ်များ၊ အာမခံ အမျိုးအစား အသစ်များ ပေါ်ပေါက်လာအောင် ဖြေလျှော့ပေးခြင်းများ ပါဝင်သည့် အစီအစဉ်တခုကို တက်တက် ကြွကြွ ဆောင်ရွက်နေပါသည်။
ယခင်အစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ အခက်အခဲအချို့ကို ချန်ထားခဲ့ပါသည်။ သို့သော်လည်း စွန့်စားရမှုများပြီး ပြန်လည်ရရှိမည့် အကျိုးအမြတ်နည်းပါးသည့် ကမ္ဘာတခုတွင် မြန်မာနိုင်ငံကို တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများအတွက် အရင်ဆုံးစဉ်းစားရမည့် နေရာတခုဖြစ်အောင် ပြုလုပ်ပေးနိုင်မည့် အားထုတ်မှုအသစ်များလည်း မကြာမီ ပေါ် ပေါက်လာတော့မည် ဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါကြောင်း ကျနော်တို့ သိနေသော်လည်း လျှပ်စစ်ဓာတ်အား၊ လမ်း၊ တံတား စသည့် အခြေခံအဆောက်အဦးများ တည်ဆောက်ရေးအတွက် အချိန်ယူရသည်က သဘာဝဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အဦး အနေအထားက အလွန်အားနည်းသည့် အခြေအနေတွင် ရှိသည်။ ရင်းနှီးမြှုပ်နှံမှု ရှိလာသည် နှင့် အမျှ ဆောင်ရွက်မှု အသစ်များကို မကြာမီ ထုတ်ပြန်ပါလိမ့်မည်။
အလားတူပင် ပြုပြင်ပြောင်းလဲရေးအတွက် တည်ထောင်ထားသည့် အဖွဲ့အစည်း (institution) အချို့ကလည်း လည်ပတ်နေကြပြီ ဖြစ်သည်။ ကွဲပြားခြားနားမှုတခု ပြုလုပ်ရန် စတင်နေကြပြီ ဖြစ်သည်။ အဆိုပါ အဖွဲ့အစည်းများထဲတွင် ကျနော် စိတ်အလှုပ်ရှားဆုံးနှင့် အရေးအပါဆုံးဟု ထင်သည်မှာ အမျိုးသား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ကော်မတီ (National Economic Coordination Committee) အသစ်ဖြစ်ပါသည်။
ကုန်သွယ်ရေး ဘက်တွင်လည်း အခွင့်အလမ်းများစွာ စောင့်ဆိုင်းနေသည်။ သို့သော် နိုင်ငံတကာ ပြဿနာများကြောင့် နှောင့်နှေးစရာ အကြောင်း အနည်းငယ်ရှိနေသည်။
ဥပမာ ပြရလျှင် မြန်မာက မပါနိုင်သေးဘဲ ဗီယက်နမ်ကဲ့သို့ တန်းတူနိုင်ငံများက အလွန်အမင်း အားကိုးနေသော ပစိဖိတ်ရပ်ဝန်း ဒေသနိုင်ငံများ ကုန်သွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာချုပ် (Trans Pacific Partnership) ၏ ရှေ့ရေးအလားအလာ မကောင်းခြင်း၊ ပြည်တွင်း အကျိုးစီးပွားကို ကာကွယ်လိုသည့် ၀ါဒနှင့် အမျိုးသားရေးဝါဒ ကမ္ဘာတွင် မြင့်တက်လာခြင်းတို့ကြောင့် ပိုမိုခက်ခဲပြင်းထန်သည့် ပတ်ဝန်းကျင်တခု ဖြစ်လာနေခြင်းတို့ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ မြန်မာသည် ကိုယ်ပိုင် တိုးတက်မှုကို ကိုယ့်ဘာသာကိုယ် ပြုလုပ်နိုင်ခဲ့ပါသည်။ အထူးသဖြင့် ယခင်က မူဝါဒ နှင့် အစီအစဉ် အချို့ကို လက်တွေ့ကျကျ ပြောင်းလဲခဲ့ ခြင်း ဖြစ်သည်။ ကုန်သွယ်ခွန် ကောက်ခံမှုတွင် ပြုပြင်ပြောင်းလဲရေးကို ဘဏ္ဍာရေး စီမံခန့်ခွဲမှုနှင့်အညီ ပြုလုပ်ခဲ့သည်။ သို့သော် ကုန်သွယ်ခွန်များကို ရှင်းလင်းစွာ သတ်မှတ်ခြင်းအားဖြင့် ကုန်သွယ်ရေး ကောင်းမွန်တိုးတက်လာရန် လှုံ့ဆော် အားပေးလိမ့်မည်ကို သတိရှိရမည်။
ထို့ကြောင့် ခြုံငုံ၍ပြောရလျှင် ဇူလိုင်လ ၂၉ ရက်နေ့က ထုတ်ပြန်ချက်သည် ကျနော့် အမြင်အရ ပျားအုံတခုကို အဝေးမှ တချက် လှမ်း ကြည့်သလိုသာ ဖြစ်သည်။ မြင်ကွင်းတွင် မမြင်ရသည့် နေရာများလည်း ရှိကောင်းရှိနေနိုင်ပါသည်။ ပြုပြင်ပြောင်းလဲရေးကို အလောတကြီး ဆောင်ရွက်ရန်ထက် မှန်ကန်စွာဆောင်ရွက်ခြင်းက ပိုမိုကောင်းမွန်ပါသည်။
ယင်းသို့ ဆောင်ရွက်ခြင်းသည် စိတ်လှုပ်ရှားစရာ ဖြစ်ချင်မှဖြစ်ပါလိမ့်မည်။ သို့သော်လည်း အကာင်းဆုံး လမ်းဖြစ်ပါသည်။ ကျနော်တို့ က နိုင်ငံ့စီးပွားရေး၏ ရွေ့လျားမှု တခုလုံး မှန်ကန်သည့် လားရာသို့ ပြောင်းလဲရေးကို ပြောဆိုနေကြခြင်း ဖြစ်သည်။
ထိုသို့ ပြောင်းလဲရေးက ရက်သတ္တပတ် အနည်းငယ်အတွင်း ဖြစ်နိုင်သည့် ကိစ္စတခု မဟုတ်ပါ။ နေပြည်တော်ကို တရက်တည်းဖြင့် တည်ဆောက်၍ ရကောင်း ရပါလိမ့်မည်။ သို့သော် ရောမ မြို့ကိုတော့ ထိုသို့ မရနိုင်ပါ။ ဤအချက်သည်ပင် လက်ရှိ နှင့် အတိတ် ကြားမှ ကွာခြားချက် ဖြစ်ပါသည်။
(Sean Turnell သည် သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်မှ စီးပွားရေးပညာ ပါမောက္ခဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ စီးပွားရေး အကြံပေးတဦးလည်း ဖြစ်ပါသည်။ ၎င်း၏ လူမှုကွန်ရက်အကောင့်တွင် ရေးသားထားချက်ကို ဘာသာပြန်ဆိုသည်။)
===================
251 / End