၁၄ နိုဝင်ဘာ ၂၀၂၆ - ၁၂:၁၃
အီရန် ကာကွယ်ရေး စက်မှုလုပ်ငန်း အတွက် အသက်ပေးလှူခဲ့သည့် ပထမဆုံးအာဇာနည် အမျိုးသမီးသိပ္ပံပညာရှင် မဟ်ဆာ သွာဟေရီ

အီရန်နိုင်ငံ၏ ထူးချွန်ထက်မြက်သော အာဇာနည် အမျိုးသမီးသိပ္ပံပညာရှင် မဟ်ဆာ သွာဟေရီသည် ကာကွယ်ရေးစက်မှုလုပ်ငန်းဆိုင်ရာ အရေးပါသော သုတေသနလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ နိုင်ငံခြားသို့ ပြောင်းရွှေ့နေထိုင်နိုင်မည့် အခွင့်အရေးကိုပင် စွန့်လွှတ်ကာ အမိမြေအတွက် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည့် သူမသည် အမေရိကန်၏ တိုက်ခိုက်မှုအတွင်း အသက်ဆုံးရှုံးခဲ့ရပြီး ယနေ့တွင် အီရန်အမျိုးသမီးငယ်များအတွက် စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဟ်ဆာ သွာဟေရီသည် အီရန်နိုင်ငံ၏ ထူးချွန်ထက်မြက်ပြီး ရဲရင့်သော အမျိုးသမီးငယ်တစ်ဦးဖြစ်ကာ အီရန်ကာကွယ်ရေးစက်မှုလုပ်ငန်းအတွက် အသက်ပေးလှူခဲ့သည့် ပထမဆုံးသော အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။

သူမကို ၁၉၉၃ ခုနှစ် နိုဝင်ဘာလတွင် အီရန်နိုင်ငံ အရက်ခ်မြို့၌ မွေးဖွားခဲ့ပါတယ်။ သူမသည် ဉာဏ်ရည်ထက်မြက်ပြီး ထူးချွန်ထက်မြက်သည့်အပြင် ရည်မှန်းချက်ကြီးမားသူတစ်ဦးဖြစ်ပါတယ်။ သို့သော် သူမ၏ မိသားစုမှာ စီးပွားရေးအရ အဆင်ပြေကြွယ်ဝသော မိသားစုတစ်ခု မဟုတ်ခဲ့ပါ။

သူမသည် ဆေးပညာဘာသာရပ်တွင် တက္ကသိုလ်ဝင်ခွင့်ရရှိခဲ့သော်လည်း အိမ်နှင့်ဝေးကွာသောနေရာ၌ ပညာသင်ယူရန် ကုန်ကျစရိတ်များပြားခြင်းကြောင့် နောက်ထပ်တစ်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ထပ်မံဖြေဆိုရန် ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ဆုံးတွင် အရက်ခ်တက္ကသိုလ်၌ ဓာတုဗေဒဘာသာရပ်ကို ရွေးချယ်ခဲ့ပါတယ်။ ယင်းသည် သူမ၏ဘဝကို အီရန်နိုင်ငံ၏ ကံကြမ္မာနှင့် ချိတ်ဆက်ပေးမည့် ခရီးလမ်း၏ အစပင်ဖြစ်ခဲ့ပါတယ်။

တက္ကသိုလ်၌ ပညာသင်ယူနေစဉ် ကွမ်တမ်ဓာတုဗေဒ (Quantum Chemistry) ပညာရပ်နှင့် စတင်ရင်းနှီးခဲ့ပြီး ထိုပညာရပ်ကြောင့် သူမ၏ သုတေသနလုပ်ငန်းလမ်းကြောင်းလည်း ပြောင်းလဲသွားခဲ့ပါတယ်။ ထို့နောက် ရူပဓာတုဗေဒဘာသာရပ်ဖြင့် ပါရဂူဘွဲ့သင်တန်းသို့ ဝင်ခွင့်ရရှိခဲ့ပါတယ်။

ပညာသင်ကြားမှု မပြီးဆုံးသေးမီမှာပင် သင်ကြားရေးလုပ်ငန်း (ဆရာအဖြစ်) ကိုလည်း စတင်လုပ်ကိုင်ခဲ့ပါတယ်။ နော်ဝေနိုင်ငံမှ ပြောင်းရွှေ့အခြေချရန် ကမ်းလှမ်းမှုတစ်ခုကိုလည်း ရရှိခဲ့ပြီး အစပိုင်းတွင် နိုင်ငံခြားသို့ ထွက်ခွာရန် စဉ်းစားခဲ့သော်လည်း နောက်ဆုံး၌ မဟ်ဆာသည် အီရန်နိုင်ငံ၏ ကာကွယ်ရေးစက်မှုလုပ်ငန်းဆိုင်ရာ သုတေသီများအဖွဲ့သို့ ဝင်ရောက်ပါတယ်။

