၁၁ ဒီဇင်ဘာ ၂၀၂၀ - ၁၉:၅၅
အီရန် နဲ့ အာဖဂန်နစ္စတန် အကြား ပထမဆုံး ရထားလမ်း ကွန်ရက် ဖွင့်လှစ်

အီရန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံအကြား ပထမဆုံး မီးရထားပြေးဆွဲမှုဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ဒီဇင်ဘာ ၁၀ ရက်က အီရန်ရဲ့ စိုက်ပျိုးရေးထွက်ကုန် တန်ချိန်ပေါင်းများစွာ တင်ဆောင်လာတဲ့ ရထားတစ်စီးဟာ အာဖဂန်အနောက်ပိုင်း ဟဲရက်ပြည်နယ်ဆီ ခုတ်မောင်းလာခဲ့ပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

အီရန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံအကြား ပထမဆုံး မီးရထားပြေးဆွဲမှုဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ဒီဇင်ဘာ ၁၀ ရက်က အီရန်ရဲ့ စိုက်ပျိုးရေးထွက်ကုန် တန်ချိန်ပေါင်းများစွာ တင်ဆောင်လာတဲ့ ရထားတစ်စီးဟာ အာဖဂန်အနောက်ပိုင်း ဟဲရက်ပြည်နယ်ဆီ ခုတ်မောင်းလာခဲ့ပါတယ်။

ရထားလမ်းဟာ အီရန်က ခါ့ဖ်မြို့ (Khaf) နဲ့ ကီလိုမီတာ ၁၅၀ (၉၅ မိုင်) အကွာမှာရှိတဲ့ အာဖဂန်က ရိုဇာနက် (Rozanak) မြို့တို့ကို ချိတ်ဆက်ထားပြီးဖြစ်ပါတယ်။ နောက်ပိုင်းမှာ အာဖဂန်ရဲ့ တတိယအကြီးဆုံးမြို့ ဟဲရက် (Herat) မြို့အထိ တိုးချဲ့ဖောက်လုပ်သွားဖို့ စီစဉ်ထားပါတယ်။  

ကြာသပတေးနေ့က အပြာရောင်ရထား ပထမဆုံးဆိုက်လာချိန်မှာ ရိုဇာနက်ဒေသခံတွေ အများအပြား လာရောက်ကြည့်ရှုခဲ့ကြပါတယ်။  

ဒီရထားလမ်းဟာ နှစ်နိုင်ငံစလုံးရဲ့ စီးပွားရေးပြန်လည်ရှင်သန်ဖွံ့ဖြိုးရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတဲ့ခြေလှမ်းဖြစ်တယ်လို့ အာဖဂန်သမ္မတ အက်ရှ်ရက် ဂါနီက ဗီဒီယိုလင့်ခ်ကနေ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါတယ်။  

အီရန်သမ္မတ ဟက်ဆန်ရိုဟာနီကလည်း ဒီရထားလမ်းစီမံကိန်းဟာ အာဖဂန်နိုင်ငံအတွက် ဥရောပသွားရာ တံခါးပေါက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။  

အာဖဂန်နစ္စတန် ဟာရက်ပြည်နယ်က ကုန်သွယ်စက်မှုလုပ်ငန်းအကြီးအကဲဖြစ်တဲ့ ယူနစ်ကာဇီဇာဒက်က “ဟဲရက်-ခါ့ဖ်ရထားလမ်းဟာ အီရန်ကနေတစ်ဆင့် တူရကီနဲ့ ဥရောပရထားလမ်းတွေဆီသွားလိုတဲ့ အဆင်ပြေဆုံးလမ်းကြောင်းတွေအနက် တစ်ခုဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဟဲရက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဝါဟစ်ကာတာလီက “ရထားလမ်းက ကျွန်တော်တို့ ပြည်သူတွေအပေါ်  များစွာအကျိုးသက်ရောက်မှာပါ။ ဟဲရက်မှာရှိတဲ့ အလုပ်လက်မဲ့လူငယ် အနည်းဆုံး ၆၀၀ ၀၀၀ လောက်အတွက် ကြီးမားတဲ့မျှော်လင့်ချက်ပါ။ သွင်းကုန်ချည်းလည်း မှီခိုအားထားလို့မဖြစ်ပါဘူး။ ပို့ကုန်အတွက်အခွင့်အလမ်းတွေ တိုးတက်လာတော့မှာပါ” လို့ဆိုပါတယ်။  

ရထားလမ်းအရှည် ၂၂၅ ကီလိုမီတာ (မိုင် ၁၄၀) အထိဖောက်ပြီးသွားပြီဆိုပါက နှစ်စဉ် ကုန်ပစ္စည်းတန်ချိန် ခြောက်သန်းနဲ့ ခရီးသည် တစ်သန်းကို ပို့ဆောင်နိုင်မှာဖြစ်ပြီး အီရန်ကို အလုပ်သွားလုပ်တဲ့လူငယ်တွေအတွက်လည်း ရထားလက်မှတ် အလွယ်တကူဝယ်ပြီး စီးနင်းနိုင်မယ်လို့  တာဝန်ရှိသူတွေက ပြောပါတယ်။  

ဒါ့အပြင် ခါ့ဖ်-ဟဲရက် ရထားလမ်းဟာ နောက်ပိုင်းမှာ အာရှအလယ်ပိုင်းနဲ့ တရုတ်ရထားလမ်းကွန်ရက်တွေကိုလည်း ချိတ်ဆက်သွားမယ်လို့ သိရပါတယ်။ 

******************************************

END / 251