အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
COVID-19 ရောဂါပိုး ရှိ မရှိကို မြန်မြန်ဆန်ဆန်ဖြင့် စမ်းသပ်နိုင်သော Test Kit များကို တောင်ကိုရီးယားနိုင်ငံမှ တစ်သိန်းမှာထားပြီး ရက်ပိုင်းအတွင်း ရောက်ရှိမည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
COVID-19 ရောဂါ ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် ပတ်သက်၍ စက်တင်ဘာ ၂၅ ရက်ညပိုင်းက ပြောကြားသော ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အခုဆိုရင် ကျွန်မတို့ကနေပြီး Antigen Test kit အဖြစ်ပေါ့နော်။ မြန်မြန်ဆန်ဆန်နဲ့ ရောဂါပိုးရှိ မရှိကို စမ်းသပ်နိုင်တဲ့၊ မှန်မှန်ကန်ကန် စမ်းသပ်နိုင်တဲ့ ပစ္စည်းဆေးဝါးတွေကို အခုတောင်ကိုရီးယား နိုင်ငံကနေပြီး နိုင်ငံတော်ကနေ တစ်သိန်းမှာထားပါတယ်။ တောင်ကိုရီးယားနိုင်ငံ အစိုးရကလည်း ဒေါ်လာငါးသိန်းဖိုးလှူမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မတို့ ဒီဟာတွေဟာ ရက်ပိုင်းအတွင်း နိုင်ငံအတွင်းကို ရောက်ပါမယ်။ ခရိုင်နဲ့ မြို့နယ်ဆေးရုံတွေကို ဖြန့်ပေးပါမယ်။ ခရိုင်နဲ့မြို့နယ် ဆေးရုံတွေမှာ ဒီရောဂါပိုးရှိ မရှိကို ထိထိရောက်ရောက် စစ်ဆေးပေးနိုင်မှာပါ။ အဲဒီတော့ ဒီခရိုင်နဲ့ မြို့နယ်ဆေးရုံတွေမှာ ကျွန်မတို့ရဲ့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနဲ့ မြန်မာနိုင်ငံ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့ကနေပြီး ၀ိုင်းဝန်းပြီးတော့ တတ်အားသမျှ ကူညီဖို့လည်း ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်” ဟုနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
ထို့ပြင် တတ်နိုင်သမျှ ရောဂါရှိသည်ကို စောစောစီးစီး တွေ့နိုင်အောင်လုပ်ပါက ပို၍ကုသမှုတွင် ထိရောက်နိုင်ကြောင်း၊ အချို့သည် ရောဂါဖြစ်သည်ဟု ထင်ပါက အိမ်တွင်မိမိဘာသာကုရန် ကြိုးစားသူများ ရှိသည်ကို တွေ့ရကြောင်းနှင့် ဆေးမြီးတိုဖြင့် ကု၍မရသည့်အခါ မှဆေးရုံသို့ သွားသည်မျိုးရှိကြောင်း ၎င်းက ပြောကြားသည်။
ထို့အတူ ရောဂါစမ်းသပ်ရန်အတွက် Fever Clinic များကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ရန် စီစဉ်နေကြောင်း နိုင်ငံ၏ အနာဂတ်အတွက်လည်း သိပ်ပြီးမစိုးရိမ်ရန်နှင့် လက်ရှိသေဆုံးမှုနှုန်းသည် နည်းနည်းမြင့်တက် လာသော်လည်း များစွာမြင့်တက်လာခြင်း မဟုတ်ဘဲ စိုးရိမ်သင့်သလောက် စိုးရိမ်ကာ စိုးရိမ်မလွန်ရန်နှင့် သတိရှိရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
*********************************************
END /251