အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အင်အားကြီးမားသည့် ထိုးစစ်တစ်ခု မစတင်မီ ဆီးရီးယား မြောက်ပိုင်းရှိ အိုင်အက်စ် စစ်သွေးကြွ ပစ်မှတ်များကို တူရကီစစ်တပ်က လက်နက်ကြီးများဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံ နယ်စပ်အနီး တူရကီဘက်ခြမ်းတွင် တပ်စွဲထားသည့် လက်နက်ကြီး တပ်ဖွဲ့များသည် အိုင်အက်စ် ခြေကုပ်စခန်းများအပြင် တူရကီ၏ ရန်သူတော် ကာ့ဒ်အနွယ် ဝိုင်ပီဂျီ စစ်သွေးကြွများကိုပါ ပစ်ခတ်ခဲ့သည်။ ဩဂုတ် ၂၂ ရက် တိုက်ခိုက်မှုသည် နယ်စပ်မြို့များဖြစ်သည့် ဂျာရာဘလူးစ်နှင့် မန်းဘစ်ဂ်ျတို့ကို အဓိက ရည်ရွယ် ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တည်းတွင် တူရကီက ကျောထောက်နောက်ခံ ပြုထားသည့် ဆီးရီးယား သူပုန်အဖွဲ့ဝင် ၁၅၀၀ မျှသည် ဂါရှန်တပ်မြို့တွင် အခြေစိုက်ကာ မြေပြင်ထိုးစစ် အစပြုရန် အချိန်စောင့်လျက် ရှိသည်။ ပြီးခဲ့သည့် သီတင်းပတ်က တူရကီရှိ မင်္ဂလာပွဲ အခမ်းအနား တစ်ခုကို အိုင်အက်စ်တို့ အသေခံ ဗုံးခွဲတိုက်ခိုက်ရာ လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ရသည့် ဖြစ်စဉ်အပြီး တူရကီ အစိုးရက ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ရန် စီစဉ်နေခြင်း ဖြစ်သည်။
တူရကီ နိုင်ငံခြားရေးဝန်ကြီး မက်ဗ်လတ် ကာဗူဆိုဂလူက တူရကီနှင့် နယ်စပ်အနီး ဆီးရီးယား မြောက်ပိုင်းဒေသမှ အိုင်အက်စ်များကို အလုံးစုံ ရှင်းလင်းသုတ်သင်သွားမည်ဟု ကြေညာသည်။ ဝိုင်ပီဂျီများသည် အိုင်အက်စ်တို့ကို တိုက်ရိုက် တိုက်ခိုက်နေသည့် အင်အားစုများ ဖြစ်သော်လည်း တူရကီက မန်းဘစ်ဂ်ျမြောက်ပိုင်းရှိ ဝိုင်ပီဂျီ အခြေစိုက် စခန်းများကိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
တူရကီ အစိုးရက ဝိုင်ပီဂျီတို့ကို ရန်သူတော် ပီကေကေ သူပုန်အဖွဲ့၏ လက်ဝေခံ အင်အားစု တစ်ခုအဖြစ် ရှုမြင်ပြီး အကြမ်းဖက် အုပ်စုတစ်ခုအဖြစ် စွပ်စွဲထားသည်။ ပီကေကေတို့သည် တူရကီ ပိုင်နက်အတွင်းရှိ ကာ့ဒ်နယ်မြေများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရန် ၁၉၈၀ ပြည့်လွန်နှစ်များကတည်းက လက်နက်စွဲကိုင် တော်လှန်နေခဲ့ခြင်း ဖြစ်သည်။
===================
251 / End