၁၂ ဩဂုတ် ၂၀၁၆ - ၁၉:၁၈
ထိုင်းတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားပြီး အနည်းဆုံး ၃ ဦးသေဆုံး

ထိုင်းနိုင်ငံတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားရာ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ကမ္ဘာလှည့်ခရီးသွားများ စည်ကားရာ ဟွာဟင်း၊ ဖူးခက်နှင့် အခြားသော နေရာအချို့တွင် ဩဂုတ် ၁၁ ရက်နှင့် ၁၂ ရက်များက ဗုံးများ ဆက်တိုက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ထိုင်းနိုင်ငံတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားရာ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ကမ္ဘာလှည့်ခရီးသွားများ စည်ကားရာ ဟွာဟင်း၊ ဖူးခက်နှင့် အခြားသော နေရာအချို့တွင် ဩဂုတ် ၁၁ ရက်နှင့် ၁၂ ရက်များက ဗုံးများ ဆက်တိုက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ ပေါက်ကွဲမှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရခဲ့သည်။

ဖူးခက်တွင် ကမ္ဘာလှည့်ခရီးသွားများကြား အထင်ရှားဆုံးနေရာတစ်ခုဖြစ်သည့် ပါတောင်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သလို ဘန်ကောက်မြို့တော်အနီး ဟွာဟင်တွင် ဗုံးနှစ်လုံးတွဲ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့သည်။

ဩဂုတ် ၁၂ ရက်တွင် ဖူးခက်၌ ပေါက်ကွဲမှုနှစ်ကြိမ် အပါအဝင် ထိုင်းနိုင်ငံရှိ နေရာအချို့တွင် ဗုံးခွဲတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ ထိုင်းတွင် မိဖုရားကြီး သီရိခေတ်၏ မွေးနေ့အထိမ်းအမှတ် ပိတ်ရက်အတွက် ပြင်ဆင်နေချိန်တွင် ယခုလို အခြေအနေဆိုးများ ကြုံလာခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့၏ ကြေညာချက်အရ ဩဂုတ် ၁၂ ရက်တွင် ဟွာဟင်၌ ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားပြီး လူတစ်ဦး သေဆုံးကြောင်း၊ ဆူရတ်သာနီတွင် ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားပြီး လူတစ်ဦး သေဆုံးကြောင်း၊ ဖူးခက်တွင် ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ထရန်းတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး လူတစ်ဦး သေဆုံးကြောင်း သိရသည်။ ထို့အပြင် အခြားသော ဗုံးတစ်လုံးကိုလည်း မပေါက်ကွဲမီတွင် တာဝန်ရှိသူများက စနက်တံဖြုတ် ရှင်းလင်းခဲ့ရသည်။

အဆိုပါ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်းကမျှ တာဝန်ယူ ကြေညာမှု မရှိသေးချေ။ ပြည်တွင်း မီဒီယာများက ဩဂုတ် ၁၂ ရက်တွင် ဒေသစံတော်ချိန် မနက် ၈း၀၀ နာရီမှ စတင်၍ နာရီဝက်ခြား တစ်ကြိမ်မျှ ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။

ဩဂုတ် ၁၁ ရက် ညပိုင်းကလည်း ဟွာဟင်တွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့ အနေဖြင့် ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ စုံစမ်းမှုများ ပြုလုပ်နေဆဲဖြစ်ပြီး လက်သည်ကို မခန့်မှန်းနိုင်သေးဟုလည်း ကြေညာထားသည်။
===================
251 / End