အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အီရန်ကာကွယ်ရေးဝန်ကြီး မဲဟ်ဒါဒ် အက်ခလာကီ ကီတာဘ်ချီ သည် တနင်္ဂနွေနေ့တွင် လူမှုကွန်ရက် X မှတစ်ဆင့် ရေးသားဖော်ပြရာ၌ အီရန်နိုင်ငံသည် ၎င်း၏ စစ်ရေးအသင့်ပြင်ဆင်မှုများကို ပိုမိုအားကောင်းအောင် မြှင့်တင်ရန်နှင့် မည်သည့်နေရာ၊ မည်သည့်ပထဝီဝင်နယ်နိမိတ်အတွင်းမဆို ဖြစ်ပေါ်လာသည့် ခြိမ်းခြောက်မှုအမျိုးမျိုးကို လျင်မြန်ထိရောက်ပြီး အချိုးညီမျှစွာ တုံ့ပြန်သွားရန် သန္နိဋ္ဌာန်ချထားကြောင်း ရေးသားခဲ့ပါတယ်။
ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်တည်ဆောက်မှုနှင့် ထုတ်လုပ်ရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်ခြင်း၊ စက်မှုလုပ်ငန်းနှင့် နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံများကို ပိုမိုခိုင်မာအားကောင်းစေခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့များအတွက် ပံ့ပိုးကူညီရေးစနစ်များကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ခြင်းတို့သည် ဦးစားပေးလုပ်ငန်းများတွင် ပါဝင်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့ပါတယ်။
မည်သည့်ကျူးကျော်တိုက်ခိုက်မှုကိုမဆို ပြင်းပြင်းထန်ထန်နှင့် အချိုးညီမျှစွာ တုံ့ပြန်သွားမည်ဖြစ်ပြီး အီရန်၏ ရန်သူများအနေဖြင့် ထိုတုံ့ပြန်မှု၏ ပုံစံ၊ အချိန်နှင့် ရလဒ်များကို ကြိုတင်ဆုံးဖြတ်နိုင်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
မဲဟ်ဒါဒ် အက်ခလာကီ ကီတာဘ်ချီ က အီရန်နိုင်ငံသည် ရန်သူ၏ ခြိမ်းခြောက်မှုများကို လျစ်လျူရှုမည်မဟုတ်သကဲ့သို့ ဖိအားပေးမှုများရှေ့တွင်လည်း ဦးညွှတ်မည်မဟုတ်ကြောင်းနှင့် မိမိတို့၏ သိပ္ပံနှင့် နည်းပညာဆိုင်ရာ တိုးတက်မှုများကို ကန့်သတ်ရန် မည်သူ့ကိုမျှ ခွင့်ပြုမည်မဟုတ်ကြောင်း ထပ်မံအတည်ပြုပြောကြားခဲ့ပါတယ်။
ထို့ပြင် အီရန်နိုင်ငံ၏ လုံခြုံရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်ရာတွင် မည်သည့်တုံ့ဆိုင်းမှုမျှ ရှိမည်မဟုတ်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment