၁၅ နိုဝင်ဘာ ၂၀၂၆ - ၂၃:၅၉
ဆော်ဒီအာရေဗျနိုင်ငံတွင် ရှီအဟ်မွတ်စလင်မ် နိုင်ငံသားနှစ်ဦးကို သေဒဏ်စီရင်

ဆော်ဒီအာရေဗျနိုင်ငံသည် ၂၀၁၁ ခုနှစ်က ကသီးဖ် ဒေသတွင် ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများ၌ ပါဝင်ခဲ့သည့် ဆော်ဒီရှီအဟ်မွတ်စလင်မ် နိုင်ငံသားနှစ်ဦးကို သေဒဏ်စီရင်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ  ဆော်ဒီအာရေဗျနိုင်ငံသည် ၂၀၁၁ ခုနှစ်က ကသီးဖ်ဒေသတွင် ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများ၌ ပါဝင်ခဲ့သည့် ဆော်ဒီရှီအဟ်မွတ်စလင်မ် နိုင်ငံသားနှစ်ဦးကို သေဒဏ်စီရင်ခဲ့ပါတယ်။

ဆော်ဒီအာဏာပိုင်များသည် ယမန်နေ့က နိုင်ငံ၏ အရှေ့ပိုင်းပြည်နယ် ကသီးဖ်ဒေသမှ ရှီအဟ်တက်ကြွလှုပ်ရှားသူနှစ်ဦး၏ သေဒဏ်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။ ၎င်းတို့အနက် တစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့် ဆက်နွှယ်သော လုပ်ငန်းအဖွဲ့တစ်ဖွဲ့က ယခင်ကတည်းက မတရားသဖြင့်၊ ဥပဒေနှင့်မညီဘဲ ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သတ်မှတ်ခဲ့ဖူးပါတယ်။

ဆော်ဒီပြည်ထဲရေးဝန်ကြီးဌာနက “ဖာဇယ်လ် ဘင် ဟစန် ဘင် အဗ္ဗဒွလ္လာ ဆွဖ်ဝါနီ” နှင့် “ဂျဝါဒ် ဘင် အဗ္ဗဒွလ္လာ ဘင် အလီ ကူရိုင်ရီးစ်” တို့အား နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းတစ်ခုတွင် ပါဝင်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မော်တော်ယာဉ်များကို သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ လက်နက်နှင့် ခဲယမ်းမီးကျောက်များ လက်ဝယ်ထားရှိခြင်း၊ အကြမ်းဖက်လုပ်ရပ်များအတွက် ငွေကြေးထောက်ပံ့ခြင်း စသည့် စွပ်စွဲချက်များဖြင့် တာဇီးရ် အမျိုးအစား သေဒဏ်ချမှတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဆော်ဒီပြည်ထဲရေးဝန်ကြီးဌာနက ဆက်လက်၍ တရားလွှတ်တော်ချုပ်၏ အတည်ပြုချက်ရရှိပြီးနောက် သေဒဏ်အကောင်အထည်ဖော်ရန် တော်ဝင်အမိန့်တော် ထုတ်ပြန်ခဲ့သဖြင့် အဆိုပါစီရင်ချက်များသည် အပြီးသတ်ဖြစ်သွားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ရှီအဟ်တက်ကြွလှုပ်ရှားသူနှစ်ဦးစလုံးသည် ၂၀၁၁ ခုနှစ်က ကသီးဖ်ဒေသတွင် ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများ၌ ပါဝင်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရပြီး သေဒဏ်ချမှတ်ခံခဲ့ရသူများဖြစ်ပါတယ်။

ဆွဖ်ဝါနီ၏အမည်သည် ၂၀၁၂ ခုနှစ်တွင် ဆော်ဒီအာဏာပိုင်များက အလိုရှိသူများအဖြစ် ကြေညာခဲ့သည့် လူ ၂၃ ဦးစာရင်းတွင် ပါဝင်ခဲ့ပြီး နောက်ဆုံးတွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်ပိုင်း၌ ဖမ်းဆီးခံခဲ့ရပါတယ်။ 

“လူ့အခွင့်အရေးအဖွဲ့ မနာ လီဟိုကူလ် အင်ဆာန်” (MENA Rights Group) ၏ မှတ်တမ်းများအရ ကူရိုင်ရီးစ်သည်လည်း ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်များအတွင်း ဆန္ဒပြပွဲများနှင့် စျာပန အခမ်းအနားများတွင် ပါဝင်ခဲ့သူဖြစ်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့အစည်းများသည် ကူရိုင်ရီးစ်အပေါ် ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ခြင်း၊ တစ်ဦးတည်း သီးခြားချုပ်နှောင်ထားခြင်းနှင့် ဖိအားပေးခြင်း၊ အတင်းအကျပ်ပြုခြင်းတို့မှတစ်ဆင့် ဝန်ခံချက်များ ရယူခဲ့ခြင်းတို့ကိုလည်း မှတ်တမ်းတင်ထားခဲ့ပါတယ်။

မှတ်သားဖွယ်ရာအနေဖြင့် ယင်းမတိုင်မီက ဥရောပ-ဆော်ဒီလူ့အခွင့်အရေးအဖွဲ့က ၂၀၂၄ ခုနှစ် နှောင်းပိုင်းတွင် ဆော်ဒီတရားလွှတ်တော်ချုပ်သည် ဆွဖ်ဝါနီနှင့် ကူရိုင်ရီးစ်တို့အပါအဝင် ဆန္ဒပြသူအများအပြား၏ သေဒဏ်စီရင်ချက်များကို ပယ်ဖျက်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

သို့သော် အမှုများကို ပြန်လည်စစ်ဆေးပြီးနောက် ၎င်းတို့နှစ်ဦးကို သေဒဏ်ပြန်လည်ချမှတ်ခဲ့ပါတယ်။ တစ်ချိန်တည်းတွင် လူ့အခွင့်အရေးအဖွဲ့အစည်းများက တရားစီရင်ရေးလုပ်ငန်းစဉ်သည် တရားမျှတမှုရှိမရှိနှင့် ပွင့်လင်းမြင်သာမှုရှိမရှိအပေါ် ကန့်ကွက်မေးခွန်းထုတ်ခဲ့ကြပါတယ်။

လူ့အခွင့်အရေးအဖွဲ့အစည်းများ စုဆောင်းထားသည့် အချက်အလက်များနှင့် တရားဝင်စာရင်းအင်းများအပေါ် အခြေခံ၍ ပြုစုထားသော အချက်အလက်များအရ ယခုခရစ်နှစ်အစပိုင်းမှ ယနေ့အထိ ဆော်ဒီအာရေဗျနိုင်ငံတွင် သေဒဏ်အကောင်အထည်ဖော်ခဲ့သည့် အရေအတွက်သည် အနည်းဆုံး ၂၀၉ မှုအထိ ရှိလာပြီဖြစ်ပါတယ်။

 ဥရောပ-ဆော်ဒီလူ့အခွင့်အရေးအဖွဲ့၏ မှတ်တမ်းများအရ ယခုလ နိုဝင်ဘာ ၇ ရက်အထိ သေဒဏ်အကောင်အထည်ဖော်မှု ၂၀၄ မှုကို မှတ်တမ်းတင်ထားခဲ့ပါတယ်။

ထို့အပြင် ဆော်ဒီအာဏာပိုင်များသည် နိုဝင်ဘာ ၁၁ ရက်၊ ၁၂ ရက်နှင့် ၁၄ ရက်တို့တွင်လည်း နောက်ထပ် သေဒဏ်ငါးမှုကို အကောင်အထည်ဖော်ခဲ့ကြောင်း အသိပေးကြေညာထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha