၅ ဩဂုတ် ၂၀၁၆ - ၁၈:၁၉
တံတားကျိုးပြီး ဘတ်စ်ကား ရေနစ်ခဲ့ရာမှ သေဆုံးသူများ၏ အလောင်းများကို အိန္ဒိယ ရှာဖွေနေ

ဖြတ်ကူးစဉ် တံတားကျိုးကျရာမှ ရေထဲ ဘတ်စ်ကားကျပြီး သေဆုံးခဲ့သူများ၏ အလောင်းများကို စတင်ဆယ်ယူ ရရှိနေပြီဟု အိန္ဒိယ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အိန္ဒိယတွင် ဩဂုတ် ၂ ရက်က မွမ်ဘိုင်းနှင့် ဂိုအာတို့ကြား ရေစီးပြင်းထန်နေသည့် ဆာဗီထရီမြစ်ကို ဖြတ်သန်း တည်ဆောက်ထားသည့် တံတားကျိုးကျရာ ဘတ်စ်ကားနှစ်စီး မြစ်ရေထဲ နစ်မြုပ်သွားခဲ့သည်။ မဟာရှထရာ ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ မတော်တဆမှုတွင် အနည်းဆုံး လူ ၃၈ ဦးမျှ အသက်ဆုံးရှုံးခဲ့သည်ဟု ယုံကြည်ရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဖြတ်ကူးစဉ် တံတားကျိုးကျရာမှ ရေထဲ ဘတ်စ်ကားကျပြီး သေဆုံးခဲ့သူများ၏ အလောင်းများကို စတင်ဆယ်ယူ ရရှိနေပြီဟု အိန္ဒိယ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အိန္ဒိယတွင် ဩဂုတ် ၂ ရက်က မွမ်ဘိုင်းနှင့် ဂိုအာတို့ကြား ရေစီးပြင်းထန်နေသည့် ဆာဗီထရီမြစ်ကို ဖြတ်သန်း တည်ဆောက်ထားသည့် တံတားကျိုးကျရာ ဘတ်စ်ကားနှစ်စီး မြစ်ရေထဲ နစ်မြုပ်သွားခဲ့သည်။ မဟာရှထရာ ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ မတော်တဆမှုတွင် အနည်းဆုံး လူ ၃၈ ဦးမျှ အသက်ဆုံးရှုံးခဲ့သည်ဟု ယုံကြည်ရသည်။

ဩဂုတ် ၅ ရက်တွင်မူ သေဆုံးသူ ၉ ဦး၏ အလောင်းများကို စတင်ဆယ်ယူ ရရှိခဲ့ပြီဟု မဟာရက်ရှ်ထရာ ပြည်နယ် ရဲတပ်ဖွဲ့က ကြေညာသည်။ ယင်းတို့သည် အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၃ ဦးတို့၏ အလောင်းများ ဖြစ်ကြသည်။ ရေစီးထဲ မျောသွားသူများကို ကယ်ဆယ်ရေးဝန်ထမ်း ၁၅၀ ကျော်က ဖြန့်ကျက် ရှာဖွေနေဆဲဟု သိရသည်။

၁၉၄၀ ပြည့်လွန်နှစ်များ ကတည်းက တည်ဆောက်ထားသည့် တံတားသည် မိုးသည်းထန်ပြီး မြစ်ရေလျှံရာမှ ရေတိုက်စားခံရပြီး ပြိုကျသွားခြင်း ဖြစ်နိုင်ကြောင်း ပြည်နယ် အုပ်ချုပ်ရေးဌာန တာဝန်ရှိသူများက ဆိုသည်။ တံတားကျိုးပြီးနောက် မြစ်ရေစီးကြောင်း ပိတ်ဆို့ပြီး ရေဆန်ဘက်သို့ ပြန်လည်၍ ရေစီးခဲ့ရာ အလောင်းအချို့သည် အခင်းဖြစ်ရာ နေရာမှ မြစ်ညာဘက် ကီလိုမီတာ ၁၀၀ မျှ အကွာထိ ရောက်ရှိနေကြောင်း ကယ်ဆယ်ရေး အဖွဲ့များက ပြောကြားခဲ့သည်။

တွေ့ရှိထားသည့် အလောင်းများအနက် တစ်ဦးမှာ ဘတ်စ်ကား တစ်စီး၏ ယာဉ်မောင်းဖြစ်ပြီး ကျန်တစ်ဦးမှာ ယာဉ်အကူဖြစ်ကြောင်း အတည်ပြုထားသည်။ ရေထဲနစ်သွားသည့် ကားများကိုမူ ဆယ်ယူနိုင်ခြင်း မရှိသေးချေ။ အိန္ဒိယတွင် လမ်းနှင့် တံတားများ၏ ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးမှု အလွန်အားနည်းသဖြင့် မလိုလားအပ်သော မတော်တဆမှုများ ပေါ်ပေါက်လေ့ရှိသည်။

မတ်လက ကိုလ်ကတ္တားရှိ ဆောက်လက်စ မိုးပျံတံတားတစ်စင်း ပြိုကျရာ အနည်းဆုံး လူ ၂၀ မျှသေဆုံးပြီး ၁၀၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့သည်။ ၂၀၁၁ ကလည်း အနောက်ဘင်္ဂလားတွင် နိုင်ငံရေး ဟောပြောပွဲတစ်ခု ပြုလုပ်နေစဉ် တံတားပြိုကျရာ လူ ၃၂ ဦးသေဆုံးပြီး ၁၃၀ ကျော် ဒဏ်ရာရခဲ့သည်။
===================
251 / End