သူမ၏ အပတ်စဉ်အချိန်အချို့ကို နိုင်ငံတော်အတွက် လျှို့ဝှက်စွာ ဆောင်ရွက်ရသည့် သုတေသနလုပ်ငန်းများတွင် အသုံးပြုခဲ့ပါတယ်။ သူမသည် ဖရေဒွန်း အဘာစ် စီနှင့် ဆက်စပ်သော သုတေသနလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ခဲ့ပြီး အပူဒဏ်ခံနိုင်သည့် ပစ္စည်းများနှင့် အပူကာအလွှာများ၊ ရေဒါမှ ထောက်လှမ်းမတွေ့ရှိနိုင်သော နည်းပညာဆိုင်ရာ သုတေသနများကို ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

သူမ၏ ယုံကြည်ကိုးကွယ်မှုသည် အစဉ်အလာအတိုင်း လိုက်နာခြင်းမျှသာ မဟုတ်ခဲ့ပေ။ အာရှူရာနေ့ နှင့် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ တော်လှန်ရေးအကြောင်းကိုလည်း လေ့လာသုတေသနပြုခဲ့ပြီး မိမိ၏ ယုံကြည်ချက်များကို အသိပညာနှင့် နားလည်မှုအပေါ် အခြေခံ၍ ရွေးချယ်ခဲ့သူဖြစ်ပါတယ်။

အမေရိကန် ၊အစ္စရေး နှင့် ၁၂ ရက်ကြာ စစ်ပွဲဖြစ်ပွားပြီး သူမအလုပ်လုပ်ကိုင်ရာ နေရာကို တိုက်ခိုက်ခံခဲ့ရပြီးနောက် မဟ်ဆာသည် အချိန်အတန်ကြာ အရက်ခ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ သို့သော် နောက်ပိုင်းတွင် တီဟီရန်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

ဖခင်ဖြစ်သူက သူမကို အိမ်သို့ပြန်လာရန် အကြိမ်ကြိမ် တိုက်တွန်းခဲ့သော်လည်း မဟ်ဆာက “ဖေဖေ၊ သမီး ကို ထပ်ပြီး မတိုက်တွန်းပါနဲ့တော့။ အခုအချိန်မှာ တိုင်းပြည်နဲ့ နိုင်ငံတော်ကသမီး ကို လိုအပ်နေပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့ပါတယ်။

သူမသည် မိမိလုပ်ကိုင်နေသည့် အလုပ်၏ အန္တရာယ်များကို ကောင်းစွာသိရှိနားလည်ထားသူဖြစ်ပါတယ်။ သူမ၏ အသံဖိုင်တစ်ခုတွင် မိမိကိုယ်တိုင် အသက်ပေးလှူရနိုင်ကြောင်းကိုပင် ကြိုတင်ပြောဆိုထားခဲ့ပါတယ်။ သူမက မိမိတို့၏ သုတေသနလုပ်ငန်းများ အောင်မြင်ပါက အီရန်နိုင်ငံ၏ ကာကွယ်ရေးစက်မှုလုပ်ငန်းတွင် ကြီးမားသော ပြောင်းလဲတိုးတက်မှုတစ်ရပ် ဖြစ်ပေါ်လာမည်ဟု ပြောဆိုခဲ့ပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ တွင် အကြမ်းဖက် အမေရိကန် ၏ တိုက်ခိုက်မှုများအတွင်း မဟ်ဆာ လုပ်ကိုင်နေသည့် နေရာသည် ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရပါတယ်။ အီရန်နိုင်ငံ၏ လူငယ်သိပ္ပံပညာရှင်တစ်ဦးဖြစ်သည့် သူမသည် အဆောက်အအုံပြိုကျမှုအောက်တွင် ပိတ်မိကျန်ရစ်ခဲ့ပါတယ်။

ရက်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပါတယ်။ နောက်ဆုံးတွင် ဖခင်ဖြစ်သူသည် သမီး၏ ရုပ်အလောင်းကို အတည်ပြုဖော်ထုတ်ရန် တီဟီရန်မြို့သို့ သွားရောက်ခဲ့ပါတယ်။ DNA စစ်ဆေးမှုရလဒ် ထွက်ပေါ်လာသည့်အခါမှသာ ဖခင်ဖြစ်သူ၏ ရင်ထဲတွင် မျှော်လင့်စောင့်စားနေခဲ့ရသော နာကျင်ဖွယ်ရာ အမှန်တရားကို အတည်ပြုခဲ့ရပါတယ်။

ယနေ့တွင် မဟ်ဆာ သွာဟေရီသည် အီရန်နိုင်ငံ၏ မိန်းကလေးငယ်များအတွက် စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့ပြီး မိမိ၏ အသက်ကို နိုင်ငံတော်နှင့် အမိမြေကာကွယ်ရေးအတွက် ပေးဆပ်ခဲ့သော ဂုဏ်ယူဖွယ် အာဇာနည် အမျိုးသမီးတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha